ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ် အတွင်း ကျင်းပသွားရန် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုတွင် သဘောထားရှိနေကြသည်။
ထို့ကြောင့် အပစ်ရပ် ၁၀ ဖွဲ့ထဲမှ ကရင် အမျိုးသား အစည်းအရုံး (KNU) မပါဝင် နိုင်သေးပါကလည်း ကျင်းပသွားရန် စဉ်းစားမှုတချို့ရှိနေဟု PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့ ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက “အစိုးရရော၊ တပ်မတော်ရောက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်နေလို့မဖြစ်ဘူး၊ လုပ်သင့် လုပ်ထိုက်တာ လုပ်မယ်ဆိုတော့ တဖွဲ့ချင်းစီရဲ့အလို လိုက်နေရင် မပြီးတော့ဘူး။ ၁၀ ဖွဲ့မှာ တဖွဲ့မဟုတ် တဖွဲ့ကတော့ မကျေနပ်ဘူး ဖြစ်မှာပဲ ဒါကြောင့် ငါ့အဖွဲ့ကြီးလို့ ငါ့အဖွဲ့ငယ်လို့တော့ မဆိုင်ဘူး။ နိုင်ငံရေးမှာတော့ တန်းတူပဲ”ဟု ပြောသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်တို့ကြား ၂၁ ရာစု ပင်လုံအစည်းအဝေးကို ခြောက်လ တကြိမ်၊ တနှစ်လျှင် နှစ်ကြိမ် ကျင်းပ ရန် သဘောတူညီထားသည်။
တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ဇူလိုင်လက ကျင်းပခဲ့ပြီးနောက် တနှစ်ကျော်လာသည့်တိုင် ထပ်မံ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ အစိုးရ၊ တပ်မတော်နှင့် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့တချို့ကတော့ ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
KNU သည် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်ပြီး ယခင်က အပစ်ရပ် အဖွဲ့များအား ဦးဆောင်၍ အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးဆောင် ဆွေးနွေးခဲ့သည့် အဖွဲ့ ဖြစ်သည်။
သို့သော်လည်း ၂၀၁၈ နိုဝင်ဘာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများ တရားဝင် တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၉ မေလ လယ်ပိုင်းက ပြုလုပ်သော အပစ်ရပ် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှလည်း နုတ်ထွက်လိုကြောင်း တင်ပြခဲ့သည်။
PPST အစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ကို ဖွဲ့စည်းရန် တင်ပြလာခဲ့သဖြင့် အပစ်ရပ်အဖွဲ့များအကြား PPST နှင့် PPCM ဖွဲ့စည်းရေး အပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ဤသို့ သဘောထားကွဲလွဲနေမှုများ၊ ရှေ့ဆက်ရန် တစ်ဆို့နေမှုများကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပရမည် ၂၁ ရာစု ပင်လုံ အစည်းအဝေးများ အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) စသည့် အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲ ဖြစ်နေသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က “၂၀၁၉ မှာ တကြိမ်လောက် ကျင်းပဖို့ သဘောထားတော့ ရှိကြတယ်။ NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေလေ PPST အစည်းအဝေး ကျင်းပတဲ့ အခါမှ ဘယ်တော့လောက် ကျင်းပမယ်ဆိုတာ သိရမယ်။ PPST အစည်း အဝေး ကျင်းပဖို့ရှိတယ်လေ။ ကျနော် တို့ကတော့ အားလုံးပါစေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
PPST အစည်းအဝေးကို ယခုနှစ် သြဂုတ်လ ၅ ရက်မှ ၈ ရက်ထိ ကျင်းပရန် NCA ထိုးထားသော အဖွဲ့များ က ယာယီ သတ်မှတ်ထားပြီး ထိုအစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးအခြေအနေများ အပါအဝင် KNU မပါဝင်ပါက ကျင်းပသင့် မသင့်ဆိုသည့် အခြေအနေများကို ဆွေးနွေး ညှိနှိုင်းရန် ရှိကြောင်း NCA ထိုးအဖွဲ့များက ဆိုကြသည်။
မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက “၂၁ ရာစု ပင်လုံ အစည်းအဝေး ကိစ္စ ကျနော်ကတော့ အသေအချာ ဘာမှသတင်းမရသေးဘူး၊ အမှန်ကတော့ လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် လုပ်တာ လုပ်တယ် ဘာမှ အဖြေမထွက်ဘူးဆိုရင် အလကား ပိုက်ဆံကုန်တယ်၊ အချိန်ကုန်တယ်၊ လူပင်ပန်းတယ်။ အဖြေ ရနိုင်ဖို့ တစ်ဆို့နေတဲ့ ဟာတွေကို အပြင်မှာ နည်းနည်း ညှိနှိုင်းပြီးတော့၊ နားလည်မှုများ ရနိုင်မလား အဲဒါကို ကြိုးပမ်းသင့်တယ်လို့ အကြံပြုချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိမှာတော့ NCA ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော PPST ခေါင်းဆောင် တာဝန်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထံမှ ယယီလွဲပြောင်း ယူထားသည်။
ထို့ကြောင့် RCSS/SSA ၏ သဘောထားကိုလည်း အစိုးရ-တပ်မတော်အပါအဝင် တချို့သော လက်နက်ကိုင် အဖွဲ့များက စောင့်ကြည့်နေကြသည်။
RCSS/SSA ဘက်ကတော့ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ယခုနှစ်ထဲမှာ တကြိမ်ကျင်းပနိုင်ရေး ညှိနှိုင်း နေကြောင်းနှင့် အားလုံး ပါဝင်လာနိုင်သော အခင်းအကျင်း ဖြစ်လာစေရန်လည်း ညှိနှိုင်းနေကြောင်း ဆိုသည်။
NMSP ဥက္ကဋ္ဌ နိုင်ဟံသာကတော့ ယခုနှစ်အတွင်း ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါက အားလုံး ပါဝင် တက်ရောက်နိုင်သော အခြေအနေ ဖြစ်စေလိုကြောင်း၊ အကယ်၍ အားလုံး မတက်နိုင်ပါက အားလုံး မတက်ဘဲ နေခြင်းက ပိုကောင်းကြောင်း ဆိုသည်။
PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ၁၀ ဖွဲ့စလုံး ညီညွတ်ရေးမှာ မလွယ်ကူနိုင်ကြောင်း၊ မိမိ အဖွဲ့အစည်း အတွင်း ပြဿနာရှိလို့ အပြင်လုပ်ငန်းများကို လိုက်ပါနိုင်မှု မရှိခြင်းအပေါ် နားလည်ပေးရမည်ဖြစ်ပြီး ကျန်သူများကတော့ ရှေ့ဆက်သွားနေရန် အရေးကြီးကြောင်း ဆိုသည်။
“တချို့အဖွဲ့တွေကတော့ ကိုယ့်အတွင်းစည်း လုပ်ငန်းတွေရှိတော့ တချို့က အပြင်လုပ်ငန်းတွေကို သိပ်မလိုက် နိုင်သေးဘူး။ ဒါကတော့ သူ့ကိုလည်း နားလည်ပေးရတာကို။ ရှိတဲ့လူ တိုင်ပင်ပေါ့၊ ကျနော်တို့ဘာ တိုင်ပင်လည်း သူ့ကို တင်ပြပေါ့၊ KNPP ကလည်း မီရင် မီမှာပဲ ပြောလို့ မရဘူး ။ သူ့ကိုတော့ မချန်ပါဘူး။ သူ့စောင့် ငါ့စောင့်ဆိုရင်တော့ ဘယ်တော့မှ အလုပ်က မစဖြစ်ဘူးလေ။ စလိုက်ရင် ပါနိုင်တဲ့လူတွေက ပါနိုင် တယ်၊ သွားလိုက်ရင် သွားပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KNU သည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည့် အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းတိမ်းစောင်းမှုများကို မည်ကဲ့သို့ ပြန်တည့်မတ်မလဲ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ (EAO) များကြား ပူးပေါင်း ဆောင်ရွက်မှု စသည့် ကိစ္စများနှင့်ပတ်သက်ပြီး ဗဟိုအမြဲတမ်းကော်မတီ အစည်း အဝေးကို ကရင်ပြည်နယ်၊ဘားအံခရိုင်ရှိ ၎င်းတို့၏ ဌာနချုပ် လေးဝါးစခန်းမှာ ၂ ပတ်ကြာ ကျင်းပ၍ ဆွေးနွေး အဖြေရှာ နေကြသည်။
တဖက်တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရ- တပ်မတော်မှ ကိုယ်စားလှယ်များ ယခုနှစ် ဇူလိုင် ၁၇-၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံ၍ NCA ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြရာ အစိုးရဘက်က စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် NCA ထိုးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
၂၁ ရာစု ပင်လုံ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ၃ ကြိမ် ကျင်းပထားပြီး ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁-၂ ဟုဆိုကာ အချက်ပေါင်း ၅၁ ချက်ကို ချုပ်ဆိုထား ပြီးဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ ရယူနိုင်ရေး ၂၁ ရာစု ပင်လုံ အစည်းအဝေးက ကြိုးပမ်းပေးရန် တိုက်တွန်းထားသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၀ တွင် ငြိမ်းချမ်းရေးကို ပြည်သူ့လက်အပ်နှံသွားလိုကြောင်း ပြောထားသည်။
You may also like these stories:
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်အသက်ဝင်လာရန် ဆောင်ရွက်မည်ဟု RCSS ပြော
ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် KNU အစည်းအဝေး ကျင်းပနေ
အစိုးရနှင့် KNU တွေ့ဆုံပွဲ ဘာတွေဆွေးနွေးခဲ့သလဲ
ကျိုက်မရောမြို့နယ် NLD ပြန်ကြားရေးကို KNU ဖမ်းဆီးသွား