ဟောင်ကောင် အစိုးရတောင်းဆိုလျှင် ဆန္ဒပြမှုများ ထိန်းသိမ်းရန် တရုတ်တပ်များ ဖြန့်ထားနိုင်ကြောင်း ဘေဂျင်းက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ဟောင်ကောင်မြို့ရှိ တရုတ် ပြည်မကြီး အစိုးရ ဆက်ဆံရေးရုံးကို အဝိုင်းခံရသည့်အပေါ် သည်းမခံတော့သည့် အနေအထားဖြင့် ဘေဂျင်းက ယင်းသို့ ပြောကြားလာခြင်း ဖြစ်သည်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wu Qian က အင်္ဂါနေ့ အစိုးရမီဒီယာ သတင်းများကို ထပ်လောင်း ပြောကြားခဲ့ရာ ဟောင်ကောင်၏ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ကန့်ကွက်သည့် လူထု ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ ဟောင်ကောင်ရှိ ဗဟိုအစိုးရ ဆက်ဆံရေး ရုံး ဖျက်ဆီးခံရခြင်းသည် “တနိုင်ငံ စနစ်နှစ်မျိုး” အခြေခံ စည်းမျဉ်းအပေါ် စိန်ခေါ်မှုဖြစ်ကြောင်း ဆိုသည်။
“ဟောင်ကောင်က ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ အနီးကပ် ကိုင်တွယ်နေပါတယ်။ အထူးသဖြင့် ဇူလိုင်လ ၂၁ ရက်က ဗဟိုအစိုးရ ဆက်ဆံရေးရုံးကို အစွန်းရောက်သမားတွေက အကြမ်းဖက် တိုက်ခိုက်တဲ့ ကိစ္စပါ” ဟု Wu က ဗုဒ္ဓဟူးနေ့ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အစွန်းရောက် ဆန္ဒပြသူတွေရဲ့ အပြုအမူတချို့ဟာ ဗဟိုအစိုးရရဲ့ အခွင့်အာဏာနဲ့ “တနိုင်ငံ၊ စနစ်နှစ်မျိုး” အခြေခံစည်းမျဉ်းကို စိန်ခေါ်နေပါတယ်။ ဒါဟာ သည်းမခံနိုင်တဲ့ ကိစ္စပါ” ဟု သူက ဆိုသည်။
PLA တပ်ဖွဲ့များကို ကာကွယ်ရေး ဝန်ကြီးဌာနက တရားဥပဒေအရ မည်သို့ ပို့ဆောင်နိုင်ပါသနည်းဟု မေးမြန်းရာတွင် Wu က “မြို့တော် ကာကွယ်ရေး ဥပဒေပုဒ်မ ၁၄ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်” ဟုသာ ဖြေကြားခဲ့ပြီး အသေးစိတ် ရှင်းလင်းခဲ့ခြင်း မရှိပေ။
ယင်းပုဒ်မတွင် ဟောင်ကောင်အတွက် သီးခြား ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “ဟောင်ကောင် အစိုးရသည် အများပြည်သူဆိုင်ရာ အမိန့်နှင့် သဘာဝဘေး ကယ်ဆယ်ရေး ထိန်းသိမ်းနိုင်ရန် မြို့တော်စောင့် တပ်ဖွဲ့အနေဖြင့် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) ထံမှ အကူအညီ ရရှိရေးအတွက် ဗဟိုအစိုးရထံ တောင်းခံနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဟောင်ကောင် အစိုးရ၏ မည်သည့် တောင်းဆိုချက်ကိုမဆို လက်ခံပါက ဟောင်ကောင် မြို့တော်စောင့် တပ်ဖွဲ့အနေဖြင့် စေလွှတ်၍ တာဝန် ထမ်းဆောင်ပြီးနောက် ၎င်းတို့ မူလစခန်းချရာသို့ ချက်ချင်း ပြန်လာရမည် ဖြစ်သည်။
ယင်းတပ်ဖွဲ့များသည် မြို့တော်စောင့်တပ်၏ အမြင့်ဆုံးတပ်မှူး (သို့မဟုတ်) ၎င်းတို့ အခွင့်အာဏာ ပေးအပ်သော အရာရှိ၏ ကွပ်ကဲမှုအောက်တွင် ရှိလိမ့်မည်ဖြစ်ပြီး ဟောင်ကောင်အစိုးရက လိုအပ်၍ ချမှတ်ပေးအပ်သော အစီအစဉ်များအတိုင်း ထမ်းဆောင်ရမည်ဟု ဆိုသည်။
တချိန်တည်းမှာပင် ဟောင်ကောင် အခြေခံဥပဒေ ပုဒ်မ ၁၄ တွင် “ဗဟိုပြည်သူ့အစိုးရ၏ စေလွှတ်ချက်ကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသတွင် စခန်းချသော တပ်ဖွဲ့သည် ဒေသဆိုင်ရာ ရေးရာများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသအစိုးရက လိုအပ်လာသည့်အခါ အများပြည်သူဆိုင်ရာ အမိန့်နှင့် သဘာဝဘေး ကယ်ဆယ်ရေးအတွက် မြို့တော်စောင့် တပ်ဖွဲ့အတွက် ဗဟိုပြည်သူ့အစိုးရထံ အထောက်အပံ့ တောင်းခံနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
တရုတ် ကာကွယ်ရေးဌာန ပြောခွင့်ရသူ၏ မှတ်ချက်များသည် မှတ်သားစရာ ကောင်းကြောင်း၊ အကြောင်းမှာ ယင်း မှတ်ချက်များသည် တရုတ် ကွန်မြူနစ် အာဏာပိုင်များ နှစ်ရှည်လများ ရပ်တည်ချက်နှင့် မသိမသာ ခြားနားနေကြောင်း၊ ၎င်းတို့ ရပ်တည်ချက်သည် PLA မှ ဟောင်ကောင်သို့ စေလွှတ်သည့် တပ်သည် ဟောင်ကောင် ပြည်တွင်းရေး စွက်ဖက်ခြင်း မပြုရေး ဖြစ်ကြောင်း ဝါရင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူ Johnny Lau Yui-siu က သုံးသပ်ပြသည်။
“PLA ရဲ့ ဟောင်ကောင် မြို့စောင့်တပ်က မြို့အတွင်းရေးတွေကို ဝင်မစွက်ဖက်ရဘူး ဆိုတာကို တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း ထည့်မပြောခဲ့ဘူး။ အဲဒီလို ပြောမယ့်အစား သူ့ဝန်ကြီးဌာနအနေနဲ့ ဟောင်ကောင် အခြေအနေ ဖြစ်ပေါ်တိုးတက်မှုကို အနီးကပ် လေ့လာ ဆောင်ရွက် နေပါတယ်လို့ပဲ ပြောခဲ့တာပါ” ဟု Lau က မှတ်ချက်ချသည်။
“ကျနော် အဓိပ္ပာယ် ကောက်ကြည့်တာကတော့ PLA ဟာ ဟောင်ကောင် အခြေအနေကို စောင့်ကြည့် လေ့လာ နေတုန်းပဲဗျ။ PLA ရဲ့ ဟောင်ကောင်မြို့စောင့်တပ်က ရေမျက်နှာပြင် အမှတ်ရောက်ဖို့ ဖြည်းဖြည်းချင်း မျှောလိုက်နေတဲ့ ရေငုပ်သင်္ဘော တစင်းလိုပါပဲ” ဟု သူက ဆိုသည်။
“ဟောင်ကောင် အရေးကိစ္စကို နိုင်ငံခြားနဲ့ ပြင်ပအင်အားစုတွေ ဝင်စွက်ဖက်လာမှာကို ဘေဂျင်းက စိုးရိမ်ပါတယ်။ ဥပဒေအရ တထောင့် တနေရာကနေ ဟောင်ကောင်မှာ PLA ရပ်တည်နိုင်တယ် ဆိုတာကို ထုတ်ပြောတာပါ” ဟု သူက ဆက်ပြောသည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအနေဖြင့် ဗဟိုအစိုးရ ဆက်ဆံရေးရုံးနှင့် PLA မြို့စောင့်တပ် အသုံးအဆောင်များ တိုက်ခိုက် ဖျက်ဆီးခြင်းမှ ရှောင်ရှားသင့်ကြောင်း Lau က ပြောကြားခဲ့သည်။
ဘေဂျင်း၏ အသံ တဖြည်းဖြည်း မာလာသည်ကို အသိအမှတ်ပြုကြောင်း၊ ယင်းအတွက် စိုးရိမ်နေမိကြောင်း ဒီမိုကရေစီအရေး ထောက်ခံသည့် Civic ပါတီခေါင်းဆောင် Alvin Yeung Ngok-kiu က ပြောကြားခဲ့သည်။
ဟောင်ကောင် ပြည်သူများအနေဖြင့် မြို့တော်အစိုးရအပေါ် အယုံအကြည် ကင်းမဲ့နေသော်လည်း PLA အာဏာလွှဲယူရေး ၎င်းတို့ လိုလားနေသည့် အဓိပ္ပာယ် မဟုတ်ကြောင်း သူက ပြောကြားခဲ့သည်။
တနင်္လာနေ့က ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး Wang Zhimin က ဆန္ဒပြသူများ၏ လုပ်ရပ်များကို ပြစ်တင် ဝေဖန်ခဲ့သည်။
“သူတို့ဟာ ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးရေး အသက်ဝင်နေတာကို ဖျက်ဆီးခဲ့ကြတယ်။ အဲဒီအတွက် ၇ သန်းသော ဟောင်ကောင်သားတွေ အပါအဝင် တရုတ်ပြည်သူ အားလုံး ထိခိုက် နာကျင်ခဲ့ရပါတယ်” ဟု Wang က ပြောသည်။
ကိုးကား ။ ။ South China Morning Post
ဆက်စပ်ဖတ်ရှုရန်
စီးပွားတက်ပြီးရင်း တက်နေသည့် ဘင်္ဂလားဒေ့ရှ်