အီရန်နိုင်ငံသည် ဗြိတိန်ရေနံတင် သင်္ဘောတစင်းကို အီရန်နိုင်ငံဆီသို့ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့စေသည်ဟု သတင်းများ ထွက်နေချိန်တွင် ဗြိတိန်ပိုင် အခြား ရေနံတင်သင်္ဘောတစင်းနှင့် သင်္ဘောသားများကို အီရန်နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း ဇူလိုင်လ ၁၉ ရက်က ကြေညာခဲ့သည်။
အီရန်သည် ရေနံတင်ပို့မှု ပိတ်ဆို့အရေးယူခြင်းအပေါ် ပဋိပက္ခတွင် ပိုမို ရန်လိုလာကြောင်း ထိုသို့ ကြေညာခြင်းက အမေရိကန်နှင့်ဗြိတိန်တို့ကို ရှင်းလင်းသော သတင်းစကား ပါးလိုက်ခြင်းပင်ဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်နှစ်နိုင်ငံစလုံး တို့သည် အီရန်ခြိမ်းခြောက်မှုများကို ပြန်လည်တိုက်ခိုက်ရန် ၎င်းတို့၏ စွမ်းရည်နှင့် ဆုံးဖြတ်ချက်ကို သက်သေပြရေးအတွက် ထိုဒေသအတွင်းတွင် စစ်သင်္ဘောများ ရှိနေကြသည်။
ဗြိတိန်နှင့် အမေရိကန်တို့သည် ကယ်ဆယ်မှုစစ်ဆင်ရေး ဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း လေယာဉ်တင် သင်္ဘောကြီး နှစ်စင်း၊ အမေရိကန် ဖျက်သင်္ဘောများနှင့် ဗြိတိန် ဖရီးဂိတ် စစ်သင်္ဘောတစင်းတို့ ဒေသတွင်းတွင် ရှိနေသောကြောင့် မည်သည့် တင်းမာမှုမဆိုသည် ကြီးမားသော ရေကြောင်း ပဋိပက္ခအဖြစ် ကူးပြောင်းသွားနိုင်သည်။
အီရန်နိုင်ငံသည် ဒေသတွင်းတွင် ရှိနေပြီးဖြစ်သော အမေရိကန်နှင့် ဗြိတိန် ရေကြောင်းပစ်အားနှင့် မကြာမီ ရင်ဆိုင်ရနိုင်သည်။
လေယာဉ်တင် သင်္ဘောနှင့် ပူးတွဲတိုက်ခိုက်ရေး သင်္ဘောအုပ်စုကို ထိုဒေသတွင်းသို့ မေလက စေလွှတ်ခဲ့သည်။ ထိုသို့ စေလွှတ်ရာတွင် လေယာဉ်တင်သင်္ဘော လေယာဉ်အုပ်စုများ၊ ခရူဆာသင်္ဘောတစင်း၊ ဖျက်သင်္ဘော လေးစင်းနှင့် ထောက်ပံ့ရေး သင်္ဘောများ ပါဝင်သောကြောင့် ကမ္ဘာ့ရေကြောင်း စွမ်းအားအမြင့်ဆုံး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
AV-8B Harrier ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အတွက် ပိုမိုသေးငယ်သော လေယာဉ်တင် သင်္ဘောဖြစ်သည့် USS Boxer သည်လည်း ထိုဒေသအနီးတွင် လှုပ်ရှားနေပြီး ထိုသင်္ဘောသည် အီရန် မောင်းသူမဲ့ လေယာဉ်တစင်းကို မကြာသေးမီက ပစ်ချခဲ့သည်ဟု သတင်းများက ဆိုသည်။ အီရန်က ထိုအချက်ကို ငြင်းဆိုပြီး အမေရိကန်ဘက်က ပြောဆိုချက်ကို ချေပရန် ၎င်းတို့၏ မောင်းသူမဲ့ လေယာဉ်များ အနက် တစင်း ဆင်းသက်လာသည့် ဗီဒီယိုကို ဖော်ပြခဲ့သည်။
သို့သော် အီရန်နိုင်ငံက ပြသသည့် ဗီဒီယိုသည် အကျိုးသက်ရောက်မှု ရှိ မရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။
ဗြိတိန်နိုင်ငံသည် HMS Montrose ကို စခန်းချထားပြီး ရေနံတင်သင်္ဘောများ အဖမ်းခံရပြီးနောက် ထို စစ်သင်္ဘောသည် ၎င်း၏ တည်နေရာကို အသံလွှင့်ခဲ့ပြီး ဟော်လ်မွတ် ရေလက်ကြားတွင် ခုတ်မောင်းနေသည်။ တခြား စစ်သင်္ဘော နှစ်စင်းသည် ထိုဒေသသို့ ဦးတည်လာနေကြသည်။
ဗြိတိန်နိုင်ငံ၏ Montrose သည် အစောပိုင်းက British Heritage အမည်ရှိ ရေနံတင် သင်္ဘောတစင်းကို လမ်းကြောင်း ပြောင်းပြီး အီရန်ရေပိုင်နက်သို့ ရောက်အောင် လုပ်ဆောင်သည့် အီရန် အမြောက်တင် သင်္ဘောများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ Montrose သည် ထိုရေနံတင်သင်္ဘောကို ဝန်းရံထားသည့် အီရန်၏ လျှပ်တပြက် တိုက်ခိုက်ရေး ရေယာဉ်များကို ၎င်းအပေါ်ရှိ ၃၀ မမ အမြောက်များဖြင့် ချိန်ရွယ်ခဲ့ကာ မောင်းထုတ် ခဲ့သည်။
၃၀ မမ အမြောက်များသည် ထိုကဲ့သို့သော ရေယာဉ်များကို တိုက်ခိုက်ရန်အတွက် အကောင်းဆုံးဖြစ်ကြောင်း အမေရိကန်ရေတပ်မှ အငြိမ်းစား ကပ္ပတိန် ရစ်ခ်ဟော့ဖမင်းက Business Insider မှ ရွိုင်ယန် ပစ်ကရဲလ်သို့ ပြောကြားခဲ့သည်။
သို့သော် အမေရိကန် လေယာဉ်တင် သင်္ဘောများသည် ထိုထက်ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသည်။ Boxer သို့မဟုတ် Lincoln သင်္ဘောမှ စေလွှတ်လိုက်သည့် အမြောက်တင် ရဟတ်ယာဉ်များဖြင့် အမေရိကန် နိုင်ငံသည် အီရန် လျှပ်တပျက်ရေယာဉ် အရေအတွက် မည်မျှကိုမဆို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်။
အီရန်နိုင်ငံသည် ဇွန်လအတွင်းက ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တခု တပ်ဆင်ထားသည့် တန်ဖိုးကြီးလှသော အမေရိကန် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့သည်။ ပင်တဂွန်က အီရန်ကို လက်စားချေ တိုက်ခိုက်ရန် စီမံချက်များ ရေးဆွဲခဲ့သည်။ သို့သော် အီရန်မည်မျှ သေဆုံးမည်ကို သိရှိပြီးနောက် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု သမ္မတ ထရမ့်က ပြောသည်။
လက်ရှိအချိန်တွင် အီရန်နိုင်ငံသည် ရေနံတင်သင်္ဘောကို သိမ်းယူပြီးနောက် သင်္ဘောသား အနည်းဆုံး ၂၃ ဦး ဖမ်းထားသည်။ ဗြိတိန် ထိပ်တန်း ခေါင်းဆောင်များသည် ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စများကို ဆွေးနွေးရန် သောကြာနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။
အမေရိကန် လေယာဉ်တင် သင်္ဘောများကို မြှုပ်ပစ်မည်ဟု အီရန်နိုင်ငံက မကြာခဏ ပြောဆိုနေပြီး အီရန် ရေတပ်သည် အမေရိကန်ရေတပ်ကို ချေမှုန်းပစ်ရန် စစ်ဆင်ရေး ရည်မှန်းချက် ချမှတ်ထားသည်။ သို့သော် အမေရိကန် နိုင်ငံသည် လေယာဉ်တင် သင်္ဘောများကို အကောင်းဆုံး ဖြန့်ကျက်ချထားကြောင်း ပထဝီ နိုင်ငံရေး အတိုင်ပင်ခံ လုပ်ငန်းတခုဖြစ်သော Stratfor မှ သုတေသီတဦးဖြစ်သူ ဆင်တက်ခ်က Business Insider သို့ပြောသည်။
“အမေရိကန်က လေယာဉ်တင် သင်္ဘောတွေ ဖြန့်ချတဲ့နေရာမှာ အရမ်းကို စနစ်ကျတယ်။ သူတို့က ပါရှန်းပင်လယ်ကွေ့ မှာထက် အာရေဗျ ပင်လယ်မှာ သူတို့ လေယာဉ်တင် သင်္ဘောတွေကို ထားတာကို ပိုကြိုက် ကြတယ်။ အဲဒီမှာက ရေပြင်ပိုကျယ်တယ်။ ဒါကြောင့် သူတို့လှုပ်ရှားမှုကို အကန့်အသတ် ဖြစ်စေတဲ့ ပါရှန်း ပင်လယ်ကွေ့မှာ သူတို့မဝင်ဘူး” ဟု သူက ပြောပြသည်။
အမေရိကန် လေယာဉ်တင် သင်္ဘောမှ လေယာဉ်များသည် တာဝေး ပျံသန်းနိုင်သောကြောင့် ၎င်းတို့သည် မိုင်းအန္တရာယ်နှင့် ရေငုပ်သင်္ဘော အန္တရာယ်မရှိဘဲ အဝေးရှိ အာရေဗျ ပင်လယ်မှ အီရန်နိုင်ငံကို တိုက်ခိုက် နိုင်သည်။ အီရန်နိုင်ငံသည် ရေမြှုပ်မိုင်းနှင့် ရေငုပ်သင်္ဘော တိုက်ခိုက်မှုများကို သူ၏ ရေပိုင်နက် အတွင်းတွင်သာ လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း တက်ခ်၏ အဆိုအရ သိရသည်။
“ဒီ လေယာဉ်တွေကို ခုခံနိုင်တဲ့ လေတပ်မျိုးကို အီရန်မပိုင်ဆိုင်ဘူး။ အဲဒီလို လေကြောင်း ကာကွယ်ရေးဟာ အရမ်းကို ခေတ်နောက်ကျပြီး အီရန်က မလုပ်ဆောင်နိုင်ဘူး” ဟု သူက ပြောသည်။
ထို့အပြင် ဒေသတွင်းရှိ အမေရိကန် စစ်သင်္ဘောများတွင် တိုမာဟော့ခ် ဒုံးကျည် ၄၀၀ အထိ ရှိနေနိုင်ပြီး ၎င်းတို့သည် မိုင် ၁၀၀၀ ကျော် အကွာအဝေးအထိ ပစ်ခတ်နိုင်သော ဒုံးကျည်များဖြစ်သည်။ အမေရိကန် နိုင်ငံသည် ထိုဒုံးကျည်များကို အီရန်၏ အိမ်နီးချင်း ဆီးရီးယားကို တိုက်ရာတွင် နှစ်ကြိမ်သုံးခဲ့သည်။
အမေရိကန် သို့မဟုတ် ဗြိတိန်သည် အဖမ်းခံထားရသော သင်္ဘောသားများအား ကယ်ဆယ်မှု စစ်ဆင်ရေး ဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဒေသတွင်းတွင် ရှိနေသည့် ကြီးမားသော ရေကြောင်းပစ်အားကြောင့် အီရန်နိုင်ငံက ရေနံတင် သင်္ဘောတစင်းကို ပြန်ပေးဆွဲရန် ကြိုးစားခြင်းသည် ရေကြောင်း ပဋိပက္ခတခုကို စတင်လိုက်ခြင်း ဖြစ်သွားနိုင်သည်။
အမေရိကန် သင်္ဘောများသည် တည်ဆောက်ခဲ့သမျှ သင်္ဘောများတွင် စွမ်းအား အကြီးမားဆုံး သင်္ဘောများ ဖြစ်ကြောင်း ထရမ့်က ပြောပြီး “အီရန်နိုင်ငံအနေနဲ့ အီရန်အတွက် မိုက်မဲတဲ့ အလုပ်တွေ မလုပ်ဖို့ မျှော်လင့်တယ်။ လုပ်လာရင်တော့ ဘယ်သူမှ မပေးဆပ်ဖူးသေးတဲ့ တန်ဖိုးတခု ပြန်လည် ပေးဆပ်ရလိမ့်မယ်” ဟုလည်း ဆိုသည်။
ကိုးကား ။ ။ Business Insider
ဆက်စပ်ဖတ်ရှုရန်
အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်