မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရာထူးမှ ထုတ်ပယ် လိုက်ခြင်းအား ၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် ဇူလိုင် ၂၄ ရက်က သိရှိခဲ့ရခြင်း ဖြစ်ပြီး ထုတ်ပယ် ခံရသည့် အသေးစိတ် အချက်အခြေအနေကို မရှင်းပြလိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ဆိုသည်။
ဦးမျိုးမြင့်မောင် က “ရာထူးက ထုတ်ပယ်တယ် ဆိုတာ မှန်ပါတယ်။ သီးခြား အချက်အနေနဲ့တော့ ကျနော်တို့ ပြောစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ဦးမြင့်ထွေးအား ပြန်ကြားရေး ရာထူးမှ ထုတ်ပယ်ခဲ့သော်လည်း ဝန်ကြီးဌာနမှ ထုတ်ပယ်ခြင်း မဟုတ်ကြောင်း ဦးမျိုးမြင့်မောင် က ပြောသည်။
ပြန်ကြာရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို တာဝန်မှ ရပ်စဲလိုက်သည့် အမိန့်ကို သမ္မတရုံးက ဇူလိုင်လ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်သည့် အရေးကြီး အဆိုတခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စု လွှတ် တော်၌ တပ်မတော်က အပြင်းအထန် ကန့်ကွက်နေစဉ် တိုက်ရိုက် ထုတ်လွှင့် ပြသလျက်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားလိုင်းတွင် အချိန်ပိုင်း ပြတ်တောက်ခဲ့မှု အတွက် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြု လုပ်ခဲ့သည်။
လွှတ်တော်မှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း) ရုံးချုပ်သို့ ဖိုက်ဘာ ဆက်ကြောင်းမှ တဆင့် ပေးပို့ထုတ်လွှင့်ရာ ယင်းအချိန်တွင် ဖိုက်ဘာလိုင်းကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲ ထုတ်လွှင့်ခဲ့ရ ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဖိုက်ဘာလိုင်း ပြတ်တောက်သည်ဟု ထုတ်ပြန်သော်လည်း တပ်မတော်ကမူ အဆိုပါ နေ့က ဖိုက်ဘာလိုင်း အသုံးပြုမှု မရှိကြောင်း၊ ဖိုက်ဘာလိုင်းနှင့် မသက်ဆိုင်ကြောင်း ဖေဖေါ်ဝါရီ ၇ ရက်က ထပ်မံ သတင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းနေ့က မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ ရုပ်သံထုတ်လွှင့်မှုသည် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂နာရီ ၂၅ မိနစ် အထိ ၅ မိနစ် ပြတ်တောက်ခဲ့ရပြီး ထိုအချိန်အတွင်း အဆိုတော် ဟေမာနေဝင်း အပါအဝင် တေးသီချင်းများ ထုတ် လွှင့်ပေးခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ဌာန ပြောင်းခြင်းဖြင့် အရေးယူခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ဧရာဝတီသို့ ပြောဆိုထားပြီး ၎င်းကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ယာယီ တွဲဖက် ညွှန်ချုပ် အဖြစ် ပြောင်းပေးထားသည်ဟု သိရသည်။
အဆိုပါ ဌာနဆိုင်ရာ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်၊ ထောက်ခံချက်များ အရ ဖြစ်စဉ် အပေါ် မမှန်မကန် တင်ပြမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က လွှတ်တော်တွင် ဖြေကြားခဲ့ဖူးသည်။
ဒက္ခိဏသီရိမြို့နယ်မှ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က “သူတို့ရဲ့ နည်းပညာပိုင်း ဆိုင် ရာမှာ လူကြောင့်လား၊ စက်ကြောင့်လား ဆိုတာ စုံစမ်းတော့ အခုဟာ လူ့ရဲ့ ပယောဂကြောင့် ရှိလို့နေမှာပေါ့။ အရေးယူ တယ် ဆိုတော့လေ။ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဆိုရင် ဒီလို ထုတ်ပယ်စရာ အကြောင်းမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမြင့်ထွေးသည် တပ်မတော် အရာရှိဟောင်း တဦး ဖြစ်ပြီး တပ်မတော် အစိုးရ၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ကြီး ဦးကျော်ဆန်း လက်ထက်၌ ရုံးအဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထက်တွင်မူ ညွှန်ကြား ရေးမှူးချူပ်အဖြစ် တာဝန်ပေးခြင်း ခံရသူလည်း ဖြစ်သည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းတဦး ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက ပင်စင် ခံစားခွင့် ဆုံးရှုံးသည့် အပြင် မည်သည့် ထောက်ပံ့မှုမျိုးမှ မခံစားရကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှူရန်
လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်ခဲ့မှု စုံစမ်းစစ်ဆေးနေ