သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ မြို့နယ်ရုံးရှေ့တွင် လက်ပစ်ဗုံး တွေ့ရှိမှုနှင့် ပတ်သက်ပြီး လတ်တလော သံသယရှိသူ မည်သူ့ကိုမှ ခေါ်ယူစစ်မေးခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးလှရီက ပြောသည်။
ဒုရဲမှူးကြီးလှရီက “အခုထိတော့ ရပ်ကွက်ထဲမှာ တပ်ထားတဲ့ CCTV တွေကို ပြန်ကြည့်ပြီး လုပ်နေတုန်းပဲ။ တယောက်မှ ကို ခေါ်စစ်တာ မရှိသေးပါဘူး။ တိတိကျကျတော့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ကမှ ပိုသိပါမယ်။ သူတို့ကို မေးပါ” ဟု ဆိုသည်။
သို့သော် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ မြို့နယ်မှူး ရဲမှူးကောင်းနိုင်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ရဲလုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသလို သတင်းမီဒီယာများကို ယခုကိစ္စနှင့် ပက်သက်ပြီး တစုံတရာ ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရှေ့တွင် စစ်မြေပြင်သုံး လက်ပစ်ဗုံးတလုံးကို လက်ကိုင် ပင်(စနက်တံ) မဖြုတ်ထားပဲ ပန်းရုံထဲတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ယခုတပတ် အတွင်းမှာပင် နေပြည်တော်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ အများစုနေကြသည့် စည်ပင်ရိပ်သာ ၂ အတွင်း ဗုံးထောင်ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီး လုံခြုံရေး တင်းကျပ်ခဲ့သည်။
ထိုသတင်းအရ ရှာဖွေရာ ဗုံးထောင်ထားသည်မှာ မဟုတ်မှန်ကြောင်း၊ တစုံတဦးက မှားယွင်း သတင်းပေးမှုသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ယခုလို ၂ဝ၂ဝ ရွေးကောက်ပွဲ နီးကပ်လာချိန် ဖြစ်သလို လွှတ်တော်အတွင်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရန်အတွက် NLD ပါတီမှ ကြိုးစားလာချိန်တွင် အချိန်ကိုက် ဆိုသလို ယခုလို ဗုံးဆိုသည့် အဖျက်အမှောင့်များက ရောက်ရှိလာနိုင်ကြောင်း မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက သုံးသပ်သည်။
ဦးရန်ရှင်းက “ဘယ်အဖွဲ့လုပ်တယ်ဆိုတာ ကျနော်မပြောဘူး။ ဒါပေမယ့် ကျနော်တို့တွေဟာ ကိုယ့်ဘာသာကိုယ် အထူး သတိထား ပြုမူနေထိုင်ရတော့မယ့် အခြေအနေမှာရှိတယ်။ နောက်ပိုင်း ပိုဖြစ်လာနိုင်မယ်။ ပါတီအပေါ်မှာ လူထုလေးစားမှုပိုလေ ဒီလိုဖြစ်ပျက်နိုင်ခြေ ပိုများလေပဲ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်မှလည်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ဖို့ လိုသလို ကျနော်တို့ ပါတီကလည်း ကိုယ်ထူကိုယ်ထ သတိထားနေဖို့တော့ လိုလာပြီ” ဟု ဆိုသည်။
သို့ရာတွင် NLD ပါတီအနေဖြင့် လက်တလောတွင် သက်ဆိုင်ရာမြို့နယ်မှအစ NLD ပါတီရုံးတိုင်း၏ လုံခြုံရေး တိုးမြှင့်ရန် သတိပေး အကြောင်းကြားစာ ပေးပို့ခြင်း မရှိကြောင်း၊ နေပြည်တော်နှင့် သင်္ဃန်းကျွန်းမြို့နယ် ပါတီရုံးများ သတင်းနှင့် ပတ်သက်ပြီး ကြားသိရသော်လည်း ပြည်သူများမှ ရွေးချယ်ထားသည့် ပါတီဖြစ်သည် နှင့်အညီ ပြည်သူများအတိုင်း ဆက်လက် လုပ်ဆောင်နေရန်သာ ရှိသေးကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
နိုင်ငံရေးတွင် တိုက်ဆိုင်မှုဆိုသည်က မရှိကြောင်း၊ ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲနီးချိန်နှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပြည်သူအများမှ မြို့တိုင်းတွင် ဆန္ဒဖော်ထုတ်နေချိန်အတွင်း ယခုလို လူကိုသေစေသည့် လက်နက်များနှင့် ခြိမ်းခြောက်မှု ပြုခြင်းက မရိုးသားသည့် ကဏ္ဍတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်သူ့ပါတီ၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စည်းရုံးရေးမှူးဖြစ်သူ ကိုအောင်နေမျိုးကလည်း သုံးသပ်သည်။
ထို့အတွက် သက်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်များမှ ထိရောက်သည့် လုံခြုံရေး စီမံဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း၊ နိုင်ငံရေးပါတီ၊ အထူးသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်မည့် ပါတီများအနေဖြင့်လည်း အထူးသတိထားရမည်ဟု သူက ပြောသည်။
ကိုအောင်နေမျိုးမှ “ဒါက မရိုးသားမှုဆိုတာကို ပေါ်လွင်နေပြီ။ ဗုံးနဲ့ ခြိမ်းခြောက်တယ်၊ ဗုံးရှိတယ်လို့ သတင်းလွှင့်တယ်၊ တိုက်ဆိုင်မှုတွေက များလွန်းလှတယ်လေ။ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်လို့ ကောက်ချက်ချဖို့ ခဲယဉ်းပေမယ့် ဒါ မရိုးသားတာပဲဗျ” ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ မြို့နယ်တိုင်းမှ NLD ပါတီရုံးများတွင် လုံခြုံရေးကင်မရာ CCTV ရှိမနေကြောင်း၊ တိုက်ခန်းများတွင် ဖွင့်ထားသည့် ရုံးများအတွက် သိပ်မစိုးရိမ်ရသော်လည်း မြို့ပြမဟုတ်သည့် မြို့နယ်များတွင် အခက်အခဲ ဖြစ်လာနိုင်မည်ကို စိတ်ပူမိကြောင်း NLD ပါတီ၏ ကျန်းမာရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အချိန်နှင့် ယနေ့အချိန်ကို နှိုင်းယှဉ်ရလျှင် ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရသည် ဆိုသော်လည်း လက်တွေ့တွင် တိုင်းပြည်အတွက် မည်သည့်အကောင်အထည်မှ ဖော်ခွင့်မရခဲ့ကြောင်း၊ ယခု အချိန်တွင် NLD ပါတီသည် ပြည်သူများ၏ ရွေးချယ်ခြင်းနှင့် အတူ အစိုးရအဖြစ်ပင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြေအနေ မတူညီသည့် အတွက် ထိုကဲ့သို့ အဖျက်အမှောင့်များမှာ အချိန်မရေး ရလာနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုကြသည်။
ဆက်စပ်ဖတ်ရှုရန်
သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံးတွေ့မှု တရားခံ အစစ် ဖော်ထုတ်ရန်လို ဟုဆို
နေပြည်တော် စည်ပင် ဧည့်ရိပ်သာ ဗုံးသတင်း မှန်ကန်မှု မရှိဟုဆို