အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအား စုံစမ်းစစ်ဆေး ရန် ပါတီတာဝန်မှ ယာယီ ရပ်ဆိုင်းထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဒေါက်တာ မျိုးညွန့်က “ဦးမျိုးရန်နောင်သိမ်းနဲ့ ပတ်သက်ပြီး တိုင်စာတစောင် ရောက်လာပါတယ်။ ဒါကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ဖွဲ့လိုက်ပါတယ်။ ပါတီစည်းကမ်းအရ စုံစမ်း စစ်ဆေးဆဲကာလမှာ တာဝန်ကနေ ယာယီရပ်နားထားတာပါ။ အရေးယူ ထားတာ မဟုတ်သေးပါဘူး” ဟု ဧရာဝတီကို ပြောဆိုသည်။
တိုင်ကြားခံရမှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်းနှင့် အလုပ်များပျက်သည့် အတွက် စုံစမ်းစစ်ဆေးမှုများအား အမြန် ပြီးပြတ်စေချင်ကြောင်း ဦးမျိုးရန်နောင်သိမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောကြားထားသည်။
ဦးမျိုးရန်နောင်သိမ်းက “ဘာအမှားမှ မလုပ်ထားဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သေချာတယ်” ဟုလည်း ဆိုထားသည်။
ထို့ပြင် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦး ဖြစ်သူ ဦးအောင်စိုးမှာလည်း ပါတီထံသို့ နုတ်ထွက်စာတင်ထားပြီး ၎င်း၏ နုတ်ထွက်စာ အပေါ် ကိုင်တွယ် ဆောင်ရွက်ရန် ပါတီ ဒုတိယဥက္ကဋ္ဌ -၂ ဒေါက်တာဇော်မြင့်မောင်ထံ လမ်းညွှန်ချက်တောင်း ခံထားကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသည်။
ဒေါက်တာ မျိုးညွန့်က “နုတ်ထွက်စာကို မနေ့က လက်ခံရရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒု ဥက္ကဋ္ဌ ၂ ထံက လမ်းညွန်ချက်ရ လာတဲ့အခါ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။
NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအောင်စိုးသည် တနင်္သာရီတိုင်း ဒေသကြီး NLD ပါတီဥက္ကဋ္ဌလည်း ဖြစ်ပြီး ငြိမ်းချမ်း ရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
အဆိုပါ နုတ်ထွက်စာတင်မှုနှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ပြောစရာ မရှိကြောင်းသာ ဦးအောင်စိုးက ပြန်လည် ဖြေကြားခဲ့သည်။
You may also like these stories:
စက်မှုဝန်ကြီး ဦးခင်မောင်ချို တာဝန်မှ အနားပေးခံရ
ရခိုင်အမတ်များ၏ ပြောဆိုချက်များ အစွန်းရောက်ဟု တပ်မတော်ပြော
သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့မှု တရားခံ အစစ် ဖော်ထုတ်ရန်လို ဟုဆို
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်