ရခိုင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်ကို မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိလိုပါက အစွန်းရောက်ပြောဆိုမှုများ မပြုလုပ်ရန်လိုကြောင်း တပ်မတော်က ပြောသည်။
နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ဇူလိုင် ၂၂ ရက်နေ့က လစဉ် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်း မှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်အမတ်များက ရခိုင်ပြည်နယ်အတွက် အမှန်တကယ် စိုးရိမ်ပါက ငြိမ်းချမ်းရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုကြောင်း၊ အမတ်များ၏ ပြောဆိုချက်များကို မစွပ်စွဲလိုသော်လည်း ၎င်းတို့၏ ပြောဆိုချက်များသည် တည်ငြိမ်အေးချမ်းမှုကို အထောက် အကူ ဖြစ်စေသလားဆိုသည်ကို သုံးသပ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ကိုပြောတာ မဟုတ်ဘူး။ မီဒီယာတွေနဲ့ပြော တာရှိတယ်။ ဝေဖန်တာတွေလည်းရှိတယ်။ တကယ်အကျိုး လိုချင် လို့ပြောတဲ့ ဟာလည်းရှိတယ်။ တချို့ပြောဆိုချက်တွေကလည်း အစွန်းရောက်တယ်။ မည်သည့် ကိစ္စမှာမဆို အစွန်းရောက်တဲ့ ပြောဆို ချက်တွေဟာ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများမှာ မြေစာပင် ဖြစ်နေရပြီး စစ်ဘေးရှောင် ဒုက္ခသည် ၅ သောင်းနီးပါး ရှိလာသည်။ အဆိုပါပဋိပက္ခများကြောင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ် မှုများလည်း ရှိနေသည်။
တပ်မတော်တာဝန်ရှိသူများပြောဆိုသည့် ရခိုင်အမတ်များ အစွန်းရောက်သည်ဆိုသည့် ကိစ္စကို သဘောမတူကြောင်း ပြည်သူလူထုဘက် မှ ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဧရာဝတီသို့ပြောသည်။
ဒေါ်ခင်စောဝေ က “သူတို့တွေက တခါမှလည်း မြေပြင် အခြေနေကို ဆင်းလာတာလည်း မရှိဘူး။ အန်တီတို့က အစွန်းရောက်တာ မဟုတ်ဘူး။ မြေပြင်မှာ ခံစားနေရတဲ့ ပြည်သူတွေဘက်က လိုက်တာပါ” ဟု ဆက်ပြောသည်။
ရခိုင်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များမှာ ဥပဒေကို လိုက်နာသည့် အတွက် လွှတ်တော်အတွင်းမှာ ဥပဒေဘောင်အတွင်းက ဥပ ဒေပြုရေးကို လုပ်နေသည့် သူများဖြစ်ကြောင်း၊ ရောက်ရှိနေသည့် ကိုယ်စားလှယ်များသည်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
NLD ပါတီ၊ ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း က “တိုင်းပြည်အကျိုးအတွက် အားလုံးလုပ်နေတဲ့ နေရာမှာ တယောက်နဲ့ တယောက် မေတ္တာ၊ စေတနာထားပြီး၊ အတိုက်အခိုက်တွေ မဟုတ်ဘဲနဲ့ ၊ တဦးပေါ်တဦး အပြန်အလှန်နား လည် မှုမျိုးနဲ့ ဆောင်ရွက်စေချင်ပါတယ်” ဟု ပြောသည်။
ဒေါ်ခင်စောဝေ က တပ်မတော်၏ လုပ်ဆောင်ချက်များမှာ ရခိုင်တိုင်းရင်းသားများကို အစွန်းရောက်အောင် တွန်းပို့နေသည်ဟု ခံစားရ ကြောင်း၊ ရခိုင်အမတ်များက မြေပြင်ကို ဆင်းသည့် အခါတွင် ရခိုင်ပြည်သူများ၏ စိတ်ခံစားချက်ကို ပိုပြီးသိရှိကြောင်း၊ အစိုးရ အပေါ် တွင်လည်း အမြင်မကြည်မှုများ ပိုများလာသည်ကိုတွေ့ရကြောင်း ပြောသည်။
ထို့အတူ ရခိုင်အမတ်များ၏ ပြောဆိုမှုများမှာ အစွန်းရောက်သည်ဟု ထင်မြင်နေသည်ဆိုပါက တပ်မတော်ဘက်မှ ရခိုင်ဒေသရှိမြေပြင်ကို ကိုယ် တိုင်ဆင်း၍ ပြည်သူများနှင့် တွေ့ပါက ရခိုင်ပြည်နယ်မှ အမတ်များ ပြောဆိုမှုကို အစိုးရအနေဖြင့် နားလည်မည် ဖြစ်သည်ဟု ဆိုသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်လာပါက တပ်မတော်၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကိုလမ်းဖွင့် ထားပေးကြောင်း၊ တပ်မတော်ဘက်မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ကြောင်း၊ ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ရန်အတွက် အားလုံးက ဝိုင်းဝန်းတိုက်တွန်းပေးမည် ဆိုပါက ရခိုင် ပြည်နယ် လိုချင်နေသည့် တည်ငြိမ်အေးချမ်း ရေးဆိုသည်မှာ ပိုပြီးနီးလာနိုင်မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆို ထားသည်။
ထို့ပြင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံညှိနှိုင်းနိုင်ရေးမှာ တွေ့ဆုံမည့် နေရာ ညှိနှိုင်း၍ မရသေးသဖြင့် ယနေ့အချိန်ထိ တရားဝင် တွေ့ဆုံနိုင်ခြင်း မရှိသေးသလို တိုက်ပွဲများမှာလည်း ရခိုင်မြောက်ပိုင်းတွင် ဆက်တိုက် ဖြစ်နေဆဲ ဖြစ်သည်။
You may also like these stories:
AA အတွေးအခေါ်ပြောင်းမှ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်ဟု တပ်မတော် ပြော
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ကျောက်တော် ပစ်ခတ်မှု၌ သေဆုံးသူမှာ တပ်မတော်ကို မိုင်းဆွဲတိုက်သူဟုဆို