မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေကို အမေရိကန် လုပ်ငန်းရှင်များက စောင့်ကြည့်နေကြ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီ တာဝန်ခံ မစ္စတာ ဂျော့ချ် ဆစ်ဘလီက ဧရာဝတီကို ပြောသည်။
၎င်းက“မြန်မာက အခုမှ ဒီမိုကရေစီ အသွင်ကူးပြောင်းစပဲ ရှိတယ်။ လူတွေရဲ့ရင်ထဲမှာ ဒီအသွင် ကူးပြောင်းရေးက ဘယ်ဘက်ကို ဆက်သွားမှာလဲ ဆိုတဲ့ မေးခွန်းတခု အမြဲ ရှိနေတယ်။ အမေရိကန်လုပ်ငန်းရှင်တွေကလည်း ဒါကို သတိ ထား စောင့်ကြည့်နေတာမျိုး ရှိတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ဆက်ပြီးတော့ သွားမယ်လို့ ခန့်မှန်းတွေ့ရှိရင် အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများကြီး တိုးလာနိုင်ပါတယ်”ဟု ဆိုသည်။
မစ္စတာ ဂျော့ချ်ဆစ်ဘလီ အပါအဝင် US Commercial Service အဖွဲ့မှ တာဝန်ရှိသူများက မန္တလေးတိုင်း ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ဇူလိုင်၂၂ ရက်က စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက် ၍ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေများ သာမက ဈေးကွက် အခြေအနေ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် ပွင့်လင်းမြင်သာမှု ရှိ မရှိတို့ကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော အမေရိကန် လုပ်ငန်းရှင် များက မေးမြန်းကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံကြီးတခု ဖြစ်သလို လူဦးရေများပြားခြင်း၊ လူလတ်တန်းစား အလွှာများခြင်းတို့ကြောင့် အမေရိ ကန် စီးပွားရေး လုပ်ငန်းရှင်တို့အတွက် ဈေးကွက် ဆွဲဆောင်မှုဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် နှစ် နိုင်ငံ အစိုးရက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု မစ္စတာ ဂျော့ချ် ဆစ်ဘလီက ဆိုသည်။
ထို့အတွက် အမေရိကန် အစိုးရဘက်ကလည်း ၎င်း၏ နိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း များနှင့် ပတ်သက်ပြီး တိုက်တွန်း ပြောကြားမည် ဖြစ်သလို မြန်မာအစိုးရ အနေဖြင့်လည်း နိုင်ငံတကာ လုပ်ငန်းရှင်များ အတွက် စီးပွားရေး လုပ်သာကိုင်သာ ရှိသော ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်မည်ဟု ၎င်းက ပြောဆို သည်။
“အပြောင်းအလဲတွေ လုပ်တဲ့အခါမှာ တရက်တည်း၊ တလတည်းနဲ့ လုပ်မရပေမယ့် ငါးနှစ်၊ ဆယ်နှစ်လောက် တစိုက် မတ်မတ် လုပ်သွားမယ်ဆိုရင် အင်မတန်ကြီးတဲ့ အခွင့်အလမ်းကောင်းတွေ ရလာမှာ ဖြစ်ပါတယ်”ဟု မစ္စတာ ဂျော့ချ် ဆစ်ဘလီက ပြောသည်။
ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အခြေအနေ (Ease of Doing Business Ranking) အစီရင်ခံစာတွင် ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ အဆင့်သည် နိုင်ငံပေါင်း ၁၉၀ အနက် ၁၇၁ တွင် ရှိသည်။
ထိုအဆင့်သတ်မှတ်ချက် အရ စီးပွားရေး လုပ်သာကိုင်သာ ရှိသော ဝန်းကျင်တခု ဖန်တီးရန် မြန်မာအစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်ကို ပြသခြင်း ဖြစ်သည်ဟု မစ္စတာ ဂျော့ချ် ဆစ်ဘလီက ဆို သည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက“မြန်မာက လယ်ယာ စိုက်ပျိုးရေး အခြေခံတဲ့ နိုင်ငံဖြစ်တော့ အဲဒါနဲ့ ပတ်သက်တဲ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရင် နှစ်ဖက် ပိုအကျိုးရှိနိုင် သလို ငွေကြေးအရ ဒါမှမဟုတ် နည်းပညာအရ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စေချင်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များ များဝင်မှ နိုင်ငံက ပိုဖွံ့ဖြိုးလာမှာ”ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ဒေါ်လာ ၄၃၃ သန်းကျော်ရှိကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ဝ.၅ ရာခိုင်နှုန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထား သော စာရင်းဇယားများ အရ သိရသည်။
You may also like these stories:
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို AA ကြိုဆို
UK က Myanmar Net ကုမ္ပဏီတွင် ဒေါ်လာသန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံ
မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ
ကားမူဝါဒ အပြောင်းအလဲကြောင့် သွင်းကုန်တင်သွင်းမှု လျော့ကျလာ ဟုဆို
မြန်မာ့စီးပွားရေး အလားအလာ အပြည့်အ၀ အကောင်အထည် ပေါ်လာမည်လော