တူမတော်စပ်သည့် အသက် ၁၀ နှစ်အရွယ် တတိယတန်း ကျောင်းသူ မိန်းကလေးငယ်ကို ဝါးရင်းတုတ်ဖြင့် ရိုက်နှက်၍ ရေနှစ် သတ်ဖြတ်ကာ ရွှေနားဆွဲ လုယက်မှု ကျူးလွန်ခဲ့သူ ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ်မှ အသက် ၁၉ နှစ် အရွယ် လူငယ်ကို ရဲတပ်ဖွဲ့က ယနေ့ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံမြို့နယ် ဂုံညှင်းတန်း ကျေးရွာအုပ်စု ကျုံစီကျေးရွာမှ ဦးအောင်သန်းဇော်နှင့် မမိုးမိုးခိုင်တို့မှာ ၎င်းတို့၏ သမီး အသက် ၁၀ နှစ်အရွယ်ရှိ တတိယတန်းကျောင်းသူ မခိုင်ဇင်ကို တရွာတည်းနေ ယောက္ခမ တော်စပ်သူ၏ နေအိမ်သို့ ပို့ဆောင်ထားခဲ့ပြီး ကောက်စိုက်ပျိုးနုတ် လုပ်ကိုင်ရန် လယ်ထဲဆင်းသွားခဲ့ကြောင်း၊ ညနေပိုင်း အိမ်ပြန်လာ ချိန်တွင် သမီးဖြစ်သူအား မတွေ့သဖြင့် လိုက်လံ ရှာဖွေခဲ့ရာ ကလေးငယ်မှာ ရေမြောင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေပြီး ကလေးတွင် ဝတ်ဆင်ထားသည့် နားဆွဲ နှစ်ဖက်စလုံး ဖြုတ်ယူခံထားရသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ကြောင်း သိရသည်။
“ကောင်လေးက သူ့ရည်းစားနဲ့ စကားများပြီး သူ့ရည်းစားဖုန်းကို ပေါက်ခွဲ ပစ်လိုက်တယ်။ အဲဒီတော့ သူ့ကောင်မလေး က ဖုန်းဖိုး အလျော်တောင်းတော့ ပေးစရာမရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒီကလေးမလေးကို ဝါးရင်းတုတ်နဲ့ရိုက်၊ လည်ပင်း ညှစ်၊ ရေနှစ်သတ်ပြီး နားဆွဲကို လုယက်သွားတာ ဖြစ်ပါတယ်။ တရားခံကို ဒေသ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပူးပေါင်းဖမ်းဆီးခဲ့ရာမှာ ကျုံတာကျေးရွာအနီးက ကားလမ်းမပေါ်မှာ ဖမ်းမိခဲ့ပြီး သူ့ထံကနေ သက်သေခံ နားဆွဲကို လည်း သိမ်းဆည်း ရမိခဲ့ ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က ဧရာဝတီကို ပြောသည်။
အဆိုပါအမှုအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ မိန်းကလေးငယ်၏ ဦးလေးတော်စပ်သူ အသက် ၁၉ နှစ်အရွယ် ဖိုးကဲ (ခ) ဖြိုးမင်းထွန်း ဆိုသူသည် မိန်းကလေးငယ်အား သတ်ဖြတ်၍ နားဆွဲအားဖြုတ်ယူကာ ထွက်ပြေးနေကြောင်း သိရှိရသည့် အတွက် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်၌ ကျုံတာ ကျေးရွာ အနီး ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖိုးကဲ (ခ) ဖြိုးမင်းထွန်းမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံ တခုတွင် အလုပ်လုပ်နေသူ ဖြစ်ပြီး ရည်စားဖြစ်သူဖုန်းကို ပေါက်ခွဲသဖြင့် အလျော်တောင်းရာ မပေးနိုင်သည့်အတွက် ဖျာပုံမြို့နယ် ကျုံစီ ကျေးရွာနေ အဒေါ် ဖြစ်သူ ဒေါ်ခင်နု၏ နေအိမ်တွင် လာရောက် နေထိုင်သည်မှာ ရက်ပိုင်းခန့်သာ ရှိသေးသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က ဖိုးကဲ (ခ) ဖြိုးမင်းထွန်းအား စစ်ဆေးခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်
တတိယတန်း ကျောင်းသူ မခိုင်ဇင်မှာ ကျုံစီကျေးရွာရှိ ရန်အေးစေတီ အနီးသို့ ထွက်ခွာသွားခဲ့ရာ ဖိုးကဲ (ခ) ဖြိုးမင်း ထွန်းက အနောက်မှ လိုက်သွားခဲ့ပြီး စေတီအနီး အရောက်တွင် အသင့်ယူဆောင်လာသည့် ဝါးရင်းတုတ်ဖြင့် ရိုက်နှက် ကာ လည်ပင်းညှစ်၍ အနီးရှိ ရေမြောင်းအတွင်း ရေနှစ်သတ်ပြီးနောက် မခိုင်ဇင် ဝတ်ဆင်ထားသည့် နားဆွဲအား ဖြုတ် ယူကာ ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။
ဖျာပုံမြို့နယ် ကျောင်းစုကျေးရွာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသူ မခိုင်ဇင်မှာ လူသတ်သမား၏ ရိုက်နှက် မှု ကြောင့် လည်ပင်းတွင် ဖူးရောင်ညိုမည်း ဒဏ်ရာ ၁ ချက် တွေ့ရှိခဲ့ပြီး ဖျာပုံခရိုင် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးချက် အရ လည်ပင်းညှစ် ခံရ၍ သေဆုံးရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီ တိုင်း ဒေသကြီးအစိုးရမှ ဖွဲ့စည်းထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေး က“ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှေငွေ လက်ဝတ်ရတနာတွေ ဆင်ပေးတာဟာ ကလေးတွေအတွက် အန္တရာယ် ကို ဖိတ်ခေါ်သလို ဖြစ်စေတယ်။ သူတို့ကိုယ်ပိုင် ထိန်းသိမ်း ကာကွယ်နိုင်တဲ့အရွယ် မရောက်ခင် ကာလ အပိုင်းအခြားမှာ မိဘတွေအနေနဲ့ ရွှေငွေရတနာတွေ ဆင်မပေးသင့်ပါဘူး။ အဲဒီလို ဆင်မပေးတာဟာ သူတို့ကို ပိုပြီး အန္တရာယ် ကင်းစေပါ တယ်။ မိဘများအနေနဲ့ ကိုယ့်သားသမီး အန္တရာယ်ကင်းစေရေး သတိပြု ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်”ဟု ပြောဆိုသည်။
ကျူးလွန်သူ ဖိုးကဲ(ခ) ဖြိုးမင်းထွန်းအား အရေးယူပေးရန် မခိုင်ဇင်၏ ဖခင်ဖြစ်သူ ဦးအောင်သန်းဇော်က တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ဖျာပုံမြို့မရဲစခန်းမှ ပြစ်မှုအမှတ် ၉၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၉၂ (လုယက်မှု) တို့ဖြင့် အမှုဖွင့်လှစ်ကာ ဖျာပုံခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ မှာ မည်သူမဆို လူသတ်မှုကျူးလွန်လျှင် တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ရာဇသတ်ကြီးပုဒ်မ ၃၉၂ မှာ မည်သူမဆို လုယက်မှု ကျူးလွန်လျှင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ လုယက်မှုကို နေဝင်နှင့်နေထွက်ချိန်ကြား အများပြည်သူ သွားလာရာ လမ်းတွင် ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် ၁၄ နှစ်အထိ တိုးမြှင့်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဆက်စပ် ဖတ်ရှုရန်
၇ နှစ်အရွယ် ကျောင်းသူကို သတ်ပြီး နားကပ်လုသူကို သေဒဏ်ချမှတ်
ယခု အစိုးရ လက်ထက် မှုခင်း အလွန်များလာ ဟု NLD အမတ်ဆို