ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကုမ္ဗဏီလုပ်ကွက်တခုတွင် တောင်ကမ်းပါးယံ ပြိုကျမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ ကျေးရွာနှင့် ကရင်ချောင်ကျေးရွာကြားမှ အောင်ဟိန်းမင်း ကုမ္ဗဏီ လုပ်ကွက်တွင် အမြင့်ပေ ၅၀၀ ခန့်ရှိသော တောင် ကမ်းပါးယံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဧရာဝတီကို ယနေ့ နေ့လယ်ပိုင်းက အတည်ပြု ပြောဆိုသည်။
ရဲမှူးကြီး လွင်မောင်သိန်းက “စုံစမ်းစစ်ဆေးဖို့ အတွက် ပြည်နယ် အစိုးရအဖွဲ့က အဖွဲ့ဖွဲ့ လိမ့်မယ် ထင်ပါတယ်။ အဖွဲ့ဖွဲ့ပြီး စစ်မယ်။ ဘာလို့လည်းဆိုတော့ ဖြစ်စဉ်တွေက ခဏခဏ ဖြစ်တယ်။ ဒီကျောက်တွင်း တွေလည်း ပိတ်ထားတယ်။ ဒီလိုဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာတွေကို ပြည်နယ် အစိုးရအဖွဲ့က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့မှ စစ်ဆေးခိုင်းမယ်လို့ သိရပါတယ်” ဟု ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် ကုမ္ပဏီဝန်ထမ်း ၁၅ ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် (လက်နက်ခဲယမ်းပါ) ၅ ဦး၊ လုံခြုံရေး အဆောက်အအုံ ၃ လုံးနှင့် မော်တော်ယာဉ် ၁ စီး နစ်မြုပ်သွားကြောင်း၊ နွံကန်ထဲမှ လှိုင်းလုံးများ တက်လာပြီး ရိုက်ခတ်မှုကြောင့် စပေါ့ကျေးရွာနှင့် ဟင်းတင့်ကျေးရွာသွား ကားလမ်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦးအနက် ရဲတပ်သား ဆန်းဝင်းနှင့် ဝေယံကိုကိုတို့ ၂ ဦးကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိရသဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ယနေ့ အချိန်အထိ သေဆုံးသူ ကုမ္ဗဏီ ဝန်ထမ်း ၁၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့၏ အလောင်းနှင့် ထပ်တိုးတွေ့ရှိရသည့် အလောင်း ၁ လောင်း စုစုပေါင်း ၁၈ လောင်း ရရှိထားကြောင်း၊ ရဲတပ်ဖွဲ့ဝင် တဦး၏ အလောင်းကိုမူ ရှာမတွေ့သေးသဖြင့် ပျောက်ဆုံးဟုသာ ရဲမှတ်တမ်းတွင် ဖော်ပြထားကြောင်း ရဲမှူးကြီး လွင်မောင်သိန်းက ရှင်းပြသည်။
ရှာဖွေရေး လုပ်ငန်းများ လုပ်ရင်း ထပ်တိုးတွေ့ရှိရသည့် သေဆုံးသူမှာ ရေမဆေးကျောက် ရှာဖွေသူ အသက် ၂၁ နှစ်ရှိ မောင်ရီဝေခန့်ဖြစ်ပြီး ကောင်ဆန်ကျေးရွာ၊ ဖားကန့်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။
ဖားကန့်ဒေသ အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို မိုးတွင်းကာလ အတွင်း ၃ လ ဖြစ်သော ဇွန် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိ ရပ်နားရမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားချိန်တွင် ယခုကဲ့သို့ ပြိုကျမှု၊ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
ယခုဖြစ်စဉ်တွင် ရေမဆေးကျောက် ရှာဖွေသူများ ထပ်မံ တွေ့ရှိနိုင်ခြင်း ရှိ၊ မရှို ဧရာဝတီက မေးမြန်းရာ ၎င်းအနေဖြင့် အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ရဲမှူးကြီး လွင်မောင်သိန်း က ပြောသည်။
ကချင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ယခုဖြစ်စဉ်ကို သေမှုသေခင်း အနေဖြင့် ဖွင့်ထားကာ စုံစမ်းစစ်ဆေးသွား မည်ဟု လည်း သိရသည်။
ဆိပ်မူ ကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရွှေသိန်းက “ဘယ်လောက်ထိ အင်အားကြီး လည်းဆိုရင် ပေ ၂၀၀၀ လောက် ဝေးတဲ့နေရာကိုတောင် ကျောက်ခဲတွေရော၊ ရေတွေရော ရောက်လာတယ်” ဟု ပြောပြသည်။
အဆိုပါ ဖြစ်စဉ်သည် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း ၏ ကွင်းဆင်းစစ်ဆေးမှု ပြုသည့် ဖားကန့်ခရီးစဉ် ပြန်သည့် အချိန်တွင် ဖြစ်ပွားခဲ့ရာ သတင်းကြားရ၍ လမ်းတဝက်မှ ပြန် လှည့်လာပြီး ကွင်းဆင်း စစ်ဆေးခဲ့ရကြောင်း ဦးရွှေသိန်းက ပြောသည်။
ဖားကန့်တွင် ယခင်ကလည်း အကြိမ်ကြိမ် ပြိုကျခဲ့၍ လူပေါင်း ရာပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သော်လည်း သက်ဆိုင်ရာ ကုမ္ပဏီများကို သတ်မှတ်ဥပဒေ၊ နည်းဥပဒေများ ဖောက်ဖျက်ကျူးလွန်ကြောင်း၊ မလိုက်နာကြောင်း ပြောဆိုကာ တကြိမ်တခါမျှ အရေးယူခြင်းမျိုး မကြားမိကြောင်း၊ တရားဥပဒေ မစိုးမိုးမှုကို အခြေခံပြီး ငွေကြေးနှင့်သာ အရာရာကို ဖြေရှင်းသည်ကို တွေ့ရကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက “နှစ်ပေါင်း ဆယ်စုနှစ်ချီပြီးမှ စည်းကမ်းမဲ့ ကုမ္ဗဏီကြီးတွေကနေ မတရားသဖြင့် ယန္တရားတွေ အလွန်အကျွံသုံး မိုင်းတွေ မတရားခွဲပြီးတော့ မြေလှန်တူးဖော်ကြတဲ့ အတွက်ရယ်၊ နောက်တခုက ဖြစ်ပေါ်လာတဲ့ ကျင်းကြီးတွေ၊ စက်ကြီးတွေကို စနစ်တကျနဲ့ နည်းဥပဒေ အရ မပြောဘူး။ အန္တရာယ် မဖြစ်အောင် ထားရမယ့်ဟာကို မထားဘဲနဲ့ ဒီလို စိတ်ချလက်ချ ထားခဲ့တဲ့ အတွက်ကြောင့် အခုလို မိုးတွင်းမှာ မလိုလားအပ်တဲ့ မြေစာပြိုတာတွေ ကမ်းပါးယံပြိုတာတွေ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု သုံးသပ်သည်။
ယခုနှစ် ဧပြီ ၂၂ ရက်ကလည်း ဖားကန့်ရှိ နွံကန် ကျိုးပေါက်မှုကြောင့် ကုမ္ဗဏီ ၂ ခုမှ လုပ်သားဝန်ထမ်း ၅၄ ဦး နွံကန် ရေများနှင့်အတူ နစ်မြုပ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်နှင့် ၂၅ ရက်တွင်လည်း ထပ်မံဖြစ်ပွားသည့် ဖြစ်စဉ်ကြောင့် လူ ၄ ဦး ထပ်မံ သေဆုံးခဲ့သည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နွံကန်ပြိုကျခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကာ ဒုက္ခများစွာ ခံစားနေရရာ အစိုးရ အနေဖြင့် တာဝန်ယူပြီး ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းသင့်ကြောင်း ဒေသအခြေစိုက် အရပ်အဖွဲ့အစည်းများက စဉ်ဆက်မပြတ် တိုက်တွန်းလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဖားကန့်တွင် နွံကန်ကျိုးပေါက်မှုအပြီး မြေပြိုမှုများ ထပ်ဖြစ်၍ လူသေဆုံးထပ်တိုး
ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ ၃ လ ရပ်ဆိုင်း
သယံဇာတ ကဏ္ဍရှိ ပိုင်ဆိုင်မှုများ ဖော်ပြမည့် အစီရင်ခံစာ ထုတ်ပြန်မည်