အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရထံတွင် စက်မှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးခင်မောင်ချိုကို သမ္မတက ရာထူး တာဝန်မှ အနားပေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စက်မှုဝန်ကြီးဌာနတွင် တပ်ဆင် ထုတ်လုပ်သည့် လူနာတင်ယာဉ်များအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရာတွင် ဈေးနှုန်း ကွာဟမှုများ ရှိနေခြင်း၊ မြန်မာ့ ဆေးဝါး ထုတ်လုပ်ရေး BPI စက်ရုံအတွက် ကုန်ကြမ်း ပစ္စည်းများ ဝယ်ယူရာတွင် တင်ဒါ မခေါ်ခြင်း တို့အတွက် တာဝန်ရှိသဖြင့် ယခုလို အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြုပ်နံှမှုနှင့် စက်မှု ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း “ဝန်ကြီးကို မနေ့က သမ္မတ ခေါ်ပြောလိုက်ပြီ။ ဒီနေ့ ကက်ဘိနက် (အစိုးရ အဖွဲ့ အစည်းအဝေး) ရှိတယ်။ ပြီးရင်တော့ နောက်ရက်လောက်မှာ အော်ဒါထွက်လာလိမ့်မယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ဆေးဝါးထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို တင်ဒေါ်မခေါ်ယူဘဲ ဝယ်ယူခဲ့သည့် တန်ဖိုးမှာ ကျပ်သိန်း ၁ သောင်းကျော် အထိ ရှိသဖြင့် ယင်းဌာနမှ အစိုးရ အရာရှိတချို့လည်း အရေးယူခံရဦးမည်ဟု သိရသည်။
စက်မှု ဝန်ကြီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆေးဝါးထုတ်လုပ်မှုမှ ငွေကျပ် သန်းပေါင်း ၄၉၀၀၀ ခန့် ရရှိသည်အထိ ထုတ်လုပ်ရန် လျာထားကြောင်း အစိုးရ ၃ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတချို့က ပြောဆိုထားသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာန၏ လူနာတင်ယာဉ် ထုတ်လုပ်မှုမှာလည်း ပြည်ပမှ ဝယ်ယူတင်သွင်းပါက ပြည်တွင်းထုတ်လုပ်မှုထက် ပို၍ ကုန်ကျစရိတ် သက်သာနေသည်ဟု ၂၀၁၈ ခုနှစ်အတွင်းက ဝေဖန်မှုများ ရှိခဲ့ဖူးသည်။
စက်မှု ဝန်ကြီးဌာန၏ တပ်ဆင်ထုတ်လုပ်သည့် လူနာတင်ယာဉ်များသည် ကျပ်သိန်း ၇၄၀ ခန့် ကျသင့်ပြီး အနည်းဆုံး ၅၅ စီးကို ၂၀၁၈ ခုနှစ်ကတည်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အစိုးရ အဆက်ဆက်က အရှုံးပေါ်ခဲ့သည့် နိုင်ငံပိုင် လုပ်ငန်းများထဲတွင်လည်း စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများလည်း ပါဝင်ရာ ယင်းအရှုံးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ ကျပ်သိန်းပေါင်း သန်းနှင့်ချီ စိုက်ထုတ် သုံးစွဲနေရသဖြင့် ယင်းလုပ်ငန်းများကို ပြန်လည် စိစစ်ရန် NLD အစိုးရလက်ထက်တွင် ယာယီ ရပ်ဆိုင်းထားသည်။
လက်ရှိ စက်မှု ဝန်ကြီးနေရာသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဒုတိယ ဝန်ကြီး ဦးကျော်မျိုး ဖြစ်လာလိမ့်မည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆက်စပ်ဖတ်ရှုရန်
အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားပြီဟု အာဏာရ ပါတီ ပြော
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်