ရာထူးမှ နုတ်ထွက်သွားခဲ့ရသူ စက်မှု ဝန်ကြီး ဦးခင်မောင်ချို၏ နေရာသို့ လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး ဆိုသူက ဆက်ခံရန် ရှိကြောင်း နေပြည်တော်မှ အစိုးရ သတင်းရင်းမြစ် တချို့ က ပြောသည်။
ဦးကျော်မျိုးသည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခဟောင်း ဦးမျိုးမင်း(စာရေးဆရာ နွယ်စိုး)၏ သားဖြစ်ပြီး၊ သမ္မတဟောင်း ဦးထင်ကျော် နှင့်လည်း ညီအကိုဝမ်းကွဲ တော်စပ်သူဖြစ်သည့် အပြင် အဂတိ ကင်းရှင်းပြီး လုပ်ငန်းစွမ်းဆောင်ရည်တွင် ထက်မြက်သူ ဖြစ်သဖြင့် သမ္မတရုံး၏ သဘောကျခြင်းကို ခံရသည့် ပြည်ထောင်စု အဆင့် ဝန်ကြီး၊ ဒုဝန်ကြီး အနည်းငယ် ထဲတွင် တဦး ပါဝင်သူဟု ဆိုကြသည်။
“ကျနော်တို့ သိရတာတော့ ပြီးခဲ့တဲ့ရက်ကပဲ သမ္မတကြီးက ခေါ်ပြောတယ်လို့ ကြားတယ်။ သူ(ဦးကျော်မျိုးကလည်း) ငြင်းနေတယ် လို့ သိရတယ်။ ဒါပေမယ့် လူကလည်း မရှိတော့ သူပဲ ဖြစ်ဖို့ များပါတယ်”ဟု အစိုးရ သတင်းရင်းမြစ်တဦးက ပြောသည်။
ပြင်ပမှ လူတဦးကို ဝန်ကြီးခန့်အပ်မည် ဆိုပါက နောက်ကြောင်း ရာဇဝင် လိုက်ရခြင်း၊ အစိုးရ လုပ်ငန်းစဉ် သဘောတရားများနှင့် ရင်းနှီး ကျွမ်းဝင်မှု မရှိသဖြင့် အချိန်ယူရခြင်းများ ရှိကြောင်း၊ ဦးကျော်မျိုး အနေဖြင့် ပို့/ဆက်ဝန်ကြီးဌာနမှ ထွက်လာပါကလည်း ယင်း ဝန်ကြီးဌာနတွင် ဦးသာဦး ဆိုသည့် ဒုတိယ ဝန်ကြီးတဦး ကျန်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။
“သူက လုပ်ငန်းလည်း ကျွမ်းကျင်တယ်။ သိရသလောက်တော့ လူကောင်းပဲ။ ပြီးတော့ အင်ဂျင်နီယာတယောက်ပါ”ဟု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ အရာရှိကြီးတဦးက ပြောသည်။
ကာယကံရှင် ဖြစ်သူ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးကိုယ်တိုင်က ၎င်းသည် ပို့ဆောင်ရေးဘက်တွင် အလွန် အရေးကြီးသည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်နေရသလို မိမိ ကျွမ်းကျင်သည့် လုပ်ငန်းတာဝန်များကိုသာ ထမ်းဆောင်လိုကြောင်း ဇူလိုင်လ ၂၅ ရက် နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
ဒုဝန်ကြီး ဦးကျော်မျိုးသည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) အီလက်ထရောနစ် ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့သည်။
ထို့နောက် ၁၉၇၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး လေ ကြောင်း ပို့ဆောင်ရေးဌာနခွဲတွင် ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစား ယူခဲ့သူ အရပ်သား ပညာရှင်တဦး ဖြစ်သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန်းရတနာပုံ လေကြောင်းလိုင်းတွင် အမှုဆောင် အရာရှိတာဝန် ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ အာဏာ ရလာသည့်အခါ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့/ဆက် ဒုတိယ ဝန်ကြီး ဖြစ်လာသည်။
နိုင်ငံတကာ အစည်းအဝေးများတွင် ပြည်ပ ပညာရှင်များနှင့် တန်းတူ ပြောဆိုဆွေးနွေးနိုင်သူ တဦးဟု သိရပြီး နိုင်ငံတကာနှင့် အာဆီယံ ပို့ဆောင်ရေးကဏ္ဍတွင် လူသိများသူတဦးလည်း ဖြစ်သည်။
နိုင်ငံကို စီးပွားရေး ဖံွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စား လုပ်ငန်းများ တိုးတက်ရေးသည် အလွန် အရေးကြီးသဖြင့် ယင်းလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပေးရမည့် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်သူမှာ အရည်အချင်း ရှိရန် လိုကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
NLD အစိုးရသည် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းမသေးသမီ အချိန်အထိ ၎င်း၏ အစိုးရ အဖွဲ့ မှာ တည်ငြိမ်မှု မရှိသေးဘဲ ဝန်ကြီး၊ ဒုတိယ ဝန်ကြီး အပြောင်းအလဲ တချို့ ရှိနေဆဲ ဖြစ်ပြီး လူမှန်၊ နေရာမှန် ရရှိရေး ကြိုးစားနေရဆဲ အခြေအနေတွင် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
NLD အစိုးရလက်ထက် ဝန်ကြီး၊ ဒုတိယ ဝန်ကြီး အပြောင်းအလဲများမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ စက်မှု ဝန်ကြီး ဦးခင်မောင်ချိုတို့မှာ အကြောင်း အမျိုးမျိုးဖြင့် နုတ်ထွက်သွားခဲ့ရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းမှာ အနားပေးခံခဲ့ရသည်။