ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား စီမံကိန်း အတွက် ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်လမ်း တည်ဆောက်ရေး စီမံကိန်းကို သြဂုတ်လ အတွင်း စတင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။
ဇူလိုင် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်း အဝေးတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က“ဒလတံတားကို၂၀၂၁ နှစ်ကုန်၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းလောက်မှာ ပြီးစီးဖို့ အတွက် မျှော်မှန်း ဆောင်ရွက် နေ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်ဘက်အပိုင်းမှာ သြဂုတ်လထဲမှာ ရန်ကုန် ဘက်မှာ ပိုင် ရိုက်ဖို့တို့၊ တည်ဆောက်ရေး လုပ်ငန်း ချဉ်းကပ် တံတားဆောင်ရွက်မယ်။ ပစ္စည်းတွေလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ဒီသြဂုတ်လမှာ ရန်ကုန်ဘက်ခြမ်းကို စတင်ဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ အချိန်တွင် တည်ဆောက်ရေး ပစ္စည်းများ ရောက်ရှိနေပြီး ဒလဘက်အခြမ်း တည်ဆောက်ရေးလည်း စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ဝန်ကြီးချုပ်က“ရန်ကုန်ဘက် အခြမ်း စတင်ရင် ဘုန်းကြီးလမ်းက စမှာ ဖြစ်တယ်။ ဒီလမ်းကြောင်းကို ကျနော်တို့က YBS ဘတ်စ်ကားတွေကို ရွှေ့ပြီးသွားမှာ ဖြစ်တယ်။ ရိုးရိုး မိသားစုသုံး ကားတွေကတော့ သွားလို့ ရပါတယ်။ တံတား တည် ဆောက်ရေးကြောင့် ယာဉ်ကြောကြပ်တည်းမှု မဖြစ်စေဖို့ YBS ခရီးစဉ် လမ်းကြောင်း နည်းနည်းရွှေ့သွားမှာ ဖြစ်တယ်”ဟု ရှင်းပြ သည်။
ယင်းတံတား စီမံကိန်းကြောင့် ဘုန်းကြီးလမ်းသို့ သွားသည့် YBS ယာဉ်လမ်းကြောင်းများကို သြဂုတ်လ ၁ ရက်မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန် အထိ ၁ နှစ်နှင့် ၅ လကြာ ပိတ်ထားမည် ဖြစ်သည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကို ဒလမြို့ဗိုလ်မင်းရောင်လမ်းနှင့် ရန်ကုန်မြို့ဘုန်းကြီးလမ်း တို့ကို ဆက်သွယ် တည်ဆောက်သွားမည် ဖြစ်ပြီး တံတားအရှည်မှာ ၁၈၇၂.၅ မီတာ ၆၁၄၄ ပေနှင့် ရေလမ်း ကင်းလွတ် အမြင့် ၄၉ မီတာ ၁၆၀ ပေယာဉ် တစီးချင်း ခံနိုင်ဝန် ၇၅ တန်ရှိ လေးလမ်းသွား ခေတ်မီ ကြိုးဆိုင်း တံတား (Cable Stayed Bridge) အမျိုး အစားဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
အဆိုပါ တံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ အဖွဲ့ (EDCF) ချေးငွေ အမေရိကန် ဒေါ် လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် တည်ဆောက်မည် ဖြစ်ပြီး စုစုပေါင်း တံတား၏ ခန့်မှန်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည် ဖြစ်ကာ တံတားတည်ဆောက်ချိန်မှာ ၃ နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားသည်။
ကိုရီးယားနိုင်ငံမှ ချေးယူသည့် ချေးငွေ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် နှစ်ပေါင်း လေးဆယ်ပေးဆပ်ရမည် ဖြစ်ပြီး လက်ရှိတွင် တံတား စီမံကိန်းနှင့် မလွတ်သည့် မြေပိုင်ရှင်များအတွက် လျှော်ကြေးငွေ ၃ ဒသမ ၆၄ ဘီလီယံ ပေးလျော်ထားပြီး ဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က“ဒလဘက်ခြမ်းကတော့ လုပ်နေတာ ၂ လလောက်ရှိပြီ။ ဗိုလ်မင်းရောင် လမ်းပိုင်းမှာ ဖြစ်တယ်။ ၂၀၂၂ ခုနှစ်မှာ ပြီးလောက်တယ်။ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ဆက်စပ်နေတဲ့ အတွက် ဒီတံတားကြီး ပြီးရင်တော့ လမ်းပန်းဆက်သွယ်ရေးက တော်တော်လေး ကောင်းမွန်လာမှာ ဖြစ်တယ်။ ဒေသ ဖွံ့ဖြိုး ရေးလည်း ကောင်းလာမှာ”ဟု ဧရာဝတီသို့ ပြောသည်။
တံတား တည်ဆောက်ပြီးစီးလျှင် ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များမှ တဆင့် ဧရာဝတီ တိုင်း ဒေသကြီးတို့နှင့် အပြန်အလှန် ကူးလူး ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်တွင် တံတားတွေ ဆောက်နေသည်
ချစ်ကြည်ရေး ဒလတံတား ၂၀၂၂ တွင် အပြီးသတ်မည်