ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အိုင်မကျေးရွာ၊ ကုလားသာင် လိပ်ကျွန်းအနီး ဘိလိပ်မြေ တင်ဆောင်လာသည့် သင်္ဘောတိမ်းမှောက်ခဲ့သဖြင့် သင်္ဘောပေါ် လိုက်ပါလာသူ ၂ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးနေသဖြင့် တာဝန်ရှိသူများမှ ရှာဖွေနေကြောင်း သတင်းရရှိသည်။
တိမ်းမှောက်ခဲ့သည့် သင်္ဘောအမည်မှာ “ထာဝရအားမာန်” ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းမှ ပင်လယ်အတွင်းရှိ သံတွဲ လျှပ်စစ် စီမံကိန်းသို့ ဇူလိုင်လ ၂၆ ရက်နေ့က ဘိလပ်မြေအိတ် ၂၅၀၀၀ ပို့ရန်လာရောက်စဉ် လိပ်ကျွန်းနှင့် ရေမိုင် ၂ မိုင်ခန့်အကွာတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောနစ်မြုပ်ခဲ့သည့်အတွက် လိုက်ပါလာသူ ၁၉ ဦးအနက် ၁၂ ဦးမှာ အသက်ကယ်ဘောဖြင့် လွတ်မြောက်ခဲ့ကာ ၂ သေဆုံးပြီး ၅ ဦးပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေ က “သင်္ဘောက ဘိလပ်မြေအိတ် ၂ သောင်းခွဲ တင်ဆောင်လာတာပါ။ လိပ်ကျွန်းအနီးမှာ လှိုင်းကြီးပြီး နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ လွတ်လာတဲ့သူတွေက သက်ကယ်ဘောတွေနဲ့ လွတ်လာတာ။ သင်္ဘောနစ်လို့ သေဆုံးတာက ၂ ဦးရှိပါတယ်။ ပျောက်ဆုံးနေတဲ့ သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လိုက်လံရှာဖွေ နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သင်္ဘောစတင်နစ်မြုပ်ချိန်တွင် သင်္ဘောပေါ်လိုက်ပါလာသူများမှာ အသက်ကယ် ဘောများဖြင့် ထွက်ပြေးခဲ့ကြရာ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းတွင် လူ ၉ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာတွင် ၃ ဦးကို အသက်ရှင်လျှက် ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့အတူ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကိုလည်း ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။
လပွတ္တာမြို့ခံ ကိုစိုးသီဟမင်းက “အသက်ရှင်သူ ၃ ဦး က လတ်တလော လပွတ္တာ ၃ မိုင်ဆေးရုံကြီးမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေပါတယ်”ဟု ပြောသည်။
လတ်တလောတွင် သင်္ဘောနစ်မြုပ်ခဲ့သည့်နေရာတဝိုက်နှင့် ကမ်းခြေတလျှောက်တွင် ဟိုင်းကြီးကျွန်းအခြေစိုက် ရေတပ်မှ ပျောက်ဆုံးနေသူ ၅ ဦးကို ကယ်ဆယ်ရန် လိုက်လံရှာဖွေ စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။