ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(မဘသ) နှစ်ပတ်လည်ပွဲ ကျင်းပမှုကြောင့် နောက်ဆုံး အကြိမ် ဆုံးမသြဝါဒပေးရန် နိုင်ငံ တော် သံဃ မဟာနာယက အဖွဲ့(မဟန)၏ ပင့်လျှောက်မှုအား မဘသ ဥက္ကဋ္ဌ ဘဒ္ဒန္ဘ တိလောကာ ဘိဝံသက ကြွရောက် ခဲ့ခြင်း မရှိဘဲ စာဖြင့်သာ ယနေ့ တုံ့ပြန် ရှင်းလင်းခဲ့သည်။
ဆရာတော် ဘဒ္ဒန္ဘ တိလောကာ ဘိဝံသ က “မဟန ဆရာတော်များသည် သံဃာက အားကိုးတကြီး ရွေးချယ် တင်မြှောက် ထားသော သံဃာ့ကိုယ်စား အဖွဲ့ဖြစ်ပါလျက် သံဃာ့မျက်နှာ၊ သာသနာ့ မျက်နှာကို မကြည့်ဘဲ သာသနာဖျက်လိုသူ အာ ဏာရှင် တစု၏ ဖိအားပေးမှု ဘယာဂတိကို ရှေ့တန်းတင်ပြီး မပါးမနပ် ဆောင်ရွက်မယ် ဆိုလျှင် သူများဓားခုတ်ရာ လက် လျှိုခံ၊ အငှားဗိုက်နှင့် ဓားထိုးခံ ဖြစ်ရုံမက ကိုယ့်ဆင်က ကိုယ့်တပ်ကို ပြန်နင်း သတ်သလို ဆရာတော်များပင် သမိုင်းတရား ခံ ဖြစ်သွားနိုင်သည်ကို သတိပြုတော်မူပါ ဘုရား” ဟု ဆိုထားသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့(ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဒေါက်တာသောပါက ကလည်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) ထံသို့ ဆရာတော် ဘဒ္ဒန္ဘ တိလောကာ ဘိဝံသ၏ ပြန်ကြားလွှာမှာ မှန်ကန်ကြောင်း ဧရာဝတီ သတင်းဌာနကို အတည်ပြုပေးခဲ့ပြီး၊ ၎င်း၏ ဇေတဝန်ဆရာတော်-မင်္ဂလာဒုံ အွန်လိုင်းစာမျက်နှာတွင်လည်း ဖြန့်ဝေထား သည်။
ဆရာတော် ဘဒ္ဒန္ဘ တိလောကာ ဘိဝံသ၏ မဟနအဖွဲ့ထံသို့ ပြန်ကြားစာအား နိုင်ငံတော်၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ကာ ကွယ်ရေး ဦးစီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ထံလည်း လိပ်မူထားသည်ကို တွေ့ ရသည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) အနေဖြင့် မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဘဒ္ဒန္ဘ တိလောကာ ဘိဝံသနှင့် ဒုဥက္ကဋ္ဌ ဦးသီလက္ခန္ဓာ ဘိဝံသ(မော်ကျွန်းဆရာတော်)တို့အား ယနေ့ ကြွရောက်ရန် ပင့်လျှောက်ထားခြင်း ဖြစ်သော်လည်း ဒုဥက္ကဋ္ဌ ဆရာတော် တပါးတည်းသာ ကြွရောက်လာခဲ့သည်။
ဒုဥက္ကဋ္ဌ ဦးသီလက္ခန္ဓာ ဘိဝံသ(မော်ကျွန်းဆရာတော်) က “အင်းစိန်ရွာမ ဆရာတော်ကြီးက ကျန်းမာရေးကြောင့် မကြွလာ နိုင်တဲ့ အတွက် ဒီနေ့ ဘာမှ မမိန့်သေးပါဘူး။ သြဝါဒပေးဖို့ ဘယ်နေ့ဆိုတာ ထပ်ပြီးချိန်းတာလည်း မရှိပါဘူး” ဟု ကမ္ဘာ အေးကုန်းမြေရှိ မဟာနာယက ကျောင်းတော်ကြီးတွင် ယနေ့ မဟနဆရာတော်များနှင့် တွေ့ဆုံမှုအား ရှင်းပြသည်။
တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း မဟနအဖွဲ့က ကြေညာထားသည့် မဘသ/ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် အခမ်းအနားအား အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် ကျင်းပခဲ့ပြီး တပ်မတော်က ငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ လှူဒါန်းခဲ့သည်။
ယင်းအခမ်းအနားတွင် “တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာကို ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်နှင့် ပါဝင် လုပ် ဆောင်သူများကို ဆန္ဒမဲမပေးခြင်း အပါအဝင် တရားနှင့် အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြပါဟု ရဟန်းရှင်လူ ပြည်သူများအား တိုက်တွန်းလိုက်သည်” ဟူသည့် ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်တွန်းချက်အား နှောင့်ယှက်ဟန့်တားမည် ဆိုပါက ကိုယ်တိုင် တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာ ပျက်စီး အောင် ပြုလုပ်သကဲ့သို့ ဖြစ်နိုင်သည်ကိုလည်း သတိပြုရန် မဟနထံသို့ ပြန်ကြားလွှာတွင် ဆိုထားသည်။
မဘသအဖွဲ့နှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေလ ၂၃ ရက် ကမ္ဘာအေးကုန်းမြေတွင် လာရောက် ရှင်းလင်းခဲ့စဉ် မဟန အဖွဲ့ ဝင် အချို့အနေဖြင့် စော်ကားပြောဆို ဆက်ဆံခဲ့သည့် အပြင် ဘုရင်တို့၏ ဆွေးနွေး ဆက်ဆံပုံမျိုး ပြုမူခဲ့ကြကြောင်းလည်း ဆရာတော် ဘဒ္ဒန္ဘတိလောကာ ဘိဝံသ က ဆိုထားသည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) အနေဖြင့် မဘသ/ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အဖွဲ့အား တရားမဝင် အဖွဲ့ဖြစ်ကြောင်း ကြေညာကာ ဆိုင်းပုဒ်များ ဖြုတ်ချရန်နှင့် ၎င်းအမည်များဖြင့် အခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ရန် တားမြစ်ထားသော်လည်း မြို့နယ်အချို့တွင် အခမ်းအနား ကျင်းပမှုများ ဆက်လက် ပြုလုပ်ခဲ့သည်။
မဘသအဖွဲ့ အတွင်း ထင်ရှားသည့် ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ)အနေဖြင့်လည်း အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် အများပြည်သူ မလေးမစားဖြစ်အောင် ဟောပြောမှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရပြီး ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။
You may also like these stories:
သာသနာ့အလံကို တလွဲအသုံးပြုပါက အရေးယူမည်
ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်