ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုအောင်ခန့်ကို အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အဖြစ် ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လ၌ ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အတွက် ပါတီ စည်းမျဉ်းစည်းကမ်း အရ မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း က “ထုတ်ပယ်တယ် ဆိုတာက သူက စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေ ဝင်ခွင့် မရတဲ့ အချိန်က လျှောက်တာ။ နောက်မှ အဲဒါက ပေါ်လာတော့ သူက မမျှော် လင့်ဘဲနဲ့ NLD ကို ပြိုင်ပြီး ဝင်တဲ့သဘော သက်ရောက်သွားလို့ သူ့ကို ထုတ်လိုက်ရတာ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “တကယ်တော့ သူက အဲဒီလို ကျူးလွန်တာ မဟုတ်ဘူး။ သူလျှောက်တဲ့ အချိန်တုန်းက အဲဒီ ဥပဒေ က မရှိဘူး။ ဥပဒေက နောက်မှဖြစ်လာတော့ သူလုပ်တဲ့ လုပ်ရပ်က အဲဒီထဲ အကျူံးဝင်သလို ဖြစ်သွားတယ်။ ဒါကိုလည်း သူက ရိုးရိုးသားသား လာပြီး ပြောဆိုတယ်။ သူ့ရဲ့ ပါတီဝင် ဖြစ်ခွင့်လေးကိုတော့ အသိအမှတ်ပြုပေးပါလို့ လာတောင်း ဆိုတယ်။ အဲဒါကို CEC က စဉ်းစားပြီးတော့ ခွင့်ပြုလိုက်တာ” ဟု ဧရာဝတီကို ပြောဆိုသည်။
အသက် ၂၆ နှစ်အရွယ် ကိုအောင်ခန့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၂၀၁၁ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့ သူ ဖြစ်သည်။
ကိုအောင်ခန့်က “တင်ပြလွှာတခု တင်လိုက်တာပေါ့။ သူများတွေကတော့ သိသိကြီးနဲ့ ပါတီကို လွန်ဆန်တာတွေ ရှိရင်ရှိမှာ ပေါ့၊ ကျနော်ကတော့ သိသိကြီးနဲ့ လုပ်တာမှ မဟုတ်တာ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “နောက်ပြီး ဦးအောင်ခိုင် (ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ) ပြောထားသလိုပဲ။ ဒါဟာနိုင်ငံရေး ရွေး ကောက်ပွဲ မဟုတ်ဘူး။ ကျနော်အနေနဲ့ တသီးပုဂ္ဂလ အစောကြီး လျှောက်လိုက်တာပေါ့ ဒါပါပဲ။ ကျနော့်အနေနဲ့ ထွေထွေ ထူးထူး ရန်ဖြစ်ထားတာ မရှိဘူး၊ မတည့်တာမျိုး မရှိဘူး” ဟု ဆိုသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်က ပြုလုပ်ခဲ့ပြီး ကိုအောင်ခန့်သည် မဲဆန္ဒနယ်မြေ ၃ တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
မဲဆန္ဒနယ်မြေ ၃ တွင် NLD ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဦးစိုးလွင်ကို ရန်ကုန်မြို့တော်၏ ဒု မြို့တော်ဝန် အဖြစ် ဧပြီ ၈ ရက်က ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲမှ မြို့တော် ဗဟိုကော်မတီဝင် ၆ ဦး အပါအဝင် ကော် မတီဝင် စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
“စနစ်အသစ် တခုကို ပြောင်းချင်တယ် ဆိုရင်တော့ လူသစ် လိုမယ်”