ဧရာဝတီမြစ်အတွင်းသို့ ပလတ်စတစ်အမှိုက် ၁၁၉ တန်ကို နေ့စဉ်စွန့်ပစ်နေကြကြောင်း ပလတ်စတစ်ညစ်ညမ်းမှု သုတေသနပြလုပ်ခဲ့ကြသည့် FFI နှင့် သန့်မြန်မာအဖွဲ့တို့က ပူးတွဲထုတ်ပြန်လိုက်သည်။
အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI) နှင့် သန့်မြန်မာအဖွဲ့တို့ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဧရာဝတီမြစ်အတွင်း ဒေသအလိုက် အပိုင်း ၇ ပိုင်းခွဲ ကာ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
FFI အဖွဲ့မှ Community waste management expert မမေသက်ထွေးက “အမှိုက်စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်မယ်ဆို တလ ဒေါ်လာသန်း ၂၀ လောက်သုံးမှရလိမ့်မယ်၊ အဲ့ဒီလို သုံးပြီးလုပ်မှာထက် တဦးချင်းကို အမှိုက် ခွဲခြား စွန့်ပစ်တဲ့စနစ်တွေ အသိပညာပေးပြီး လုပ်ဖို့လိုအပ်ပါတယ်၊ ဥပဒေ၊ မူဝါဒတွေချပြီးတော့ အမှိုက်ခွဲခြား စွန့် ပစ်တဲ့ စနစ်ကို လုပ်ဆောင်ဖို့ လိုနေပါတယ်”ဟု ပြောသည်။
ဧရာဝတီမြစ်အတွင်း ပလတ်စတစ် ညစ်ညမ်းမှု သုတေသနကို စစ်ကိုင်းတိုင်းအထက်ပိုင်းဇုန်၊ မန္တလေးဇုန် ချင်းတွင်းဇုန်၊ အပူပိုင်းဇုန်၊ မကွေးဇုန်၊ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တို့တွင် အပိုင်းလိုက် လေ့လာမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိ ရသည်။
၎င်းတို့ သုတေသနပြုချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြစ်အတွင်းသို့ နေ့စဉ် ပလတ်စတစ်အမှိုက် ၃၂ တန်စွန့်ပစ်ကာ ညစ်ညမ်းမှုအများဆုံးဖြစ်ပြီး ရန်ကုန်မြစ်သည် နေ့စဉ် ပလပ်စတစ်အမှိုက် ၂၉ တန်စွန့်ပစ် ကာ ဒုတိယညစ်ညမ်းမှုအများဆုံးဖြစ်နေကြောင်း တွေ့ရသည်။
သီးခြားလေ့လာဆန်းစစ်မှုများအရလည်း မြန်မာ့ကမ်းရိုးတန်းဒေသတွင် တစ်စတုရန်း ကီလိုမီတာလျှင် ပလတ်စ တစ် အမှိုက် အမှုန်အမွှားပေါင်း ၂၈၀၀၀ ကျော် ပျံ့နှံ့ညစ်ညမ်းနေသည်ကို တွေ့ရကြောင်းလည်း FFI နှင့် သန့်မြန်မာတို့၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
သုတေသနပြုချက်များနှင့်ပတ်သက်ပြီး ဇူလိုင် ၉ ရက်နေ့ကလည်း နေပြည်တော်တွင် သယံဇာတနှင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန့်မြန်မာအဖွဲ့မှ သုတေသန ပညာရှင် Friedor Jeske က “ ဖြေရှင်းဖို့ဆိုတာ ကျွနု်ပ်တို့အားလုံးအပေါ် မူတည် ပါတယ်၊ မူဝါဒချမှတ်သူများ၊ ထုတ်လုပ်သူများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အတူတကွ မြန်မာနိုင်ငံအတွက် မှန်ကန်သော နည်းလမ်းများကိုရှာဖွေဖို့၊ ယင်းနည်းလမ်းများကို အရေးတယူဆောင်ရွက်ကြမယ်ဆိုရင် ပလတ်စ တစ် ညစ်ညမ်းမှု ပိုမိုမဆိုးရွားခင် အချိန်မှီ ရပ်တန့်နိုင်မှာ သေချာပါတယ်”ဟု ဆွေးနွေးပွဲတွင် ပြောခဲ့သည်။
ပလတ်စတစ် ညစ်ညမ်းမှုပြဿနာ လျော့ချရေးနှင့်ပတ်သက်၍ အမှိုက်စီမံခန့်ခွဲမှု မူဝါဒချမှတ်ရမည့်အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်းများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်းနှင့် တခါသုံး ပလပ်စတစ်များအစား ပြန်လည် သုံးစွဲနိုင်သည့် ပလတ်စတစ်အသုံးအဆောင်များဖြင့် အစားထိုးသုံးစွဲရန်လည်း အသိပညာပေးမှုများ လုပ် ဆောင်ရန် FFI နှင့် သန့်မြန်မာတို့က တိုက်တွန်းထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး လက်ရှိတွင် “အကောင်းဆုံးသော စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု အစီအစဉ်” မူဝါဒတရပ် ရေးဆွဲလျှက်ရှိကြောင်း သိရသည်။
You may also like these stories:
စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု တားမြစ်မူဝါဒများ ပြောင်းလဲမည်
ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ အနုပညာရှင်များ ပါဝင်မည်
စွန့်ပစ်ပစ္စည်း ပြန်အသုံးပြု လက်မှုပညာ သင်ကြားပေးရန် စီစဉ်