ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း ရဲစခန်းမှာ ယနေ့ ဇူလိုင် ၂၆ ရက် နံနက်အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခြင်း ခံရသဖြင့် ရဲတပ်ဖွဲ့ ဝင် ၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ယနေ့ နံနက် ၄ နာရီနှင့် ၅ နာရီကြားတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကြားရှိ ညောင်ချောင်းနယ်မြေ ရဲစခန်းကို ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ဝင် ၇၀ ခန့်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း “ဝင်တိုက်တယ်ဆိုတာ နှောင့်ယှက်ပစ်ခတ်တာရော တိုက်တာရောပေါ့။ အဲဒီမှာ ရဲစခန်းတော့ ကျမသွားဘူး။ ရဲ ၄ ယောက် ဒဏ်ရာရတယ်။ AA ဘက်ကတော့ တယောက်ကျတယ်။ အလောင်းတလောင်း ကျန်ခဲ့တယ်။ လက်နက် တချို့ ရလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ ပြန်လည်ဆုတ်ခွာသွားသည့် AA အဖွဲ့ ဝင်များကို လုံခြုံရေး တပ်ဖွဲ့ များက လိုက်လံရှင်းလင်းလျက် ရှိကြောင်း၊ ပြန်လည်ဆုတ်ခွာသွားသည့် AA တို့က အနီးရှိ မွတ်ဆလင်ကျေးရွာများကိုပါ ပစ်ခတ်ခဲ့သဖြင့် တချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“AA အနေနဲ့ ရဲစခန်းတွေကို ထပ်မံ တိုက်ခိုက်ခြင်းဟာ နယ်မြေ အေးချမ်းရေး မရှိအောင်နဲ့ တရား ဥပဒေ စိုးမိုးရေး မရှိအောင် ထပ်မံကျူးလွန်လိုက်တယ်လို့ပဲ ပြောချင်တယ်။ ဒီကောင်တွေက ဆုတ်သွားပြီး ပစ်ခတ်လို့ ဒဏ်ရာရသွားတဲ့ ဘင်္ဂလီတွေကို ရဲတပ်ဖွဲ့က ဆေးရုံပို့ပေးနေတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ညောင်ချောင်းဒေသခံများ၏ အဆိုအရ ယနေ့ နံနက် ၄ နာရီဝန်းကျင်မှ စကာ သေနတ်ပစ်ခတ်သံများ ကြားရပြီး နံနက် ၆ နာရီ ကျော်တွင် ပစ်ခတ်သံများ ရပ်တန့်သွားခဲ့ကြောင်း ပြောဆိုသည်။
ညောင်ချောင်းရွာခံ ဦးအောင်စံထွန်းက“စခန်းအခြေအနေကတော့ ကျနော်တို့လည်း မသိဘူး။ ကြောက်ပြီး တယောက်မှလည်း အပြင် မထွက်ရဲဘူး။ ကြည့်လည်း မကြည့်ရဲဘူး။ အခုကတော့ လက်နက်ကြီးတွေ ပစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခု တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နေအိမ်အတွင်း အိပ်နေသည့် အသက် ၂၀ ကျော်အရွယ် အဘုယေ ဆိုသည့် လူငယ် တဦး၏ လက်မောင်းသို့ ကျည်ဆန်လာရောက် ထိမှန်သဖြင့် ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ညောင်ချောင်း ကျေးရွာသားများမှာ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး တချို့မှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း သိရသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ AA ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းများကို မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့က ဘူးသီးတောင်ရှိ ရဲကင်းစခန်း ၄ ခုကို တပြိုင်တည်း ဝင်တိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို AA က မတ်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန် ဝင်ရောက် တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်သဖြင့် အစိုးရက AA ကို သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဖြင့် ချေမှုန်းရန် တပ်မတော်ကို တာဝန်ပေးအပ်ထားသလို ရဲတပ်ဖွဲ့ကလည်း AA အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် အပါအဝင် ၄ ဦးကိုလည်း အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည်။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေစိုက်ခွင့် ပြုမည် မဟုတ်ကြောင်းလည်း ဆိုသည်။
AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးစားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၅ သောင်း အထိ များလာပြီ ဖြစ်သည်။
စစ်တွေ အခြေစိုက် သတင်းထောက် မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန်
မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး
ရခိုင်အမတ်များ၏ ပြောဆိုချက်များ အစွန်းရောက်ဟု တပ်မတော်ပြော
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို AA ကြိုဆို