အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ အနေဖြင့် မည်သည့်ပါတီ မည်သည့်ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် ပါတီတည်ထောင်ခြင်း မဟုတ်ကြောင်း ပါတီသစ် ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကိုယ်ပွားဟု ဝေဖန်ပြောဆိုခြင်းများ ရှိပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လမ်းညွန်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု သတင်းထွက်နေသည့်အပေါ် ဦးစိုးမောင်က ယမန်နေ့ ဇူလိုင်လ ၂၇ ရက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည်ဖြေရှင်းသည်။
“ပါတီမှာလည်း ဘယ်ပါတီနဲ့မှ ပတ်သက်ဆက်နွယ်တာ မရှိဘူး။ ဘယ်သူ့ ဂိုက်လိုင်းနဲ့မှ ဒီပါတီတည်ထောင်တာ မဟုတ်ဘူး။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရ ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီး တည်ထောင်တဲ့ ပါတီ မဟုတ်ဘူး။ တပ်မတော်ကို ကိုယ်စားပြုတာလည်း မဟုတ်ဘူး။ ပုဂ္ဂလိကကတော့ တဦးချင်း တယောက်ချင်းကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ပြည်သူကိုပဲ ကိုယ်စားပြုပြီး အတူတူ လက်တွဲလုပ်မှာပါ”ဟု ဦးစိုးမောင်က ဆိုသည်။
အဆိုပါ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီပါတီ မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၇ ရက်နေ့၊ Orchid ဟိုတည်တွင် ကျင်းပပြုလုပ်သည်။
အငြိမ်းစား ဗိုလ်ချုပ်များ ဖြစ်ကြသည့် ဦးစိုးမောင်နှင့် ဦးလွန်းမောင်တို့ ဦးဆောင် ပါဝင်ပြီး ဦးစိုးမောင်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သမ္မတရုံး ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီးကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်လည်း ဗဟို ဦးဆောင် ကော်မတီဝင် တဦး အနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။
အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင်မှာ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရသူ ဖြစ်သည်။ ပါတီမိတ်ဆက်ပွဲ အခမ်းအနားသို့ ဦးလွန်းမောင် တက်ရောက်လာခြင်း မရှိပေ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရက်တစ်ပါတီကို ၂၀၁၉ ခုနစ်၊ မေ ၁၇ရက်နေ့တွင် မှတ်ပုံတင်ကျခဲ့ပြီး ဗဟိုအဆင့်တွင် ဥက္ကဌအပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။
အမျိုးသားဒီမိုကရက်တစ်ပါတီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာအာဏာတည်မြဲရေးနှင့် ကမ္ဘာအဆင့်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပါတီအနေဖြင့် ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ရေစကျို၊ ပခုက္က၊ မကွေး နှင့် မန္တလေးတိုင်း၊ ထားဝယ်၊ ကော့သောင်းဘက်များတွင် စည်းရုံးရေးများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
အဓိကယှဉ်ပြိုင်ရမည့်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ကြံ့ခိုင်ရေးပါတီ ဖြစ်သည်ဟု အတွင်းရေးမှူးအဖွဲ့ဝင် ဦးခင်မောင်ကြည်က ဆိုသည်။
“ကျနော်တို့က အဲဒီ (ကြံ့ခိုင်ရေး) ပါတီကလို့ အပြောခံရမှာ တော်တော်ကို စိုးတယ်။ နောက်တခုက တပ်ကဆိုတော့ လက်ရှိက တပ်က မဟုတ်တော့ဘူး။ တပ်ထဲဝင်ရင်လည်း နိုင်ငံရေးလုပ်လို့ မရဘူး။ နိုင်ငံရေးလုပ်ချင်လို့ တပ်က ထွက်ပြီး လုပ်ကြတာပါ။ အတိတ်ကာလက ဟုတ်ချင်ဟုတ်မယ် အခုတော့ မဟုတ်တော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။
ပါတီ၏ ဒုတိယဥက္ကဌ ဦးစိုးဝင်းကလည်း “တပ်ဆိုတဲ့ အမြင်မျိုး အဲဒီအတိုင်း ဆက်သွားမယ်ဆိုပြီး အားလုံးကို မကြည့်ပါနဲ့။ လက်တွေ့ကိုပဲ ကြည့်ပါ”ဟု ပြောသည်။
၂၀၁၈ ခုနစ် နိုဝင်ဘာလ ၉ရက်က ထုတ်ဝေသည့် ပြည်တွင်းထုတ် မြန်မာ သံတော်ဆင့် ဂျာနယ်တွင် စစ်ဥပဒေချုပ်၊ ကြံခိုင်ရေးအသင်းဝင် အမျိုးသားညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်(ငြိမ်း) ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးပါတီသည် ပါတီခွင့်ပြုမိန့် မကျမီ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ခြင်းဟု အဓိပ္ပါယ်ရသည့် ရဌပါလ ဆိုသည့် အသင်းတခု ဖွဲ့စည်း၍ စည်းရုံးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုလ်ချုပ်ဟောင်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲ