မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် စစ်ကိုင်း-မန္တလေးလမ်းမြေပေါ်တွင် ကျုးကျော်နေသည့် အိမ် ၉ လုံးအား အင်အားသုံး ဖျက်သိမ်း ရှင်းလင်းခဲ့ရာတွင် ရဲတပ်ဖွဲ့နှင့် ကျူးကျော်နေထိုင်သူများအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၃ ဦးအား ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
“သူတို့ကို ဖမ်းဆီးထားတယ် ဆိုတာ မှန်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။ အဖျက်ခံရတဲ့ နေအိမ်တွေကပါပဲ။ မိသားစုတခုတည်းက လို့ သိရပါတယ်”ဟု အမှတ် ၁၀ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ကျူးကျော်နေအိမ်များကို ယနေ့ ဇူလိုင်လ ၂၇က်နေ့က စည်ပင်ဝန်ထမ်းများ၊ စည်ပင်ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်သော အင်အား ၃၀၀ ခန့်ဖြင့် ဖျက်သိမ်း ရှင်းလင်းခဲ့ရာမှ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါနေရာတွင် နေထိုင်သူများဖြစ်သည့် ကိုဖိုးမောင်၊ မအိမွန်နှင့် ဒေါ်မိုးမိုးအေးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
အဆိုပါ ၃ ဦးကို မန္တလေး၊ စည်ပင်သာယာရေးကော်မတီ ဌာနစုမှူး ဒေါ်မျိုးအိအိစိုးဝင်းက (ပ) ၄၉၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၁၈၆ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား မိမိ အလိုအလျောက် ဟန့်တားနှောက်ယှက်မှု၊ ပုဒ်မ ၃၅၃( တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု၊ အနိုင်အထက်ကျူးလွန်ခြင်း၊ ပုဒ်မ၂၉၄( ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုမှု)နှင့် ပုဒ်မ ၁၁၄( အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
“၂၀၀၈ ခုနှစ်လောက် ကတည်းက ဖြစ်နေတဲ့ ပြသနာပါ။ စစ်ကိုင်း-မန္တလေးလမ်းပေါ်မှာ ကျုးနေတဲ့ နေအိမ် ၃၂ လုံး ရှိတယ်။ ၂၃ လုံးက သူတို့ဘာသာ ဖျက်သွားပြီ။ ၉ လုံး ကျန်နေတာပေါ့နော်။ ဒါကို ကျနော်တို့ စည်ပင်သာယာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အကြိမ်ကြိမ် လုပ်ခဲ့ပြီးပါပြီ။ အခု ရှင်းလင်းတာကလည်း ဥပဒေနဲ့ အညီ လုပ်ဆောင်တာ ဖြစ်တယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ကျူးကျော်နေထိုင်သူများအနေဖြင့် အမှန်တကယ် နေထိုင်စရာ မရှိပါက စည်ပင်ပိုင် အငှားအိမ်ရာတွင် နေထိုင်နိုင်ရန် စီစဉ်ပေးရေး ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ အငှားအိမ်ရာတွင် နေထိုင်မည်ဆိုပါက ပစ္စည်းသယ်ယူ ရွှေ့ပြောင်းမှုကိုပါ ကူညီပေးရန် မြို့တော်ဝန်က ပြောကြားထားကြောင်း ဦးသက်နိုင်ထွန်းက ရှင်းပြသည်။
“သမီးက ဒီနေ့မနက် လပတ် စာမေးပွဲရှိလို့ ကျောင်းသွားမလို့ လုပ်နေတုန်း သူတို့ရောက်လာကြတာ။ ပြီးတော့ သမီးတို့အိမ်လေးကို လာဖျက်ကြလို့ အခု ကျောင်းလည်းမသွားရဘူး။ စာမေးပွဲလည်း သွားမဖြေရတော့ဘူး။ သမီးအမေကြီးကိုလည်း ရိုက်ပြီး ဖမ်းသွားတာ။ သမီးတောင်းပန်တာလည်း မရဘူး။ အမေကြီးကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ အကူအညီ တောင်းပါတယ်” ဟု ဖမ်းဆီးခံရသည့် ဒေါ်မိုးမိုးအေး၏ သမီး ၆ တန်းကျောင်းသူ မအိအိဖြိုးဝေက ပြောသည်။
အဆိုပါနေအိမ်များကို ဖျက်သိမ်းရခြင်းမှာ စစ်ကိုင်း-မန္တလေးလမ်း တိုးချဲ့ဖောက်လုပ်ရာတွင် လမ်းမြေပေါ်၌ ကျုးကျော်နေသည့် နေအိမ် ၃၂ လုံး ရှိနေသဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှား ရှင်းလင်းပေးရန် အကြောင်းကြားခဲ့ရာ၂၃ အိမ်မှာ ဖယ်ရှားပေးခဲ့ကြောင်း၊ ကျန်ရှိသော ၉ အိမ် ကို သတိပေးစာ ၃ ကြိမ် တိုင်တိုင် ထုတ်ပြန်ခဲ့ကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့သော်လည်း မဖယ်ရှားကြသဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။
“အခုဟာက စီမံကိန်း၊ စီမံချက်မရှိဘဲ တဦးတယောက် ကောင်းစားရေးအတွက် စည်ပင်ကနေ လာဖျက်ကြတာပါ။ အရင်အစိုးရ လက်ထက်ကလည်း ၂ ကြိမ်လာဖျက်ခဲ့တာမှာ ကျနော်တို့ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို ပြနိုင်ခဲ့ကြလို့ အဖျက်မခံခဲ့ရပါဘူး။ အခု ပြည်သူတင်တဲ့အစိုးရ လက်ထက်ကျမှ ကျနော်တို့အိမ်တွေ အဖျက်ခံလိုက်ရတာပါပဲ”ဟု နေအိမ်အဖျက်ခံရသူ ကိုမျိုးမင်းသန်းက ပြောသည်။
အဆိုပါ နေရာသည် ၁၉၆၂ ခုနှစ် ဝန်းကျင်ကတည်းက နေထိုင်လာကြခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်ခန့်အထိ စည်ပင်သို့ အိမ်ခွန်၊ မြေခွန်များ ပေးဆောင်ခဲ့ရကြောင်း၊ နောက်ပိုင်းတွင် အခွန်အခများလည်း ပေးဆောင်ရခြင်းမရှိတော့ကြောင်း၊ ယခင်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း လမ်းမြေတိုးချဲ့ခြင်းစီမံကိန်း ဆောင်ရွက်သဖြင့် စီမံကိန်းနှင့် မလွတ်သည့် နေရာများမှ အိမ်များကို ပြောင်းရွှေ့ခိုင်းခဲ့သော်လည်း နေထိုင်သူများက မေတ္တာရပ်ခံသဖြင့် ရွှေ့ပြောင်းရမည့်အချိန်ကို ရပ်ဆိုင်ထားခဲ့ကြောင်း၊ ယခု NLD အစိုးရလက်ထက်တွင် ထပ်မံရွှေ့ပြောင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြေနုကျွန်း ပဋိပက္ခ ၁၀ ရက်အတွင်း စစ်ဆေးရန် ဝန်ကြီးချုပ် ညွှန်ကြား
စည်ပင်ရိပ်သာ ဗုံးသတင်း Facebook တင်ခဲ့သူက တရားစွဲခံရမှု ရင်ဆိုင်မည်ဟု ဆို
ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်