မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများကို ယမန်နေ့ ညနေပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယင်းအမှုတွင် ပုဒ်မ ၅၀၅(ခ) တရားစွဲခံရသည့် အောင်သပြေရွာမှ ရာအိမ်မှူး ကိုမိုးလင်းအား ရုံးထုတ်စစ်ဆေးခဲ့သလို တရားလိုဖြစ်သူ ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းအား စစ်ဆေးခဲ့သည်။
“ဒုမြို့နယ် အုပ်ချုပ်ရေးမှူးကတရားလို လုပ်တဲ့ ၅၀၅(ခ)ကိုစစ်ဖြစ်ပါတယ်၊ အဲဒီအမှုကို ကျနော်က ဒုမြို့နယ် အုပ်ချုပ်ရေး မှူးကို အပြန်အလှန် စစ်မေးချက် မပြီးသေးပါဘူး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက အစည်းအဝေးရှိတဲ့ အတွက် ရုံးချိန်ကို ရပ်ဆိုင်းလိုက်ရပါတယ်”ဟု အောင်သပြေကျေးရွာသားများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။
အောင်သပြေကျေးရွာ ရာအိမ်မှူး ကိုမိုးလင်းကို ယင်းပဋိပက္ခနှင့် ပတ်သက်၍ မေလ ၁၆ရက်နေ့က ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က တွေ့ဆုံညှိနှိုင်း လိုကြောင်း အကြောင်းကြားသည့် အတွက် သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
“ကျနော့်ကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ပါတယ်၊ ၁၄၊၁၅ ရက်နေ့ ဖြစ်စဉ်မှာ ကျနော် ပတ်သက်ခြင်း မရှိဘူးဆိုတာ နယ်ပိုင်ကြီး အသိဆုံးပါ၊ ကုမ္ပဏီဘက်က မန်နေဂျာ ဝင်းလှိုင်နဲ့ ပတ်သက်တဲ့ မီး တကယ် ရှို့ခဲ့တဲ့ သူတွေကို မဖမ်း တဲ့ အပြင် အလုပ်တောင် ပေးထားပါတယ်၊ ဒီကိစ္စမှာ အဂတိ လိုက်စားမှု တွေရှိပြီးအဂတိတွေလည်း မြောက်နေပါတယ်” ဟု အောင်သပြေကျေးရွာမှ ရာအိမ်မှူး ကိုမိုးလင်း ကပြောသည်။
ရုံးချိန်းတွင် တရားလိုဖြစ်သူ ပုသိမ်ကြီးမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း သက်သေခံအဖြစ် တင်ပြထားသည့် စီဒီချပ်ထဲမှ ကိုမိုးလင်း ပြောသည့် စကားများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
“အခုလို ကျနော့်ကို ဖမ်းဆီးတာက ကျနော်မရှိရင် အောင်သပြေ ရွာသားတွေကို ရဲအင်အားသုံးပြီး ဖမ်းလို့ရမယ်ဆိုတဲ့ အယူအဆမျိုး ရှိတာကြောင့် ကျနော့်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ညှိနှိုင်းစရာရှိတယ်လို့ ခေါ်ပြီး ထောင်ထဲ ကို ဆွဲထည့်လိုက်တာပါ၊ ကျနော့်ကို အမြင်ကပ်တဲ့ပုဒ်မနဲ့ တမင်ကို အာမခံမရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာပါ”ဟု ကိုမိုးလင်းက ဆက်လက်ပြောသည်။
ထို့အပြင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီး ခံရထားသော ၉တန်း ကျောင်းသား မောင်တူးဝေယံကိုလည်း ကလေးသူငယ် တရားရုံးတွင်သာ စစ်ဆေးပြီး၊ လူငယ် ထိန်းသိမ်းရေးကျောင်းတွင်သာ ထိန်းသိမ်းထားရန် ပုသိမ်ကြီးမြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
“တူးဝေယံကို ကလေးသူငယ် အနေနဲ့ ပြန်လည် တရားစွဲဆို လာတဲ့ အပေါ်မှာ ကလေးသူငယ် တရားသူကြီးဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် တရားသူကြီးကပဲ အမှုကို စစ်ဆေးပြီး စီရင်ရမှာ ဖြစ်ပါတယ်၊ နောက်ပြီး သူဟာ ကလေးသူငယ် ဖြစ် တဲ့ အတွက် ကလေးသူငယ်တွေကို သီးသန့်ထားတဲ့ လူငယ် ထိန်းသိမ်းရေးကျောင်းမှာပဲ ထားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အခု လူငယ်ထိန်းသိမ်းရေး ကျောင်းကိုပဲ ပို့လိုက်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြော သည်။
မောင်တူးဝေယံကို ကလေးသူငယ် အဖြစ် သတ်မှတ်ခံရခြင်းမှာ ဇူလိုင်လ ၂၃ရက်နေ့က ကလေးသူငယ် အခွင့်အရေး များ ဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့ရာ ကလေးသူငယ် ဥပဒေအရ အသက် ၁၆ နှစ် ပြည့်ပြီး ၁၈ နှစ်အောက်သာရှိသူကို ကလေးသူငယ်အဖြစ်သာ သတ်မှတ်ရမည်ဟုပါရှိခြင်းကြောင့် အသက် ၁၇ နှစ် ၉ လ ၁၁ ရက် သာ ရှိသေးသော မောင်တူးဝေယံကို ကလေးသူငယ်အမှုအနေဖြင့် ဆက်လက်ရင်ဆိုင်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ရုံးချိန်မှာ တူးဝေယံရဲ့ အမှုက အပြောင်းအလဲလာရှိပါတယ်၊ ဘာကြောင့်လဲဆိုရင် ၂၃ရက်နေ့က သမ္မတကြီး ကိုယ်တိုင် ကလေးသူငယ်ဥပဒေနဲ့ ပတ်သက်ပြီး အသစ် ပြဌာန်း လိုက်တဲ့ ဥပဒေ ပုဒ်မ ၁၂ (ဂ) မှာ ၁၆နှစ်ကနေ ၁၈နှစ် မပြည့်သေးသူများကို ကလေးသူငယ် အဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်၊ မူလတုန်းက တူးဝေယံဟာ အသက် ၁၇ နှစ် ၉လနဲ့ ၁၁ရက်၊ လူငယ်ဖြစ် နေတဲ့အတွက်လူကြီးတွေနဲ့အမှုကို တွဲပြီး ဆောင်ရွက်ခဲ့တယ်၊ အခုတော့ ကလေး သူငယ် ဖြစ်သွားတဲ့အတွက် ကလေးသူငယ်အမှုအနေနဲ့ သီးခြား ဆောင်ရွက်ရပါတယ်၊ အဲ့ဒီအတွက် ဒီနေ့ တူးဝေယံ အပိုင်းလေးကို သီးခြားအမှုစွဲတင် လာပါတယ်”ဟု ဦးစည်သူက ဆက်လက်ပြောသည်။
မောင်တူးဝေယံကို အမြင့်ဆုံး ၁၀ နှစ် အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှု ပုဒ်မများ ဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၃၃၃၊ ၁၁၄ တို့ဖြင့် စွဲတင်ထားသည်။
၎င်းမှာ မေလ ၂၄ ရက်နေ့က ကျောင်းသုံးပစ္စည်းများ သွားရောက်ဝယ်ယူစဉ် ရဲတပ်ဖွဲ့က အရပ်ဝတ်များဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
“အဖေကို ဖမ်းချင်တာ မမိလို့ ကျနော့်ကို ဖမ်းထားပါတယ်၊ ဘာအပြစ်မှမရှိဘဲနဲ့ သူတို့ ဖမ်းထားကြတာပါ၊ ပြည်သူ့ရဲ တွေက အဖေ့ကို ဖမ်းချင်တာကို ဘာကြောင့် ကျနော့်ကို ဖမ်းတာလဲ၊ အခု ကျောင်းတက်ခွင့်တွေလည်း နောက်ကျ တယ်၊ ပညာရေးလည်း နောက်ကျနေပါတယ်၊ အခုအချိန်ထိ ကျောင်းလည်းမတက်ရပါဘူး၊ ကျနော့်အတွက်က ပညာရေးလည်းနောက်ကျသလို နာမည်လည်းပျက်ပါတယ်”ဟု မောင်တူးဝေယံက ပြောသည်။
မောင်တူးဝေယံသည် ကလေးသူငယ် ဖြစ်သည့်အတွက် အာမခံလျှောက်ပေးရန် လိုအပ်သော်လည်း ၎င်းကိုယ်တိုင်က အမှု ပြီးပြတ်ချင်သည့် အတွက် အာမခံလျှောက်ရန် ငြင်းဆန်ခဲ့သည်။
“ကျနော်က ကျောင်းကို အပြင်ဘက်မှာပဲ တက်ချင်ပါတယ်၊ ထောင်ထဲမှာ စာမသင်ချင်ပါဘူး၊ နောက်ပြီး ကျနော် ဘာ အပြစ်မှ မကျုးလွန်ထားတဲ့အတွက် အမှုကို အာမခံမယူတာပါ၊ အမှုကို ပိတ်သိမ်းပေးပြီး ကျနော့်ကို လွှတ်ပေးဖို့ပဲ လိုချင်ပါတယ်”ဟု ၉တန်းကျောင်းသား မောင်တူးဝေယံက ပြောသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူကလည်း “တူးဝေယံဟာ ကလေးသူငယ် ဖြစ်တဲ့အတွက်ကြောင့် အာမခံ လျှောက်ပေးဖို့ အစီအစဉ်ရှိပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒကို မေးတဲ့အခါမှာ အာမခံ မလို ချင်ဘူး၊ သူဟာ အမှုကို လုံး၀ ပိတ်သိမ်းပေးဖို့ သဘောမျိုး တောင်းဆိုလာတယ်၊ ဒါဟာသူ့ရဲ့စိတ်ခံစားချက်ပေါ့၊ ဒီ အပေါ်မှာတော့ ကျတော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး”ဟု ပြောသည်။
အဆိုပါအမှုများအပြင် မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် ကိုအောင်ကြည့် မြင့် (ခ) နန္ဒ(တကိုယ်တော်)နှင့် ဒေသခံများကိုလည်း ရုံးချိန်လွန် ကျော်လွန်မှ ရုံးထုတ် စစ်ဆေးခဲ့ခြင်းကြောင့် ရုံးချိန်း ကိုသာ ထပ်မံချိန်းဆိုပေးခဲ့သည်။
“ကိုနန္ဒ အပါအဝင် စွဲထားတဲ့ အမှုမှာ ကိုကျော်ဇေယျဟာ တရားခံ အနေနဲ့ ထပ်ပြီး ပါဝင်လာတဲ့ သူဖြစ်တဲ့ အတွက် ကြောင့် သူ့အတွက် ကျနော်တို့ ပါဝါအသစ် ပြန်တင်ရတယ်၊ အဲဒီအမှုကို ကျနော်တို့ အနေနဲ့ အစကနေ ပြန်စစ် ဆေးရ မယ့် အနေအထားမျိုး ရှိပါတယ်၊ အဲဒီအမှုမှာလည်း တူးဝေယံ ပါနေတဲ့အတွက် ကလေးသူငယ်အနေနဲ့ ခွဲထုတ်ရတဲ့ အပိုင်းတွေရှိပါတယ်၊ နောက်ပြီး ရုံးထုတ်က ရုံးချိန်ကျော်လွန်ခဲ့တာကြောင့် ရုံးချိန်းရက်ကိုပဲ ထပ်မံချိန်းဆိုပေးခဲ့ ပါတယ်”ဟု ဦးစည်သူက ဆက်လက်ပြောသည်။
ကိုအောင်ကြည့်မြင့်(ခ) နန္ဒ(တကိုယ်တော်)ကလည်း “အောင်သပြေကိစ္စနဲ့ ပတ်သတ်ပြီး အဓိက တာဝန်ရှိတဲ့ နယ်/လုံ ဝန်ကြီးနဲ့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးတွေက တရားရုံတွေမှာ အထိ တိုက်ရိုက် ဖိအားပေးနေတယ်လို့ ကျနော်တို့ သုံးသပ် ပါတယ်၊ သတင်းယူနေတဲ့ မီဒီယာကို ဖမ်းဆီးတဲ့အပြင် ဟန့်တား နှောက်ယှက် ခြိမ်းခြောက်တာမျိုးတွေ လုပ်ခံနေရပါ တယ်၊ ဒီလို တရားရုံးတွေ အထိ ဝင်ရောက် စွက်ဖက်မှု တွေရှိနေတဲ့ တရားစီရင်ရေးကို အယုံအကြည် မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကိုအောင်ကြည့်မြင့်(ခ) နန္ဒ(တကိုယ်တော်)အား စွဲဆိုထားသည့် အမှုများအား တလအတွင်း ပြန်ရုတ်သိမ်း ပေးရန်နှင့် ရုတ်သိမ်းပေးခြင်း မရှိပါက ထောင်အတွင်း၌ အသက်ဆုံးသည်အထိ အစာငတ်ခံဆန္ဒပြသွားမည်ဟု မီဒီယာ များအား ပြောကြားခဲ့သည်။
“အခုအမှုဖြစ်စဉ်က ဒီမိုကရေစီလမ်းစဉ်ကို ရိုက်ချိုးလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေပဲလို့ ကျနော်ပြောချင်တယ်၊ ဒါကြောင့် ဒီအမှုနဲ့ပက်သက်ပြီး တလအတွင်း ပြန်ရုတ်သိမ်းဖို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို ပြောချင်တယ်၊ တလပြည့်တဲ့ အထိ အမှုကို ပြန်လည်ရုပ်သိမ်းမပေးဘူးဆိုရင် အသက်သေတဲ့ထိ အစာငတ်ခံဆန္ဒပြသွားမယ်”ဟု ကိုအောင်ကြည့်မြင့်(ခ) နန္ဒ(တကိုယ်တော်)က ပြောသည်။
အောင်သပြေဖြစ်စဉ်တွင် ဖမ်းဆီးရမိသူအားလုံးကို သြဂုတ် ၂ရက်နေ့တွင် ရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။
ယခုအခါ အဆိုပါစီမံကိန်း ပတ်သက်၍၂၀၁၈ ခုမှ လက်ရှိ အချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် အမှုပေါင်း ၁၂ မှုရှိရာ တရားခံပေါင်း ၅၄ဦးရှိပြီး ၁၃ဦး ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါတရားခံများကို လမ်းတံတားဥပဒေပုဒ်မ ၂၂ အရ ဒေါ်မြမြအပါ ၄ဦး၊ ငြိမ်းစုစီပုဒ်မ ၁၉အရ ဦးရွှေအုန်းအပါ ၄ဦး၊ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ အရ ဦးမင်းနိုင်အပါ ၄ဦး၊ ငြိမ်းစုစီပုဒ်မ ၁၉အရ ဦးကျော်ဇေယျအပါ ၄ဦး၊ ပြစ်မှုပုဒ်မ ၃၀၃အရ ဦးရွှေအုန်း၊ ပြစ်မှုပုဒ်မ ၄၄၇၊ ၃၂၃၊ ၁၁၄အရ နိုင်ငံခြားသားအား ဝင်ရောက်ပြီး ခဲနဲ့ထု၊ ငြိမ်းစုစီပုဒ်မ ၁၉အရ ဦးရွှေအုန်းအပါ ၈ဦး၊ ပြစ်မှုပုဒ်မ ၃၃၃၊ ၄၃၅၊ ၁၁၄ အရ ဦးရွှေအုန်းအပါ ၁၄ဦး၊ ပြစ်မှုပုဒ်မ ၄၃၆၊ ၄၄၀၊ ၃၃၆၊ ၁၂၄အရ ခွေးကိုအပါ ၁၃ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး တရားလို ပုဒ်မ ၅၀၅(ခ) ဦးရွှေအုန်းအပါ ၉ဦးတို့အား အမှုဖွင့်လှစ်ထားခြင်းဟု သိရသည်။
အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းကို မြင့်ရင်နှီးမြုပ်နှံမှုကုမ္ပဏီမှ အမေရိကန် ဒေါ်လာ သန်းပေါင်း၂၀၀ကျော် ရင်းနှီးမြုပ်နှံ ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ တရားဝင် ခွင့်ပြုချက်လည်းရရှိထားသလို ယခုအခါ စီမံကိန်းအဆောက်အဦးများ ဆက်လက် ဆောက် လုပ်နေလျက်ရှိသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်
ဆရာတော် ဦးဝီရသူ ကူညီမှု အောင်သပြေရွာသားများ လက်မခံ
အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်
အိုးဘိုထောင်တွင်း သေဆုံးသူ အောင်သပြေ ရွာသား၌ ဒဏ်ရာများ တွေ့ဟု ဆို