ရက္ခိုင့်စစ်တပ်(AA) ကို ငွေကြေး ထောက်ပံ့မှုဖြင့် စွပ်စွဲဖမ်းဆီးထားသည့် ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်းများ အား အနောက်ပိုင်းခရိုင် တရားရံုံးတွင် ယနေ့ နံနက်ပိုင်းက ချုပ်ရမန် ထပ်မံယူသည်။
ဖမ်းဆီးခံထားရသူများမှာ ကိုအောင်မြတ်ကျော်(AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ)၊ ကိုထွန်းအေး၊ ကိုဟိန်း ဇော်၊ ကိုရဲထက်ကျော်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်းနှင့် ကိုအောင်မျိုးဝင်း တို့ဖြစ်ပြီး သြဂုတ်လ ၉ ရက် အထိ ချုပ်ရမန် ပေးထားသည်။
အနောက်ပိုင်းခရိုင် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးမင်းသန့်က“မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ချုပ်ရမန် တင်ပြ တောင်းခံခဲ့တာပါ။ အခုက ရဲက စုံစမ်းစစ်ဆေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တရားရုံးမှာ တရားစွဲတင်မယ် ဆိုတာ ပြောလို့ မရသေးပါဘူး။ ဒီနေ့က ချုပ်ရမန်ပဲ ပေးတာပါ”ဟု ပြောသည်။
၎င်းတို့အား ရန်ကုန်တိုင်းဒေသကြီး ရဲ အထူး သတင်း တပ်ဖွဲ့မှ ရဲမှူး တင့်ရွှေက တရားလိုပြုလုပ် အမှုဖွင့်ထားခြင်းဖြစ် ပြီး ပထမအကြိမ် ချုပ်ရမန်ကို ဇူလိုင် ၁၂ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရယူခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ ဒုတိယ ချုပ်ရမန်အား အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့ယူခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ဖမ်းဆီးခံရချိန်မှ စတင်၍ ယနေ့အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသည့် အပြင် မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်း ထားသည်ကိုလည်း မသိရကြောင်း မိသားစုဝင်များက ပြောသည်။
မိသားစုဝင်များ ကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက“မိသားစုဝင်တွေက တော်တော်လေးကို စိုးရိမ် နေပါတယ်။ ဘယ်မှာဖမ်းထားမှန်းမသိ၊ တွေ့ခွင့်လည်း မရသေးပါဘူး”ဟု ပြောပြသည်။
ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီး ခံထားရသူများ၏ မိသားစုဝင်များက တွေ့ခွင့်ရရေး အတွက် မရမ်းကုန်းမြို့နယ် တရားရုံး ရှေ့တွင် စောင့်ဆိုင်းခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က တရားရုံး ပြောင်းလဲကာ ချုပ်ရမန်ယူခဲ့ခြင်း ဖြစ်သည်။
ရခိုင်အသင်း(စင်ကာပူ) ခေါင်းဆောင်များသည် AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့်ပွဲ ကျင်းပခြင်း၊ ဗိုလ်ချုပ် ထွန်းမြတ် နိုင် ဗီဒီယိုမိန့်ခွန်း နားထောင်ခြင်း၊ AA က တပ်မတော် အပေါ် တိုက်ခိုက်အနိုင်ယူခြင်း ပြဇာတ်ကပြမှုများ ပြုလုပ်ခြင်း ကြောင့် စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် အဖမ်းခံရခြင်း ဖြစ် သည်။
လက်ရှိတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနှင့် ကိုဟိန်းဇော်တို့ ၃ ဦး အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)(ခ)(ဂ) ဖြင့် အမှုဖွင့်ထားသည်။
ထို့ပြင် ကိုရဲကျော်ထက်၊ မအေးမြတ်မွန်(ခ)မေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်းနှင့် ကိုအောင်မျိုး ဝင်း(ခ)မျိုးဝင်းတို့ ၆ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (ခ)(ဂ) တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ယင်းပုဒ်မများသည် အကြမ်းဖက် အဖွဲ့ပိုင် ပစ္စည်း၊ ငွေကြေး လွှဲပြောင်းရောင်းဝယ်မှုအား သတင်းပေးရန် ပျက်ကွက် ခြင်း၊ အဖွဲ့ဝင်များအား ကာကွယ်ပေးခြင်းတို့ ဖြစ်ပြီး ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ