နိုင်ငံရေးတွင် တပ်မတော်က ပါဝင်ပတ်သက်ခြင်းကို လျော့ချမည့် အာဏာပါတီနှင့် တိုင်းရင်းသားပါတီများက အဆိုပြုထားသော ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို လာမည့် ရက်သတ္တပတ်များတွင် ဆွေးနွေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၆ ဒါဇင်ကျော် စာရင်း ပေးသွင်းထာသည်။
ထိုဆွေးနွေးပွဲတွင် ပါဝင်ရန် စာရင်းပေးထားသော လွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦးတွင် တပ်မတော်သားကိုယ်စားလှယ် ၇၈ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ ၂၇ ဦး ပါဝင်မည်ဖြစ်သည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၅ ဦးပါဝင်ဆွေးနွေးရန် စာရင်းပေးထားပြီး ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ သုံးဦးစီနှင့် အခြား ပါတီငယ်များက စုစုပေါင်း ၅ ဦး ဆွေးနွေးရန် စာရင်းပေးထားသည်ဟု ထိုပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။
၂၀၀၈ ခုနှစ်တွင် အာဏာရှိ စစ်အစိုးရက ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားများကို ခန့်အပ်ရန် သတ်မှတ်ထားသောကြောင့် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ဖယ်ရှားမည့်အချက်များအတွက် အဆိုပြုချက် ၃၇၆၅ ချက်ပါဝင်သော အစီရင်ခံစာတစောင်ကို လွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီက လွန်ခဲ့သောအပတ်က တင်သွင်းခဲ့သည်။ ဖေဖေါ်ဝါရီလမှ စတင်ပြီး အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ထိုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်းလိုက် လေ့လာပြီး ပြင်ဆင်ရမည့်အချက်များကို ရှာဖွေခေဲ့သည်။ ထိုကော်မတီတွင် နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလနှင့် လွှတ်တော်မှ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များမှ ကိုယ်စားလှယ်များပါဝင်သည်။ ထိုကော်မတီ၏ ၄၀၀၀ နီးပါးရှိသော အဆိုပြုပြင်ဆင်ချက်များတွင် ထူးခြားသောအချက်မှာ တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ရှားမည့် အဆိုပြုချက်ဖြစ်သည်။
သို့သော် တပ်မတော်သားကိုယ်စားလှယ်များသည် ထိုကော်မတီဖွဲစည်းခြင်းသည် ဖွဲစည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုကာ စတင်ချိန်ကပင် ကန့်ကွက်ခဲ့သည်။ ထိုကော်မတီတွင် ၎င်းတို့၏ ကိုယ်စားလှယ်များပါဝင်သော်လည်း ထိုကိုယ်စားလှယ်များသည် မည်သည့်အကြံပြုချက်မျှမပေးဘဲ အာဏာရ NLD၊ တိုင်းရင်းသားပါတီများ၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တသီးပုဂ္ဂလ ပါတီများက အဆိုပြုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဝင်ရောက်ဆွေးနွေးအကြံပြုကြသည်။ ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သည်ဟု ၎င်းတို့က ဆိုကြသည်။
တပ်မတော်သားကိုယ်စားလှယ်များ၏ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်တွင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မီဒီယာများက မေးမြန်းရာတွင် မှတ်ချက်မပေးလိုကြောင်း ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့သည်။
သို့သော် အဆိုပြု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းပြရန် အခွင့်အရေးကို ရယူရေး တပ်မတော်က စီစဉ်ထားကြောင်း ပြသသည့်အနေဖြင့် တပ်မတော်သားကိုယ်စားလှယ် များပြားစွာ ဆွေးနွေးပွဲတွင်ပါဝင်ရန် စာရင်းသွင်း ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
“သူတို့က အစီရင်ခံစာပါ အကြံပြုချက်တွေကို ဆန့်ကျင်ချင်တယ်။ ဒါကြောင့်မို့ သူတို့တွေ ဒီလောက် အများကြီးစာရင်းပေးတာ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
တပ်မတော်ကျောထောက်နောက်ခံပြု USDP က ပါဝင်ဆွေးနွေးရန် ကိုယ်စားလှယ် ၃ ဒါဇင်နီးပါး စာရင်းပေးထားပြီး စုစုပေါင်း အဆိုပြုချက်များကို ကန့်ကွက်မည့် ကိုယ်စားလှယ် ၁၀၅ ဦး ရှိမည်ဖြစ်ကြောင်းလည်း သူက ခန့်မှန်းသည်။
USDP သည်လည်း ခြေ/ဥ ပြင်ဆင်ရေး ကော်မတီကို စတင် ဖွဲ့စည်းချိန်ကပင် ကန့်ကွက်ခဲ့ပြီး ၎င်းတို့သည် တပ်မတော်နှင့် အခိုင်အမာ ရပ်တည်မည့်သဘော ပြသခဲ့သည်။ ကော်မတီက အစီရင်ခံစာ တင်သွင်းလိုက်သည်နှင့် တပြိုင်နက် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း မရှိကြောင်း ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့သည်။
ခြေ/ဥ ပြုပြင်ရေး ကော်မတီ၏ အစီရင်ခံစာတွင် SNLD က ပြောင်းလဲမည့် အဆိုပြုချက် စုစုပေါင်း ၁၁၁၂ ချက် တင်သွင်းပြီး NLD က ၁၁၄ ချက်၊ ANP က ၈၅၈ ချက်၊ မွန်အမျိူးသားပါတီ (MNP) က ၆၄၁ ချက်၊ တအောင်းန်(ပလောင်) အမျိုးသားပါတီ (TNP) က ၁၇၈ ချက်၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် (PNO) က ၁၄၀ ချက်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက (KSDP) က ၁၁၁ ချက်၊ ဇိုမီးဒီမိုကရေစီကွန်ဂရက် (ZCD) က ၅၃ ချက်နှင့် USDP က ၁၀ ချက် တင်သွင်းခဲ့သည်။
တိုင်းရင်းသားပါတီများ အထူးသဖြင့် ANP ၊ MNP နှင့် SNLD တို့က တင်သွင်းသည့် အထူးခြားဆုံး အဆိုပြုချက်များတွင် လွှတ်တော်မှ တပ်မတော်ကို လုံးဝဖယ်ထုတ်ရန်၊ နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစနစ်များကို ဗဟိုချုပ်ကိုင်မှု လျှော့ချရန်၊ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဆုံးဖြတ်ချက်ချရေး အာဏာနှင့် တာဝန်များကို ဒေသခံများအားပေးသည့် စနစ်တခု ဖန်တီးရန် ပြင်းထန်သောဆန္ဒကို ဖေါ်ပြနေသည်။
NLD က ကိုယ်စားလှယ် ၅ ဦးသာ ပါဝင်ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီးမေးမြန်းသောအခါ “အဆိုပြုချက်တွေမှာ ဘာတွေပြင်ချင်တယ်ဆိုတာကို ကျမတို့ကပြောပြီးပြီး။ လူတွေ ဒီထက်ပိုပြီး ဝင်ဆွေးနွေးဖို့ လိုတယ် မထင်တော့ဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
NLD ၏ အဓိကအကြံပြုချက်များသည် ပါတီမူဝါဒဖြစ်သော တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍကို တဖြည်းဖြည်းလျှော့ချရေးကို ထင်ဟပ်နေသည်။ တပ်မတော်ကိုယ်စားလှယ် အချိုးအစားကို တတိယအကြိမ် လွှတ်တော် (၂၀၂၁-၂၀၂၆) ထဲတွင် ၁၅ ရာခိုင်နှုန်းကျန် (၁၀ ရာခိုင်နူန်းလျော့ ) ၊ စတုတ္ထအကြိမ်လွှတ်တော်ထဲ (၂၀၂၆-၂၀၃၁) တွင် ၁၀ ရာခိုင်နှုန်းကျန်( ၅ ရာခိုင်နူန်းလျော့)၊ ပဉ္စမအကြိမ်လွှတ်တော်ထဲတွင် (၂၀၃၁-၂၀၃၆) တွင် ၅ ရာခိုင်နှုန်းကျန် ( ၅ ရာခိုင်နူန်းလျော့) ရန် NLD က အဆိုပြုသည်။ တပ်မတော်အရာရှိများ အစိုးရရာထူးယူပါက တပ်မှ အငြိမ်းစားယူရန်လည်း NLD က အဆိုပြုသည်။
“ကျနော်တို့မှာ ဆွေးနွေးစရာတွေ အများကြီးရှိတယ်။ ဒါကြောင်မို့ လူအများကြီး စာရင်းပေးထားတာ” ဟု USDP လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
USDP မှကိုယ်စားလှယ်များသည် မည်သည့်အကြောင်းအရာကို ဆွေးနွေးမည်ကို သူက ထုတ်ဖေါ်ပြောဆိုခြင်းမပြုဘဲ “ကျနော်တို့က ကိုယ့်ပါတီရပ်တည်ချက်အတိုင်းပဲ ရပ်တည်သွားမယ်” ဟုသာ ပြောသည်။
ဆွေးနွေးမည့် အချိန်နှင့် ရက်အတိအကျ အကြောင်းကြားခြင်း မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ သိပြီးသား။ သူတို့က လူတွေ အများကြီးစာရင်းပေးပြီး အင်အားပြတာ သက်သက်ပဲ၊ တပ်မတော်နဲ့ ယှဉ်လိုက်ရင် NLD က လူအရမ်းနည်းတယ်။ ဒီအကြံပြုချက်တွေကို တကယ်ပြင်နိုင်မယ်လို့ ကျနော် မထင်ဘူး” ဟု ANP မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရာတွင် အဆိုပြုပြင်ဆင်မည့်အချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းထောက်ခံရန် လိုသောကြောင့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းယူထားသော တပ်မတော်သားကိုယ်စားလှယ်များသည် တချက်လွှတ်အာဏာ ရှိနေသည်။ NLD က ထိုပုဒ်မမှ ‘ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်’ ဟူသောစာသားတွင် ‘ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံ’ ဟူသော စာသားဖြင့် အစားထိုးရန် အဆိုပြုထားသည်။ ထိုသို့ ဖြစ်လာလျှင် တပ်မတော်သားကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တားဆီးနိုင်တော့မည်မဟုတ်ပေ။
သို့သော် ဦးမောင်မောင်စိုးက “ဒါက လက်တွေ့မကျဘူး။ ပုဒ်မ ၄၃၆ ကို ပြင်ချင်ရင်တောင်မှ တပ်မတော်ဖက်က မဲကို သူတို့ လိုနေတယ်” ဟုပြောသည်။
“တပ်မတော်ဖက်က မဲမရရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့ဆက်လို့ မရဘူး” ဟုလည်း သူပြောသည်။
“ကျန်တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ NLD နဲ့ တပ်မတော်အကြား ပိုတင်းမာလာမယ်” ဟုလည်း သူပြောသည်။
တပ်မတော်၏ ဆန့်ကျင်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရန် ပါတီနှင့် တသီးပုဂ္ဂလအားလုံး၏ သဘောတူညီချက်ရရန် ခက်ခဲခြင်းတို့ကြောင့် ကောင်းမွန်သော ရလဒ်များဖြစ်လာမည် မထင်ကြောင်း SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။
“ဒါပေမယ့် ကျနော်တို့က ကော်မတီမှာ ပါဝင်ပြီး အကြံပြုချက်တွေ ပေးတယ်။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ထဲကတခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပဲ” ဟု သူ ရှင်းပြသည်။
“ဒါကို ကျနော်တို့ချည်းပဲ လုပ်လို့မရဘူး။ ကျနော်တို့ချည်းပဲဆိုရင် အင်အားနည်းတယ်။ ဒါဟာ ကျနော်တို့ ရည်မှန်းချက်ကို ဖေါ်ပြဖို့ အခွင့်အရေးတခုပဲ။ ပါဝင်အကြံပြုခြင်းအားဖြင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကို ဖေါ်ပြတယ်။ ကျနော်တို့သဘောထားကို ပြည်သူသိအောင် လုပ်ခွင့်ရတယ်။ ပြင်ဖို့ သဘောတူတာ၊ မတူတာကို နောက် ညှိနိူင်းရမယ့်ကိစ္စ” ဟု သူပြောသည်။
( Nan Lwin ၏ Military Lawmakers to Outnumber Others in Charter Amendment Debate ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော
၂၀၁၉-၂၀ ကာကွယ်ရေး အသုံးစရိတ် ကျပ် ဘီလီယံ သုံးထောင့်သုံးရာကျော် တောင်းခံ
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ သူ့တို့ သဘောထားအမြင်