ရန်ကုန် မီဒီယာဂရု(ပ်) လီမီတက်က ထုတ်ဝေနေသော ၁၅ နှစ် သက်တမ်းရှိ ရန်ကုန်တိုင်းမ် ဂျာနယ်သည် ၂၀၁၉ ခုနှစ် ဇူလိုင် လ ၂၅ ရက်က အတွဲ(၁၅)၊ အမှတ်(၂၉)ကို နောက်ဆုံး ထုတ်ဝေခဲ့ပြီး ခေတ္တရပ်နားမည်ဟု အသိပေး ကြေညာသည်။
အဆိုပါ ကြေညာစာထဲတွင် ရန်ကုန်တိုင်းမ် ဂျာနယ်ကို အတွဲ(၁)၊ အမှတ်(၁)မှသည် အတွဲ(၁၅)၊ အမှတ်(၂၉) အထိ ထုတ် ဝေဖြန့်ချိခဲ့ပြီး ယခုအခါ ပုံနှိပ် မီဒီယာ လောက၏ ယိုယွင်းကျဆင်းလာမှုနှင့်တကွ အကြောင်းကြောင်းကြောင့် ဂျာနယ်ကို လာမည့် သြဂုတ်လ ၁ ရက်မှစ၍ ခေတ္တရပ်နားမည် ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်မှ အယ်ဒီတာချုပ် ဦးနွယ်ဦးလှိုင်က“ဝမ်းနည်းစရာပေါ့။ ခေတ်ရဲ့အရွေ့တခုမှာ ပုံနှိပ်မီဒီယာက ကျ ဆုံး တယ်လို့တော့ မပြောချင်ဘူးပေါ့။ အခြေအနေတွေ ယိုယွင်းလာတဲ့ သဘောပေါ့။ ဒါက ကျနော်တို့ တိုင်းပြည်တခုတည်း မဟုတ်ဘူး။ ကမ္ဘာမှာ ပုံနှိပ်မီဒီယာ အကုန်လုံး သူတို့ တဖြည်းဖြည်းနဲ့ အနုတ်လက္ခဏာဘက်ကို ရောက်လာတာပေါ့နော်။ အဲဒါကလည်း ခေတ်ကာလ အခြေအနေအရပေါ့။ သူရဲ့သဘောတရားအရ တချိန်ချိန်မှာ ပုံနှိပ်မီဒီယာက ခေါင်းမော့လာဦး မယ်လို့ ယုံကြည်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်ကို ခေတ္တရပ်နားထားမည် ဖြစ်သော်လည်း Facebook Page နှင့် အွန်လိုင်း ဝက်ဘ်ဆိုက်များကိုမူ ဆက်လက် လုပ်ငန်း လည်ပတ် နေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (MPC)မှ တွဲဖက် အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က ပုံနှိပ်မီဒီယာများ ရပ်နားမှု ဖြစ်လာ ရခြင်းသည် ဂျာနယ်စောင်ရေ ရောင်းအား ကျလာခြင်းနှင့် ကြော်ငြာထည့်ဝင်မှုများ မရှိသလောက် ဖြစ်လာခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“ဂျာနယ်တွေ နားကြတာက စောင်ရေအားဖြင့် ရောင်းအား ကျလာတာလည်း အဓိကပြဿနာပေါ့၊ ဒုတိယအနေနဲ့ ကတော့ ကြော်ငြာတွေက ပရင့်မှာ သိပ်မကြော်ငြာတော့ဘူး။ တခြားသော ပလက်ဖောင်းတွေကို ပြောင်းကြတာ။ သူက စောင်ရေ ရောင်းတဲ့ဆီက ပိုက်ဆံရရင်ရ၊ မရရင် ကြော်ငြာကနေ ရရမှာကိုး။ အဲဒီနှစ်ခုစလုံးက အကျဘက်ကို အကြောင်း ဆုံသွား တာ” ဟု ၎င်းက ပြောဆိုသည်။
ဆက်လက်ပြီး ဦးမြင့်ကျော်က“စောင်ရေ ရောင်းအား ကျတာကတော့ ဆိုရှယ် မီဒီယာ-အွန်းလိုင်း မီဒီယာကြောင့်၊ ဆိုရှယ် မီဒီယာတွေမှာ အခမဲ့ သတင်း အချက်အလက်တွေ ရနိုင်တဲ့ အတွက်ကြောင့် စောင်ရေ ရောင်းအားကျတာပေါ့။ ဒုတိယ အနေနဲ့ ကြော်ငြာတွေ ကျတာက တခုတည်း ပြောလို့မရဘူး ဆိုရှယ်မီဒီယာမှာ၊ မိုဘိုင်းဖုန်းတွေမှာ သွားသုံးတာတွေ ရှိ တယ်။ တခြား နည်းလမ်းတွေမှာလည်း သုံးနေတာ ရှိတာကို။ ပုဂ္ဂလိက ဂျာနယ်တွေက အဲဒီ ၂ ချက် အဓိက သွားကျ တာကို”ဟုလည်း ပြောသည်။
လက်ရှိတွင် ၂၀၁၈ ခုနှစ်က ပြည်သူ့အရေး ဂျာနယ် ရပ်နားသွားခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လမှ ဧပြီလအတွင်း မြန်မာပို့စ် ဂျာနယ် ရပ်နားသွားခဲ့သလို ဇူလိုင်လထဲ၌ ရန်ကုန်တိုင်းမ်ဂျာနယ် ရပ်နားခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (MPC) က သိရသည်။
ထို့ကြောင့် ပုံနှိပ်မီဒီယာများ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေး အတွက် အစိုးရအနေဖြင့် ကြော်ငြာ ထည့်ဝင်မှုများကို ကူညီဆောင်ရွက်ပေးသင့်သလို အစိုးရ အသုံးမပြုသည့် အစိုးရပိုင် နေရာများကို ဈေးနှုန်း သက်သာစွာဖြင့် ငှားရမ်းပေး သင့်ကြောင်း၊ စက္ကူများနှင့် ပုံနှိပ်ခများတွင်လည်း ဈေးနှုန်း သက်သာစွာဖြင့် လုပ်ကိုင်နိုင်ရန် ဆောင်ရွက် ပေးသင့်ကြောင်း မီဒီယာသမားများက ပြောဆိုကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပေ။
ဦးမြင့်ကျော်က ပုံနှိပ် မီဒီယာများ ရပ်နားနေခြင်းနှင့် အတူ ရုပ်သံသတင်း ဌာနနှင့် အွန်လိုင်း မီဒီယာများတွင် နိုင်ငံရေး အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ အသုံးချလာမှုများ ရှိနေခြင်းကြောင့် မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးမှုများ ဖြစ်လာနိုင်ကြောင်း ဆိုသည်။
“နောက်တခုက TV တို့၊ အွန်းလိုင်းလို မီဒီယာတွေမှာ ဘယ်သူတွေက ထောက်ပံ့ပေးနေလဲ ဆိုတာ တိတိပပကြီးတော့ ပြောလို့မရသေးဘူး။ သို့သော်လည်း စောစောက ပြောတဲ့ ကြော်ငြာတို့၊ ရောင်းတာတို့ မရှိတဲ့အခါကျတော့ တခြားသော နိုင်ငံရေးတို့၊ ဘာတို့က မီဒီယာကို အသုံးချမယ့် လူတွေက မီဒီယာထောင်ဖို့အတွက် ပိုက်ဆံ ထောက်ပံ့တာမျိုးတွေရှိတယ်။ အဲဒါက တကယ်တမ်းကျတော့ မကောင်းတဲ့ လမ်းကြောင်းကို ဦးတည်စေတယ်လို့ ပြောရမယ်။ မကောင်းတဲ့ အကျိုး ဆက် တွေ ဖြစ်စေနိုင်တယ်၊ မီဒီယာ လွတ်လပ်ခွင့်ကို သွားထိပါးနိုင်တယ်”ဟု ၎င်းက ပြောပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ဝေနေသော နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင် ရှိကြောင်း (ပြန်ကြားရေးက ၂၅ စောင်ဟု ဆိုထား၊ ပြင်ပ ပုံနှိပ် မီဒီယာတွေ အပါအဝင်) ဂျာနယ် ၁၇၀၊ မဂ္ဂဇင်း ၁၂၀၊ သတင်း အေဂျင်စီ ၁၉၃ ခု စသဖြင့် ရှိကြောင်း MPC က ဆိုသည်။
နေ့စဉ်ထုတ် ၁၆ စောင်တွင် ပုဂ္ဂလိကထုတ် ၇ စောင်၊ အစိုးရထုတ် ၃ စောင်၊ တပ်မတော်ထုတ် ၂ စောင်၊ ရန်ကုန် စည်ပင် ၂ စောင်၊ မန္တလေးစည်ပင် ၂ စောင် စသဖြင့် အသီးသီး ထုတ်ဝေလျက် ရှိကြသည်ဟုလည်း MPC တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောသည်။
You may also like these stories:
မီဒီယာ ပြုပြင်ပြောင်းလဲရေး သမင်လည်ပြန်
နှစ်ကာလများကို သတင်းမီဒီယာ ဖြတ်သန်းခြင်း