လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ ဓာတ်ပုံများကို ရှာ၍ အများသိအောင် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က ပြောသည်။
ထိုသို့ ခြိမ်းခြောက်ပြောဆိုသူ၏ လူမှုကွန်ရက် စာမျက်နှာကို ရှာဖွေမှုအရ ထိုပုဂ္ဂိုလ်မှာ ကျောင်းဆရာ တဦးဖြစ်နေပြီး မိုးမခ (Moe Ma Kha)၊ ခမမိုး (Ka Ma Moe) အမည်များဖြင့် ဖွင့်ထားသည့် အကောင့်များကို အသုံးပြု၍ ဗစ်တိုရီးယားနှင့် ပတ်သက်ပြီး ခြိမ်းခြောက်စာများ တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက္ကမိုးညို အပါအဝင် ဗစ်တိုးရီယား၏ ဖခင်နှင့် ပန်ဆယ်လို အကောင့်ပိုင်ရှင်တို့က တရားစွဲဆိုရန်အတွက် ညှိနှိုင်းနေကြောင်း သိရသည်။
ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က “ကျနော်တု့ိ အမှုဖွင့်ဖို့အတွက် အချက်အလက်တွေ စုဆောင်းနေတယ်။ ကျနော်တို့ ကိုယ်တိုင် ဖွင့်မယ်ဆိုရင် ပင်ပန်းမလား၊ ကိုယ်စားလှယ် လွှဲစာနဲ့ ဖွင့်ဖို့ အတွက်ရှေ့နေလည်း ရှာနေပါတယ်။ အမှုဖွင့်ဖို့တော့ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခြိမ်းခြောက်စာများ ရေးတင်ခဲ့သော မိုးမခ (Moe Ma Kha)၊ ခမမိုး (Ka Ma Moe) များမှာ ယခုအခါ ပိတ်သိမ်းသွားပြီး သက်ထွဋ်အောင် ဆိုသည့် အကောင့် အစစ်ဖြင့် ဆက်၍အသုံးပြုနေသည်ကိုတွေ့ရကြောင်း သုတေသနပြုထားချက်များကို ညွှန်း၍ သက္ကမိုးညိုက ပြောသည်။
အဆိုပါ ကျောင်းဆရာမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၏ နာမည်ကိုလည်း အလွှဲသုံးစားပြုလုပ်ခဲ့သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူများက အရေးယူရန်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ဗစ်တိုရီးယား အမှုနှင့် ပတ်သက်၍ သက္ကမိုးညိုအနေဖြင့် အလှုငွေများခိုးသုံးနေကြောင်း၊ တရားစွဲမည် ဆိုပါက ရဲစခန်းတွင်သာမက မကွေးဝန်ကြီးချုပ်နှင့်ပါ ညှိနှိုင်းထားပြီးဖြစ်ကြောင်း ခြိမ်းခြောက်စာများရေးသားသည့် အကောင့်ပိုင်ရှင်က ဖျက်သိမ်းသွားသော သူ၏ စာမျက်နှာထက်တွင် ရေးသားခဲ့ကြောင်း သိရသည်။
Moe Ma Kha အကောင့်ဖြင့်လည်း ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) ၏ သမီးငယ်ဓါတ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့ပြီး “ဒုတိယ ဗစ်တိုးရီးယားဖြစ် လာမည့် စပ်စလူးမလေး” ဟု ပိုစ့်တင်ရေးသားခဲ့ကြောင်းလည်း သိရသည်။
ဇူလိုင် ၂၄ ရက်နေ့က ဗစ်တိုးရီးယားအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဗစ်တိုရီးယား၏ မိခင်ကိုယ်တိုင်က “ကျမအခုခံစားနေရတာ ကျမသမီးပုံကို လူသိအောင် လုပ်မယ်ဆိုပြီး ခြိမ်းခြောက် တာတွေ ရှိနေပါတယ်” ဟု တရားရုံးသို့ ထွက်ဆိုခဲ့သည်။
ထို့နေ့က ရုံးထုတ်စစ်ဆေးရာတွင် ဗစ်တိုရီးယား၏ မိခင်မှာ တရားခွင်ထဲသို့ ဝင်ရောက်ချိန်တွင် နောက်ကျောပေး၍သာ ဖြေဆိုပြီး၊ ပြန်ထွက်ချိန်တွင်လည်း အများပြည်သူရှိသည့် တရားခွင်ဘက်ကို A4 စာရွက်များထည့်ထားသည့် ဖိုင်အိတ်ဖြင့် ကာ၍ ထွက်သွား သည်ကိုတွေ့ရသည်။
ဒေါက်တာ ဝင်းကိုကိုသိန်းက “ရုံးချိန်းကိုလာတဲ့ အချိန်မှာ စိုးရိမ်စိတ်တော့ ရှိနေတယ်။ တရားရုံးက နေရာသတ်သတ် ပေးထား တယ်ဆိုပေမယ့်လည်း သိမှာစိုးသွားတဲ့ အခြေအနေတွေ ရှိနေတယ်။ အိမ်မှာနေလည်း အပြင်မထွက်တော့ဘူး။ ဈေးဝယ်တို့ ဘာတို့ တောင် မထွက်ဘူး။ သွားရင် သူ့ကိုသိလေ မလားပေါ့” ဟု လက်ရှိ ကလေးမိခင်၏ အခြေအနေကို ပြောပြသည်။
ယင်းအကောင့်နှင့် ပန်ဆယ်လို ၏ သမီးဖြစ်သူကိုလည်း ရိုင်းပြစွာ ပြောဆိုထားသည့် ကိစ္စများ ရှိသဖြင့် ၎င်းတို့ ၃ ဦးမှာ အဆိုပါ ကျောင်း ဆရာအား အမှုဖွင့် အရေးယူရန်အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သက္ကမိုးညိုက ပြောသည်။
မကွေးတိုင်း ဝန်ကြီးချုပ်က ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) ထံသို့ ဖုန်းဆက်၍ ၎င်းအနေဖြင့် မည်သူ နှင့်မှ ညှိနှိုင်းထားခြင်း မရှိသကဲ့သို့ လုပ်စရာရှိသည်တို့ကို ဆက်လက် ဆောင်ရွက်ရန် ပြောဆိုထားကြောင်း ဒေါက်တာ ဝင်းကိုကိုသိန်း က ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
You may also like these stories:
ဆရာမ နှင်းနုကို သံသယ တရားခံအဖြစ် ထပ်တိုးပေးရန် ဦးတိုက်လျှောက်
Victoria အတွက် ဘဏ်အကောင့် ယာယီဆိုင်းငံ့ခဲ့မှု AYA ဘဏ် တောင်းပန်
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု
သက္ကမိုးညို ကို ရဲတပ်ဖွဲ့ တရားစွဲဆိုမှု၊ ကျပ်သိန်း ၁၀၀ အာမခံဖြင့် ပြန်လွှတ်