ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာ အုပ်စုတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ဦးသည် မတရားအသင်း ဆက်သွယ်မှု(ပုဒ်မ ၁၇/၁) ဖြင့် တရားစွဲခံရမည်ကို စိုးရိမ်သဖြင့် နုတ်ထွက်စာ တင်ထားကြောင်း သတင်း ရသည်။
နုတ်ထွက်စာ တင်ထားသည့် ရာအိမ်မှူး ဦးစိုင်းသန်းဝင်းက “ကျနော်တို့ အနေနဲ့ ကိုယ့်အလှည့် ဘယ်တော့လာမလဲ ဆိုတာ စိုးရိမ်တယ်။ စိုးရိမ်လို့ အခုလို နုတ်ထွက်စာတင်တာပါ။ ဦးစိုင်းတင့်ချိုလိုမျိုး ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ် တယ်။ အဲဒါကြောင့် ကျနော်တို့ ကျေးရွာအုပ်စုတခုလုံးက ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ အကုန်နုတ်ထွက်ကြတာပါ” ဟု ပြောသည်။
နမ့်ဟူးတောင်း ကျေးရွာအုပ်စုတွင် နမ့်ဟူးတောင်းရွာမ၊ နမ့်ဟူးတောင်း အထက်ရွာ၊ နမ့်ဟူးတောင်း အရှေ့ပိုင်း၊ ဇော တိကုန်း၊ ပန်ပေါင်းနှင့် ပန်မောင်ရွာတို့မှ ရာအိမ်မှူး ၁၀ ဦး၊ ဆယ်အိမ်မှူး ၁၂ ဦးတို့က နုတ်ထွက်စာ တင်ထားခြင်း ဖြစ် သည်။
နမ့်ဟူးတောင်း ကျေးရွာ အုပ်စုမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက နုတ်ထွက်စာကို ဇူလိုင် ၂၃ ရက်က ကျောက်မဲမြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို တင်ထားခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကို ဇူလိုင် ၂၅ ရက်တွင် ထုတ် ဖော် ပြောဆိုလာခြင်း ဖြစ်သည်။
နုတ်ထွက်စာတွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထံ လိပ်မူထားပြီး မိတ္တူကို စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မ ရဲစခန်းတို့ ကိုလည်း ပေးပို့ထားသည်ဟု သိရသည်။
အဓိက အကြောင်းမှာ ကျေးရွာများတွင် အရပ်ဝတ်ဖြင့် ဝင်ထွက် သွားလာနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လိုအပ်သည့် အကူအညီများ ကူညီ ခိုင်း စေခြင်းများ ရှိပါက လုပ်ပေးနေရပြီး၊ တပ်မတော်နှင့် အာဏာပိုင်များဘက်မှ သိရှိပါ က တရားစွဲဆိုမည်ကို စိုးရိမ်ခြင်း ကြောင့် ဖြစ်သည်ဟု ပြောဆိုကြသည်။
ဦးစိုင်းသန်းဝင်းက “ဦးစိုင်းတင့်ချိုလို ၁၇ (၁) ပုဒ်မနဲ့ ငြိစွန်းမှာ စိုးလို့ နုတ်ထွက်စာ တင်ရတာပါ။ ကျနော်တို့ ဒေသမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ အကူအညီ တခုခုလာတောင်းရင် မကူညီရင် မဖြစ်ပါဘူး။ နားလည်မှုနဲ့ ရွာတိုင်းရွာတိုင်းက လုပ်နေရတာပါ။ ရွာတိုင်းလိုလို မပတ်သက်လို့မှ မရတာလေ။ ကိုယ်က သွားပတ်သက်တာမှ မဟုတ်တာ” ဟု ဆို သည်။
ဦးစိုင်းတင့်ချိုသည် ဧပြီ ၂၆ ရက်က ၎င်း၏ နေအိမ်အတွင်း အရပ်ဝတ်ဖြင့် လာသည့် တပ်မတော်သားများ၏ ဖမ်းဆီးမှု ကို ခံခဲ့ရပြီး လက်ရှိတွင် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် ကျောက်မဲမြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်နေရသည့် နမ့်ဟူးတောင်း ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။
ဧပြီ ၂၆ ရက် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဦးစိုင်းတင့်ချိုကို ဖမ်းဆီးရခြင်းမှာ ရှမ်းပြည် တိုး တက်ရေး ပါတီ (SSPP-ဝမ်ဟိုင်း) အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS -ရွက်ဆစ်) အဖွဲ့တို့၏ ဆက်ကြေးကောက်ခံ ပေးနေသူ တာဝန်ခံ တဦး ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဦးစိုင်းတင့်ချိုကို ဖမ်းဆီးရာတွင် ဆက်ကြေး ကောက်ခံထားသည့် ငွေကျပ် ၁၅ သိန်း၊ စာရွက်စာတမ်းများလည်း အတူ ဖမ်းမိပါသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်ထားသည်။
SSPP သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားပြီး အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။
RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ထိုင်း-မြန်မာ နယ်စပ်တွင် ဌာနချုပ် အခြေစိုက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် လှုပ်ရှားလျက် ရှိသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွ့ဲဖြစ်ပြီး NCA စာချုပ်ပါ အရပ်သားများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ အရပ်သားများကို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ခိုင်းစေခြင်းအပြင် လူထုကို ငွေကြေး ကောက်ခံခြင်းများ မပြုလုပ်ရန် ကတိကဝတ်များကိုလည်း RCSS က လက်မှတ်ထိုးထားသည်။
ဦးစိုင်းတင့်ချိုကို ကျောက်မဲမြို့အခြေစိုက်၊ အမှတ် ၅၀၂ ၊ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ဝေယံထွန်းက တရားလိုလုပ်ကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို ထားသဖြင့် လက်ရှိတွင် ကျောက်မဲမြို့နယ်၊ ရဲတပ် ဖွဲ့၏ အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံထားရပြီး တရား ရင်ဆိုင်နေရဆဲ ဖြစ်သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဦးစိုင်းတင့်ချိုကို SSPP နှင့် RCSS တို့အတွက် ဆက်ကြေးကောက်ခံနေရသည့် တာဝန်ခံဟု ဖော်ပြထားသော်လည်း တပ်မတော်မှ တရားစွဲဆိုရာတွင် SSPP အဖွဲ့နှင့် ပတ်သက်သည်ဟုသာ စွပ်စွဲထားသည်။
နမ့်ဟူးတောင်းကျေးရွာ အုပ်စု၏ ရာအိမ်မှူး တဦး ဖြစ်ပြီး လက်ရှိတွင် နုတ်ထွက်စာ တင်ထားသည့် ဦးအောင်လီက “ကျနော်တို့သာ ဦးစိုင်းတင့်ချိုလို ဖြစ်ရင် ဘယ်သူမှ မကယ်နိုင်ဘူး။ ကျောထောက်နောက်ခံလည်း မရှိဘူး။ ကိုယ်ဖြစ် ကိုယ်ပဲခံရမှာ။ ဘယ်သူမှလည်း ကာကွယ် ပေးဖို့မရှိဘူး။ အဲ့ဒါကြောင့် နုတ်ထွက်တာ”ဟု ဆိုသည်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ နုတ်ထွက်ခွင့် ပြုမပြု အကြောင်း ပြန်ကြားခြင်း မရှိသေးသော်လည်း နုတ်ထွက် စာတင်ထားသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦးလုံးက ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ တာဝန်များကို ဆက် လက် ထမ်းဆောင်မည် မဟုတ်ဟု ပြောဆိုကြသည်။
နုတ်ထွက်စာ တင်ထားသည့် ရာအိမ်မှူး ဦးစိုင်းအိုက်ငင်းကလည်း “ဦးစိုင်းတင့်ချို ဖမ်းဆီးခံရတဲ့ နောက်ပိုင်း ကျနော်တို့ လုပ်ချင်စိတ် မရှိတော့ပါဘူး။ အဲ့ဒါကြောင့် နုတ်ထွက်တာပါ။ အရင်က ရပ်ရွာအရေးကို ကျနော်တို့ အားလုံး တက် တက်ကြွကြွ လုပ်ခဲ့ကြတာပါ။ ကျနော်တို့ ရာအိမ်မှူး ဆယ်အိမ်မှူးဆိုတာ လခလည်း မရတဲ့ သူတွေပါ။ အခုတော့ လုပ် ချင်စိတ် မရှိတော့ပါဘူး”ဟု ဆိုသည်။
နမ့်ဟူးတောင်း ကျေးရွာအုပ်စုတွင် ဥက္ကဌ ဦးစိုင်းတင့်ချိုကလည်း တရားရင်ဆိုင်နေရပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကလည်း နုတ်ထွက်ကုန်ကြသဖြင့် ကျေးရွာအတွင်း အရေးကိစ္စ တစုံတရာရှိပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခန့်အပ်ထားသည့် စာရေးမ တဦးသာ ကျန်ရှိတော့သည်။
နမ့်ဟူးတောင်း ကျေးရွာအုပ်စုတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၀ ကျော် မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် အရေးယူခံရမည်ကို စိုးရိမ်သဖြင့် နုတ်ထွက်စာတင်သည့် အကြောင်းကို မေးမြန်းရန် ဧရာဝတီမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဆက်သွယ်သော်လည်း မရပါ။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကလည်း ဥက္ကဋ္ဌ ဦးစိုင်းတင့်ချို အပါအဝင် နမ့်ဟူးတောင်းကျေးရွာ အုပ်စုမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စုစုပေါင်း ၁၅ ဦးက နုတ်ထွက်စာ ၁ ကြိမ် တင်ဖူးသည်။
၂၀၁၆ ခုနှစ်တွင် တင်သည့် နုတ်ထွက်စာတွင်လည်း ကျေးရွာ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှာ မလွဲမရှောင်သာ ဥပဒေနှင့် မကင်းသည့် ပုဒ်မ ၁၇ (၁) နှင့် ငြိစွန်းသည့် အလုပ်များ ဆောင်ရွက်ပေးနေရသဖြင့် အန္တရာယ်ကျရောက် မည်ကို စိုးရိမ်ခြင်းကြောင့် အနားယူခွင့်ပေးရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို စာတင်ဖူးသည်။
ထိုစဉ်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ နုတ်ထွက်ခွင့် မပေးခဲ့ပါ။
ဆက်စပ်ဖတ်ရှုရန် – ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အတွက် ငွေကြေးကောက်ပေးသည့် အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး