မန္တလေးတိုင်းဒေသကြီး မလှိုင်၊ နွားထိုးကြီး၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ် အတွင်းတည်ရှိသော ဇီးတောဆည်အတွင်း ယမန်နေ့က ဖြစ်ပွားသည့် စက်လှေတိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူ ၁၄ဦးမှ ၁၃ဦး၏ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိထားပြီး၊ တဦးကိုမူ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး က အတည်ပြုပြောကြားသည်။
“နောက်ဆုံး အခြေအနေကတော့ စက်လှေမောင်းအပါအဝင် ၂၄ဦးမှာ ၁၀ယောက်ပဲ အသက်ရှင်ပါတယ်၊ အလောင်း ပြန်တွေ့တာက ဒီနေ့ မနက်ပိုင်းအထိ ၁၃လောင်း ရှာတွေ့ထားပါတယ်၊ ကျန်တဲ့တယောက်ကိုတော့ ရှာနေဆဲပါပဲ၊ စက်လှေမောင်းသမားက အသက်ရှင်ပါတယ်”ဟု နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ကျော်မိုး က အတည်ပြုပြောကြားသည်။
အဆိုပါစက်လှေသည် ဇီးတောဆည်အတွင်းရှိ သစ္စာရေလယ်ကျောင်းတိုက်သို့ ကောင်းမူကုသိုလ်ပြုလုပ်ရန်အတွက် မြစ်သားမြို့နယ်၊ ဟောင်းနွဲ့ကျေးရွာမှ သွားရောက်ကြခြင်းဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က စက်လှေ တိမ်းမှောက်ခဲ့ခြင်းဟု နွားထိုးကြီးမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“ဝန်မနိုင်လို့ မှောက်တာလို့ သုံးသပ်ထားပါတယ်၊ သတင်းရတာနဲ့ ချက်ချင်းပဲ အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ပါတယ်၊ လက်ရှိ အချိန်အထိလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲပါ” ဟု နွားထိုးကြီးမြို့နယ် မီးသတ်ဦးစီးမှူးက ပြောသည်။
စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် (၁၀)ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ သော်လည်း အမျိုး သား (၄)ဦးနှင့် အမျိုးသမီး(၉)ဦး သေဆုံးခဲ့ပြီး အမျိုးသား(၁)ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
“မနေ့က မိုးကျလာလို့ စက်လှေပေါ် ပါလာတဲ့ အမျိုးသမီးတစ်ယောက်က ထီးဖွင့်လိုက်တဲ့ အချိန် လှေက လူးသွား တယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာ တချို့က ကြောက်လန့်တကြားနဲ့ ရေထဲ ခုန်ချကြတာလို့ သိရတယ်၊ အခုသေဆုံး သူတွေက ကြောက်ပြီး ခုန်ချတဲ့သူတွေ များပါတယ်၊ လှေကိုကိုင်ထားတဲ့သူတွေကတော့အသက်ရှင်တဲ့ သဘောရှိ ပါတယ်”ဟု ဇီးတောဆည် အနီးရှိ ဆားတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။
ဇီးတောဆည်အတွင်း စက်လှေတိမ်းမှောက်မူနှင့်ပတ်သက်၍အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း အလောင်း(၁၃)လောင်း ဆယ်ယူရရှိထားပြီး သေဆုံးသူ(၁၃)ဦးတွင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီ(၉)ဦး ဖြစ်ကာ တဦးကျန်ရှိနေသဖြင့် လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း သိရုသည်။
“မနေ့က ညနေပိုင်း အထိကို ပျောက်ဆုံးနေတဲ့ ၁၄ယောက်ထဲကနေ ၁၃လောင်း ရှာဖွေတွေ့ရှိထားပါပြီ၊ တယောက် ကျန်နေပါသေးတယ်၊ ဒီနေ့မနက် ၈နာရီကျော်လောက် ကတည်းကနေ လူ ၄၀ကျော် လှေ၁၀စီးနဲ့ ဆက်လက်ရှာ ဖွေနေဆဲပါပဲ၊ ကျနော်တို့က ဖြစ်စဉ်စတကည်းက ကူညီကယ်ဆယ်ရေးတွေကိုပဲ ဦးစားပေးလုပ်ဆောင် နေပါတယ်” ဟု ဇီးတောဆည်အနီးရှိ ဆားတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။
ဇီးတောဆည်မှာမလှိုင်၊ နွားထိုးကြီး၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်အစပ်တွင် တည်ရှိပြီး မလှိုင်မြို့နယ်မှ ထိန်ချုပ်မှုကို လုပ်ဆောင်နေ၍ အမှုဖွင့်အရေးယူမှုကိုလည်း မလှိုင်မြို့နယ်မှ လုပ်ဆောင်မည်ဟု သိရသည်။
“ဆည်ကို ထိန်းချုပ်တာက မလှိုင်ကနေ ထိန်းချုပ်တာပါ၊ အခင်းဖြစ်တာကလည်း မလှိုင်နယ်နယ်မြေထဲမှာပါ၊ ကျနော်ရဲ့ နွားထိုးကြီးနယ်ထဲက ရွာနဲ့ ဖြစ်စဉ်ဖြစ်တာနဲ့က နီးလို့ မီးသတ်တွေနဲ့ ရပ်ရွာက သွားရောက်ပြီးကူညီပေးတာမျိုးပဲ ရှိပါ တယ်၊ အမှု့ဖွင့်အရေးယူတာကိုတော့ မလှိုင်ဘက်ကနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး က ဆက်လက်ပြောကြားသည်။
ယခုအခါ အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မလှိုင်မြို့နယ်၊ နှောကန်နယ်မြေရဲစခန်းတွင် စက်လှေမောင်သူ မောင်ကျော်ဝင်းနိုင် အား (ပ)၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀၊၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
“အမှုဖွင့်ပြီး ထားပါပြီ၊ စက်လှေမောင်းတဲ့သူကို အရေးယူသွားမှာပါ၊ စက်လှေမောင်းတဲ့သူက ကလေးပဲရှိပါသေးတယ်၊ အသက်က ၁၇ကျော်ကျော်လေးပဲရှိပါသေးတယ်၊ မနေ့က ကေလေးက ကြောက်ပြီး ရှောင်သွားလို့ အခုတော့ ပြန်လာ ဖို့ ခေါ်ထားပါတယ်၊ လာလည်း လာနေပါပြီ”ဟု မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်အေးမင်းက ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန်
မင်းတုန်းချောင်း အတွင်း စက်လှေ တိမ်းမှောက်၊ ကျောင်းသူတချို့ ပျောက်ဆုံးနေ