ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါ အဝင် တပ်မတော် အရာရှိများကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှု အသစ် ချမှတ် လိုက်ခြင်းသည် အနိုင်ကျင့်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူတဦးက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင် တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူး လွန်ရာတွင် တာဝန်ရှိသူများအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
“ဒီပုဂ္ဂိုလ်တွေက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံကိုရော ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကိုရော အစိုးရကိုရော တပ်မတော်ကိုရော ပြည်သူလူထုကိုပါ ဒါအနိုင်ကျင့်တဲ့ Interference လုပ်တဲ့ ကျနော်တို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီးတော့ လုပ်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်”ဟု ၎င်းက ဇူလိုင်လ ၂၃ရက် နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တည်ဆောက်ထားသည့် နိုင်ငံတော်ရဲ့ အစိတ်အပိုင်း အဖွဲ့အစည်း တခု ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည်လည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ဖြစ်သည်ဟု တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး တာဝန်တွေကို ဥပဒေက အပ်နှင်းထားတဲ့ အတိုင်း တာ ဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီတော တပ်မတော်က နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်သလို ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာ ဏာ ဆိုတာ ရှိပါတယ်။ အဲဒီ အချုပ်အခြာအာဏာက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်တယ်”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
အမေရိကန် ပြည်ထောင်စုကမူ အထက်ပါ တပ်မတော် ခေါင်းဆောင် ၂ ဦး၊ ထိပ်တန်း အရာရှိ ၂ ဦးသာမက ၎င်းတို့၏ မိသားစု များ ကိုပါ အမေရိကန်သို့ ခရီး သွားလာခွင့်များ ပိတ်ပင်ခံခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံးကမူ တပ်မတော် အကြီးအကဲများကို ယခုလို ပိတ်ဆို့ အရေးယူမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ မပြုသည့်အပြင် လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာ၊ စိန်ခေါ်မှုများကို ပိုပြီး ခက်ခဲစေလိ့မ်မည်ဟု ထုတ်ပြန် ပြောဆိုသည်။
မြန်မာအစိုးရ အနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ တပ်မတော်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
“ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို အချိန်နဲ့ အခွင့်အရေး (Time and Space) ပေးအပ်ဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါမှလည်း ICOE အနေနဲ့ ခိုင်မာတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ယခုလို တပ်မတော် ခေါင်းဆောင်များ အရေးယူခံရခြင်းနှင့် ပတ်သက်၍ မိမိတို့၏ ရပ်တည်ချက်မှာ တိုင်းပြည်၏ ပြည်တွင်းရေးကို တပ်မတော်က ရှင်းလင်းရာတွင် ဖြစ်ပေါ်လာသည့် ကိစ္စဖြစ်၍ တပ်မတော် အပေါ် အပြစ်မမြင်ကြောင်း၊ နိုင်ငံတကာက ဖိအားပေး နေသော်လည်း အကျိုးအကြောင်း၊ အထောက်အထား ခိုင်လုံမှု အားနည်းကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးဖေသန်းက ပြောသည်။
“ဘင်္ဂါလီ ကိစ္စနဲ့ ပတ်သက်ရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိကောင်း၊ ရှိနိုင်တယ်။ ဒါတွေကိုလည်း တပ်မတော်က အရေးယူနေတာတွေ တွေ့တယ်။ ဒီကိစ္စနဲ့ ကျနော်တို့ ရခိုင်ကိစ္စကိုလည်း ရောထွေး မစဉ်းစားချင်ဘူး။ နိုင်ငံတကာက ဖိအားပေးနေ တာ လည်း ဘင်္ဂါလီကိစ္စအပေါ်မှာပဲ ဖိအားပေးနေတယ်လို့ မြင်တယ်”ဟု ဦးဖေသန်းက ပြောသည်။
၎င်းက ဆက်၍ “ဘင်္ဂါလီ ၇ သိန်းကျော် ပြေးသွားတဲ့အပေါ်မှာ ခြုံပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး ပြောတဲ့အခါမှာ အ ချက်အလက်နဲ့ ပြောတာ မဟုတ်ဘဲနဲ့ အကုန်ခြုံ ပြောနေတာက နိုင်ငံရေးအရ ဖိအားပေးတယ်လု့ိ မြင်တယ်။ ဒီအရေးနဲ့ ပတ်သက် လာရင် ပြည်တွင်းရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်အောင် လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ယခုလို မြန်မာ တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု မစတင်မီ ပြီးခဲ့သည့် ဇွန်လက ပြု လုပ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရန် အမေရိကန် အောက်လွှတ်တော်အမတ် ဘရက်ရှာမင်ကက ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်သည်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင်များကို လိုလားသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဖြစ်ရန် ထိုက်တန်ကြောင်း ၎င်းက လွှတ်တော် ကြားနာပွဲတခုတွင် ပြောဆို သည့်အခါ မြန်မာ အစိုးရက တရားဝင် ကန့်ကွက်ရန် စဉ်းစားခဲ့သေးသည်။
ထို့ပြင် အမေရိကန် အောက်လွှတ်တော်အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး မြန်မာတပ်မတော်ကို အရေးယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီး ဖြစ်သည်။
ယင်းဥပဒေကြမ်း အတည်ပြုနိုင်ပါက မြန်မာတပ်မတော်သို့ အမေရိကန် စစ်ဘက် အကူအညီများ တိုးချဲ့မှုကို ပြုပြင် ပြောင်းလဲသည် အထိ ရပ်ဆိုင်းထားရန်၊ မြန်မာ စစ်ဘက် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်း၊ ဘဏ္ဍာရေး ကန့်သတ်ခြင်းတို့ ပြုလုပ် ရန်နှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။
တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ICC က ဆုံးဖြတ်ခဲ့ သည်။
You may also like these stories:
မြန်မာ့ အပြောင်းအလဲ အမေရိကန် လုပ်ငန်းရှင်များ စောင့်ကြည့်နေဟု ဆို
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ရဟု တပ်မတော် ပြော
လက်နက်ပြပွဲများသို့ မြန်မာ့တပ်မတော်ကို မဖိတ်တော့ဟု အစ္စရေး ပြော