လွှတ်တော် ကိုယ်စားလှယ် အများစု နေထိုင်သည့် နေပြည်တော် စည်ပင်ရိပ်သာ၂ တွင် ဗုံးသတင်းပေးသူ အကြောင်း Facebook တွင် ရေးတင်ခဲ့သည့်အတွက် တရားစွဲခံရမှုကို ရင်ဆိုင်သွားမည် ဖြစ်ကြောင်း အကောင့်ပိုင်ရှင် ကိုအောင် ပိုင်မင်း က ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ရန် လျှောက်ထားဆဲ ဖြစ်သည့် နေပြည်တော် အခြေစိုက် Competitor (ပြိုင်ဘက် မီဒီယာ) သတင်း စာမျက်နှာနှင့် Facebook လူမှုကွန်ရက် အကောင့်ပိုင်ရှင် Aung Paing Min က ၎င်းအပေါ်တွင် နိုင်ငံသားများ ပုဂ္ဂလိက ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂလိကဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ဖြင့် အမှုဖွင့် ထားခံထားရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီကို ပြောပြခြင်း ဖြစ် သည်။
စည်ပင်ရိပ်သာ ဗုံးသတင်း ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှ မန္တလေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ဖြစ်ကြောင်း၊ အရက် သောက်ထားသည့် ထို လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အောင်ပိုင်မင်း အကောင့်ပိုင်ရှင် က Facebook တွင် ရေးတင်ခဲ့သည့်အတွက် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁ဝ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စည်ပင်ရိပ်သာတွင် ဗုံးရှိသည့်သတင်းကို ဦးမောင်မောင်ဆွေ ကိုယ်တိုင် အရက်မူးရင်း ပြောကြားခဲ့သည်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်က ခိုင်မာစွာ သတင်းပေးပို့ခဲ့သဖြင့် ယခုလို လူမှုကွန်ရက် စာမျက်နှာတွင် သတင်း ရေးသား လိုက်ရခြင်း ဖြစ်သည်ဟု ကိုအောင်ပိုင်မင်းက ပြောသည်။
ကိုအောင်ပိုင်မင်းက“ကျနော့်ဆီတော့ အခုချိန်ထိ ရဲတပ်ဖွဲ့ဆီက အမှုဖွင့်ထားတာကို လာအကြောင်းကြားတာ မရှိသေး ပါဘူး။ အမှုဖွင့်ထားတယ် ဆိုတာကို လူမှုကွန်ရက်ကနေ သိနေပါပြီ။ ကျနော့်အပေါ်ကို ဒီဗုံးသတင်း ပေးတဲ့ အဆက် အသွယ် က အလွန်ယုံကြည်ရတဲ့သူ ဖြစ်တာကြောင့် ကျနော်က ကျနော့် သတင်းစာမျက်နှာရော၊ ကျနော့်ကိုယ်ပိုင် လူမှု ကွန်ရက်မှာရော သတင်းရေးတင်ခဲ့တာပါ။ အဲဒီအတွက် ကျနော့်အနေနဲ့ အမှုကို ရင်ဆိုင်မှာပါ”ဟု ပြောဆိုသည်။
သေချာလောက်သော အချက်အလက်များဖြင့် ဆက်သွယ် သတင်းပေးလာသည့် အတွက် သတင်းရေးသားခြင်းသာ ဖြစ်ပြီး အများက ပြောဆို ဝေဖန်ကြသည့်အခါ ထိုသတင်းပေးသူထံသို့ ထပ်မံ ဆက်သွယ်ရာ၌ အဆက်သွယ် ဖြတ်တောက် ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ထို့အတွက် စည်ပင်ရိပ်သာမှ ဗုံးသတင်းနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ မန္တလေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင်ဆွေထံ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောကာ တောင်းပန်ခဲ့ကြောင်း၊ ထို့ပြင် မိမိလူမှုကွန်ရက် စာမျက်နှာနှင့် သတင်းစာမျက်နှာတို့တွင် တောင်းပန်စာကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း ကိုအောင်ပိုင်မင်းက ဆက်လက် ပြောဆိုသည်။
မိမိအနေဖြင့် သတင်းမီဒီယာများ ကျင့်သုံးခဲ့သည့် ထုံစံအတိုင်း မှားယွင်းမှု ဖြစ်လာလျှင် တောင်းပန်စာ ထည့်သွင်း ဖော်ပြ ခြင်းကို ကျင့်သုံးခဲ့သလို ယခုကိစ္စနှင့် ပတ်သက်ပြီး တာဝန်ခံ၊ တာဝန်ယူမှုကို အပြည့်အဝ ပြုလုပ်မည် ဖြစ်ကြောင်း ကိုအောင်ပိုင်းမင်းက ပြောသည်။
၎င်းက“ကျနော့်ကို ပြောတဲ့သူက အဆက်အသွယ် ဖြတ်လိုက်တာ ခံရတဲ့အတွက် ကျနော်က မပိုင်ဘဲ ဝက်မွေးလိုက် သလို ဖြစ်သွားတယ်။ အဲဒီအတွက် တန်ပြန်တဲ့ ဖိအားတော့ ရှိလာမှာပဲ။ ကာယကံရှင်ထံကိုလည်း ဆက်သွယ် တောင်း ပန်ခဲ့ သလို ကိုယ်ပိုင် စာမျက်နှာတွေမှာလည်း တောင်းပန်စာ အခုထိ မဖျက်သေးဘူး။ အဲ့ဒါကိုတောင်မှ အမှုဖွင့်ခံရတယ် ဆိုတော့ ကျနော် ဆက်ရင်ဆိုင်ရုံပေါ့”ဟု ဆိုသည်။
ကိုအောင်ပိုင်မင်းက“အမှန်က ဒီသတင်းကို ပေးတယ်ဆိုတာ ရဲဆီကနေ စဖြစ်လာတာ။ ရဲတွေဆီမှာ ဘယ်သူက ဘယ် ဖုန်း နံပါတ်နဲ့ သတင်းပေးတယ် ဆိုတာ ရှိနေမှာပဲလေ။ သတင်းပေးတဲ့ ဖြစ်စဉ်ကတော့ တကယ်ဖြစ်ခဲ့တာပဲ။ ရဲတွေ မရောက်ခင်တောင် တချို့ သတင်းထောက်တွေက စည်ပင်ထဲ ရောက်နေတာ။ သတင်းထောက်တွေကရော ဘယ်လို လုပ် သိနေတာလဲ။ ဒါကို လိုက်ရင် သိမှာပဲ”ဟုလည်း ဆက်လက်ပြောဆိုသည်။
အဆိုပါ အမှုနှင့် ပက်သက်၍ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁ဝ ဖြင့် ပြိုင်ဘက် သတင်းစာမျက်နှာနှင့် အောင်ပိုင်မင်း အကောင့်ပိုင်ရှင်အပါအဝင် ၁၁ ဦးကို (ပ) ၅၆/ ၂ဝ၁၉ ဖြင့် တမှု၊ အဆိုပါသတင်းကို ၎င်းတို့၏ စာမျက်နှာများတွင် Share ပြီး ကိုယ်ပိုင်အမြင် ဝေဖန်ချက်များ ဖော်ပြခဲ့သည့်သူ ၃ ဦးကို (ပ) ၅၇/ ၂ဝ၁၉ တို့ဖြင့် ၁ မှု အသီးသီး အမှုဖွင့်ထားကြောင်း ကျည်တောင်ကန် နယ်မြေရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိ အရာခံဗိုလ် လွင်ဦးက ပြောသည်။
နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁ဝ သည် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရလျှင် ထောင်ဒဏ် ၆ လမှ ထောင်ဒဏ် ၃ နှစ်ထိ အပြစ် ပေးနိုင်သလို ကျပ် ၃ သိန်းမှ ကျပ် ၁၅ သိန်းအထိလည်း ငွေဒဏ် ချမှတ်နိုင်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ အမှုဖွင့် တိုင်ကြားချက်များသာ ရှိသေးပြီး ရဲလုပ်ငန်းဆောင်တာများ ဆက်လုပ်ပြုလုပ်ရဦးမည် ဖြစ်သဖြင့် စွပ်စွဲခံရသူကို ဖမ်းဆီးမှု မပြုသေးကြောင်း ကျည်တောင်ကန် နယ်မြေရဲစခန်းမှ အရာခံဗိုလ် လွင်ဦးက ပြော သည်။
အရာခံဗိုလ် လွင်ဦးက“အခုက အမှုဖွင့် တိုင်ကြားချက်ပဲ ရှိသေးတာပါ။ ကျနော်တို့မှာ သက်သေခံပစ္စည်းတွေတောင် ဘာမှ မယူရသေးဘူး။ ဖုန်းဆိုလည်း ဖုန်းကို ကျွမ်းကျင်တဲ့ ဌာနကို ပေးပို့စစ်ရမှာတို့ ရှိသေးတယ်။ ခိုင်လုံတယ်ဆိုမှ စွပ်စွဲခံရသူကို ဖမ်းရမှာ။ အခု အမှုကို၂ ခုဖွင့်ပြီး စွပ်စွဲခံရသူ ၁၄ ဦးလို့ ဆိုပေမယ့် အောင်ပိုင်မင်း အကောင့်ပိုင်ရှင် တဦး ကိုပဲ ကျနော်တို့ ဆီမှာ တိတိကျကျ သိသေးတယ်။ ကျန်တာ စုံစမ်းရဦးမှာပါ”ဟု ပြောဆိုသည်။
တိုင်ကြားခဲ့သူဖြစ်သည့် မန္တလေးတိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေထံသို့ ဆက်သွယ် မေးမြန်း ရာတွင် ၎င်းအနေဖြင့် ထိုကိစ္စကို ထပ်မံဖြေကြားခြင်း မပြုလိုကြောင်း၊ ယခင်သတင်းမီဒီယာ တချို့တွင် ပြောပြ ခဲ့ သည့်အတိုင်းသာ ယူဆနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဆက်စပ် ဖတ်ရှုရန် –
သင်္ဃန်းကျွန်း NLD ပါတီရုံးရှေ့ လက်ပစ်ဗုံးတွေ့ရှိမှု မည်သူ့ကိုမှ ခေါ်မစစ်ရသေး
နေပြည်တော် စည်ပင် ဧည့်ရိပ်သာ ဗုံးသတင်း မှန်ကန်မှု မရှိဟုဆို