သတင်း

မြေနုကျွန်း ပဋိပက္ခ ၁၀ ရက်အတွင်း စစ်ဆေးရန် ဝန်ကြီးချုပ် ညွှန်ကြား

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် လူအစုလိုက် အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သော မြေနုကျွန်း ပဋိပက္ခကို ၁၀ ရက်အတွင်း စစ်ဆေးပြီး သတင်းပို့ရန် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဖွဲ့စည်းပေးလိုက်ပြီဖြစ်သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အလုပ်သမား ရေးရာဝန်ကြီး ဦးမြင့်ဆွေ အား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးထားပြီး ၎င်းနှင့် အတူ တိုင်းဦးစီးမှူး ၅ ဦးပါဝင်သည့် အဖွဲ့ကို ဇူလိုင် ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်စာထဲတွင် “အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် ပဋိပက္ခဖြစ်စဉ် အသေးစိတ်အား စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များနှင့် တကွ (၅၊ ၈၊ ၂၀၁၉) ရက်နေ့ အရောက် အမြန်ပြန်လည် တင်ပြရန် အကြောင်းကြားပါသည်” ဟု ပါရှိသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အလုပ်သမား ရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် အတူ တိုင်းစီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးအေးကို၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကိုကိုနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစန်းမြင့်တို့ ပါဝင်သည်။

ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာသားများနှင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာ ကျေးရွာသားများ အကြား ဇူလိုင် ၂၃ ရက်နေ့ မွန်းလွဲပိုင်း က မြေနုကျွန်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ၂၄ ဦးသေဆုံးက ၁၄ ဦး ပျောက်ဆုံးနေလျှက်ရှိသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ရန်အတွက် ဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ကံသာကျေးရွာအနီးရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကံသာရွာသစ်မြေနုကျွန်းပေါ်မှ နေအိမ် ၂ လုံးအား ဖရဲကျွန်းကျေးရွာသား အချို့က သွားရောက်ဖျက်ဆီးခဲ့ရာမှ ဒုတ်၊ ဓားလက်နက်များဖြင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဖရဲကျွန်း ကျေးရွာမှ ထွက်ပြေးရန်စက်လှေပေါ်သို့တက်စဉ် စက်လှေမှာတဖက်သို့ တိမ်းမှောက်ပြီး လူ ၃၈ ဦး ဧရာဝတီမြစ် အတွင်း မျောပါပျောက်ဆုံးခဲ့သည်ဟု မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုင်းခမ်းလူက ပြောသည်။

ထိုဖြစ်စဉ်မှ လူသေအလောင်း ၁၀ လောင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၅ ရက်နေ့တွင် ၁၄ လောင်း ရှာဖွေတေ့ွရှိခဲ့ပြီး ကျန် ၁၄ ဦးအား အရေးပေါ်ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မကွေးမြို့ပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စက်လှေနစ်မြုပ်လူသေဆုံးမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးမှ ဒုတိယရဲမှူးကြီး စိုင်းခမ်းလူ က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီး စိုင်းခမ်းလူ က “လှေမှောက်နေတာကို မေးကြည့်လိုက်တော့ ဝန်ဆံ့တဲ့ လူဦးရေက ၄၀ လောက်ပဲ ရှိတဲ့လှေလေးကို လူ ၁၀၀ လောက်က ဝိုင်းပြီးတော့တက်တာ၊ တဘက်ကလည်း ခွနဲ့ပစ်တာဆိုတော့ လောက်လေးနဲ့ ပစ်တဲ့အခြမ်းဘက်မှာ လူမတက်ဘဲနဲ့ တဖက်အခြမ်းမှာဘဲ လူတွေတွဲခိုပြီး တက်တော့ လှေရဲ့ဝန်အားနဲ့ မမျှတော့ လှေတိမ်းမှောက်တော့ လူတွေပိကုန်ပြီးဖြစ်တာလို့ တွေ့တဲ့လူတွေကပြောတယ်” ဟု ပြောသည်။

တဖက်နှင့် တဖက်လေးခွများဖြင့် အပြန်လှန်ပစ်ခတ်နေစဉ် တားဆီးနိုင်ရန် ရဲတပ်ဖွဲ့မှ သွားရောက်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ စီးလာသည့် စက်လှေကိုပါ လေးခွများဖြင့် ပစ်ခတ်သဖြင့် ကမ်းသို့ မကပ်နိုင်ခဲ့ကြောင်းနှင့် လှေမှောက်၍ လူများ ကူးခတ်နေသည်ကို တွေ့မြင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်လေးဦး စီးနင်းလာသည့်လှေမှာ သေးငယ်နေသဖြင့် ကူညီနိုင်ရန် အင်းအားပြန်ခေါ်ခဲ့ရခြင်းကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးက ဆက်ပြောသည်။

ဒုတိယရဲမှူးကြီး စိုင်းခမ်းလူက “ဖြစ်တဲ့နေရာကို (ရဲတပ်ဖွဲ့က)သွားဖို့ လှေကမရှိဘူး၊ ရှိတဲ့လှေကလေးက ငါးဖမ်းလှေကလေး ၄ ယောက်လောက်ပဲ ဆန့်တယ်။ ဖြစ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ကသွားကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ နှစ်ဖက်အဖွဲ့က ခွတွေနဲ့ အပြန်အလှန်ပစ်နေတယ်၊ သွားကြည့်တဲ့လှေကိုပါ ခွနဲ့ပစ်တော့ ဘယ်လိုမှကမ်းကပ်လို့မရဘူး” ဟု ရှင်းလင်းသည်။

၎င်းကဆက်၍ “အခင်းဖြစ်တဲ့အချိန်မှာပဲ လှေမြုတ်နေပြီ သို့သော်လည်း အခင်းဖြစ်တဲ့နေရာကို ဒီလှေလေးနဲ့ သွားပြီးကယ်လို့လည်းမဖြစ်နိုင်ဘူး၊ ချက်ခြင်းပဲအစုအဖွဲ့ ရှိတဲ့နေရာကိုသွားပြီး အင်အားပြန်ခေါ်ရတယ်။ ပြန်ရောက်တဲ့ အချိန်မှာ နှစ်ဖက်ပစ်ခတ်မှုတော့ ပြီးဆုံးသွားပြီ၊ အဲဒီကမ်းစပ် (ကန်သာရွာ) မှာ ဖရဲကျွန်းရွာသား အယောက် ၆၀ လောက်တွေ့ရတယ်၊ ပါသွားတဲ့လှေလေးသုံးစီးနဲ့ ဖရဲကျွန်းဘက်ကို ကျနော်တို့ အန္တရာယ်ကင်းအောင် ခေါက်တုန့်ခေါက်ပြန် ပို့ပေးခဲ့ရတယ်” ဟု ဆက်ပြောသည်။

တွေ့ရှိခဲ့ရသည့် ရုပ်အလောင်း ၂၄ လောင်းအား သေမှုသေခင်းဖြင့် အမှု ၂၄ မှုဖွဲ့ထားပြီး ဆေးစာ အဖြေ ထွက်ရှိချက်အပေါ် မူတည်၍ ပြင်ပဒဏ်ရာ တစုံတခုကြောင့် သေဆုံးခဲ့သည့်ဆိုပါက ပုဒ်မပြောင်းလဲ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ရေနစ်၍သေဆုံးပါက သေမှုသေခင်းဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အတူ စက်လှေမောင်းသူကိုလည်း ပုဒ်မ ၂၈၀/၃၀၄-က ဖြင့်အရေးယူထားပြီး၊ ဖရဲကျွန်းရွာမှ ဦးသန်းဦးအပါ ရွားသားများအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၂/၃၁၄/၄၁၇/၅၀၆ နှင့် ကံသာရွာဘက်မှ တရားလိုဦးမောင်းဝင်းနှင့် ၄၅၂/၄၂၇/ ၅၀၆/၁၁၄ တို့ဖြင့် ဦးဝင်းဦးမှ အမှုဖွင့်ထားကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading