တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ပထမဆုံးအကြိမ် ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ဆန်တန်ချိန် ၁ သိန်း အရောင်း အဝယ်ပြုလုပ်ရန် နှစ်ဖက်သဘောတူစာချုပ်ဆို ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အရောင်းအဝယ်အတွက် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ရွှေချိုက်ကုမ္ပဏီနှင့် မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့က ဦးဆောင် ပြုလုပ်မည် ဖြစ်ပြီး ဇူလိုင် ၂၅ ရက်က ရွှေချိုက် ကုမ္ပဏီ ဥက္ကဌ အပါအဝင် တာဝန်ရှိသူများက မန္တလေးမြို့သို့ လာရောက်ကာ အပြန် အလှန်ညှိနှိုင်းပြီး သဘောတူ စာချုပ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းကျော်က ဧရာဝတီ ကို ပြောသည်။
“အရောင်းအဝယ်စာချုပ်အနေနဲ့ နှစ်ဘက်ကုမ္ပဏီစာချုပ်တယ်။ စာချုပ်စာတမ်းတွေကို MRF (မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်)ကို ပို့မယ်။ MRF က တဆင့် စီးပွား/ကူးသန်းဝန်ကြီးဌာနကို တင်ပြမယ်။ အဲဒါတွေ ပြီးရင်တော့ အရောင်း အဝယ်စမယ်” ဟု သူကဆိုသည်။
မူဆယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ဆန်လုံးရှည် အမျိုး အစား တန်ချိန် ၁ သိန်းအား ဆယ်လအတွင်း အရောင်းအဝယ်လုပ် သွားမည်ဟု သိရသည်။
“ဆန်တန်ဖိုး ဘယ်လောက်ဆိုပြီး စာချုပ်မှာ ဈေးအတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ မူဆယ် မှာ ဈေး သတ်မှတ်မယ်။ အရည်အသွေးပိုင်းကိုတော့ ရွှေလီမှာရှိတဲ့ တရုတ် အရည်အသွေး စစ်ဆေးရေး ဌာနက စစ်မယ်” ဟု ဦးစိုင်းကျော်က ရှင်းပြသည်။
အရောင်းအဝယ် စာချုပ်အရ ဆန်လုံးရှည် အမျိုးအစားအစုံနှင့် အနယ်နယ် အရပ်ရပ်မှ ဆန်မျိုးများ အား သတ်မှတ် အရည်အသွေး ပြည့်မှီပါက ၁၀ လအတွင်း ဝယ်ယူမည် ဖြစ်သောကြောင့် ဆန်တန်ဖိုး ကို အတိအကျ သတ်မှတ် မထားသော်လည်း လက်ရှိ တရုတ်နယ်စပ်တွင် ရောင်းချနေသော ဆန်လုံး ရှည်အမျိုးအစား အများစုသည် တအိတ် လျှင် ယွမ် ၉၀ မှ ၁၀၀ ဝန်းကျင် (မြန်မာငွေ ကျပ် ၂သောင်း ဝန်းကျင်ခန့်) ဖြင့် ရှိကြောင်း မူဆယ်ဆန်ဈေးကွက်မှ သိရသည်။
မန္တလေးတိုင်း အတွင်းမှ သာမက မြန်မာနိုင်ငံ အနယ်နယ ်အရပ်ရပ်မှ ဆန်များအား ရောင်းချ မည်ဖြစ်သလို ရောင်းချ လိုသော ဆန်ကုန်သည်များ အနေဖြင့် မန္တလေး ဆန်စပါးဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီနှင့် ချိတ်ဆက်နိုင်ကြောင်း သိရသည်။
“အခုက နယ်စပ်မှာ ဆန်အရောင်းအဝယ်က အလုပ်မဖြစ်တာ များတယ်။ အရင်လို အရောင်းအဝယ်က မသွက်တော့ စာချုပ်နဲ့မှပဲ အဆင်ပြေနိုင်မယ်။ ဒါက ဈေးကွက် အာမခံချက်တခု ရှိသွားတဲ့ သဘောမျိုး ပေါ့။ မဟုတ်ရင် မူဆယ်မှာ မရောင်းရလို့ ဂိုဒေါင်တွေမှာ ပုံပြီး ငွေတွေအောင်း နေရတဲ့ ဆန်သမားတွေ အများကြီးပဲလေ” ဟု မူဆယ်နယ်စပ်သို့ ဆန်တင်ပို့နေသူ ကုန်သည် ဦးကျော်နိုင်က ဧရာဝတီကို ပြောသည်။
ကုန်စည် ဖလှယ်သည့် စနစ်ဖြစ်သောကြောင့် မြန်မာမှ ဆန်တန်ချိန် တစ်သိန်းနှင့် တန်ဖိုးညီမျှသော တရုတ် နိုင်ငံထုတ် လယ်ယာသုံး စက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဆောက်လုပ်ရေးပစ္စည်းများအား ပြန်လည် တင်သွင်းမည်ဖြစ်ရာ ၎င်း ကုန်ပစ္စည်းများအား ပြန်လည် ဝယ်ယူသည့် အခါ လက်ရှိ တရုတ် ပေါက်ဈေး၏ ၅ ရာခိုင်နှုန်း ဈေးလျော့ကာ တင်သွင်း ခွင့်ပြုမည်ဟု စာချုပ်တွင် ထည့်သွင်း ချုပ်ဆို ထားသည်ဟု ဦးစိုင်းကျော် က ပြောပြသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ ယခုနှစ်လယ်အထိ တရုတ်အစိုးရ၏ တရားမဝင် ကုန်စည် တားဆီးရေး အစီအမံ ကြောင့် နယ်စပ် ဆန်အပါအဝင် အခြားလယ်ယာထွက် ကုန်အများစုအား မဝယ်တော့ဘဲ အရောင်းအဝယ် လနှင့် ချီ၍ ရပ်တန့်ခဲ့ရာ မူဆယ်နယ်စပ်တွင် ဆန်အိတ်ပေါင်း သိန်းချီ သောင်တင်နေခဲ့ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များက ဧရာဝတီကိုပြောသည်။
၎င်းနောက် ရပ်ဆိုင်းသွားသော နယ်စပ်ကုန်သွယ်ရေး အကြပ်အတည်းအတွက် ထွက်ပေါက်တခု အဖြစ် ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့ အချင်းချင်း ကုန်စည်ဖလှယ်သည့် စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန် နားလည်မှု စာချွန်လွှာကို ပြီးခဲ့သော ဧပြီလက လက်မှတ်ရေးထိုးခဲ့ကြသည်။
၎င်းနောက် ယူနန်ပြည်နယ် အစိုးရက လုပ်ပိုင်ခွင့်ပြုသော ကူမင်းမြို့ အခြေစိုက် ရွှေချိုက်ကုမ္ပဏီနှင့် မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့က ဇူလိုင် ၂၅ရက် က ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် အရောင်း အဝယ် ပြုလုပ်ရန် Business to Business (B to B) လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယခုလဆန်းမှ စတင်ကာ တရုတ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးမှ စက်မှုကုန်ကြမ်း ပါမစ်အဖြစ် ဆန်ကို ပြန်လည် တင်သွင်း ခွင့်ပြုခဲ့ရာ မူဆယ်နယ်စပ်မှ နေ့စဉ် ဆန်အိတ်ရေ ၅ထောင်ဝန်းကျင်ခန့် အရောင်း အဝယ်ဖြစ်လျက် ရှိ ကြောင်း သိရသည်။
You May Also Like These Story:
မူဆယ်တွင်ပိတ်မိနေသည့်ဆန်အိတ် ၃ သိန်း တရုတ်သို့ သြဂုတ်တွင် အပြီးတင်ပို့မည်
တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား
ကုန်စည် ဖလှယ်သော စနစ်ဖြင့် ဆန်တန်ချိန် ၄ သိန်း ယူနန်သို့ ရောင်းရန် စီစဉ်