နိုင်ငံရေးပိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည့် အာဏာရပါတီနှင့် တိုင်းရင်းသားပါတီတို့၏ အဆိုပြုချက်များကို ဆွေးနွေးရန် စီစဉ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်များ ဆွေးနွေးမှုတွင် ပါဝင်မည်ဟု ဆိုကာ တပ်မတော်ဘက်မှ ကိုယ်စားလှယ်ဦးရေ ၈၀ ဦး နီးပါး စာရင်းပေးထားမှုကို ယနေ့တွင် ပြန်လည် ရုတ်သိမ်းသွားကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ စတင် ဆွေးနွေးတော့မည် ဖြစ်ရာ အစည်းအဝေး လျာထားချက်တွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ အမည်စာရင်း ပါဝင်မှု မရှိတော့ကြောင်း တွေ့ရသည်။
ယခင်က လွှတ်တော်တွင် ပါဝင် ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦးစာရင်းပေးခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦး၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီမှ ၂၇ ဦး၊ အာဏာရ NLD မှ ၅ ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့မှ ၃ ဦးစီနှင့် အခြား ပါတီငယ်များက စုစုပေါင်း ၅ ဦး ပါဝင်သည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် မူကြမ်းကို အကြီးအကျယ် ဆွေးနွေးရမှာမျိုးလည်း မဟုတ်သေးဘူးလေ။ အဲဒါကြောင့် ပဲလား။ ဘယ်လိုရည်ရွယ်ချက်နဲ့လည်း ဆိုတာတော့ မသိသေးဘူး။ ရုတ်သွားတာတော့ ရုတ်သွားပြီ။ ဒီနေ့မှ ရုံးဖွင့်တာ ဆိုတော့ ဒီနေ့ပဲ ရုတ်သွားတာ ဖြစ်မှာ”ဟု အာဏာရ NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးကမူ “သူတို့ (တပ်မတော်)က သဘောထားမှတ်ချက် ၃ ခု ထုတ်ပြန် ထားတယ်လေ။ အဲဒီအတိုင်းပဲ ရပ်တည်လိုက်တာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်၏ သဘောထား ရပ်တည်ချက် ၃ ခုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်ခြင်းကို ကန့်ကွက်ခဲ့ခြင်း၊ ယခုလည်း အဆိုပြုချက် တင်သွင်းခြင်း၊ သဘောထား မှတ်ချက်ပြုခြင်းတို့တွင်လည်း ပါဝင် ဆောင်ရွက်မှု မရှိခြင်း၊ ယခု လုပ်ငန်းစဉ် သည်လည်း ဖွဲ့စည်းပုံနှင့် မညီဟု သုံးသပ်ထားခြင်းတို့ ဖြစ်သည်။
၎င်းတို့အနေဖြင့် တပ်မတော်၏ ရပ်တည်ချက်အတိုင်း လုပ်ဆောင်ရန် စဉ်းစားခဲ့သော်လည်း ပြည်သူများ သိရှိအောင် ပြောသင့် ပြောထိုက်သည်များကို ပြောဆို ဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် စာရင်းပေးထားပြီး ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးက ပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံကို အချက်ပေါင်းများစွာ ပြင်ဆင်ရန် ကြိုးပမ်းမှုသည် အခြေခံဥပဒေအတွက် အန္တရာယ် ရှိလာကြောင်း လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် မောင်မောင်က ဇူလိုင်လ ၁၇ ရက်နေ့က ပြောဆိုထားသည်။
ယခုလည်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ တပ်မတော် ကိုယ်စားလှယ်များ၏ ပြန်ရုတ်သိမ်းသွားသည့် သဘောထားကို သိရှိနိုင်ရန် ဗိုလ်မှူးချုပ် မောင်မောင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပါ။
အမည်မဖော်လိုသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးကမူ ယခုကိစ္စနှင့် ပတ်သက်၍ မနက်ဖြန် ကျင်း ပမည့် ပြည်ထောင်စု လွှတ်တော်တွင် ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်များကို အင်တာဗျူးပေးရန် ရှိကြောင်း ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “ဒီပူးပေါင်းကော်မတီကို သူတို့က နဂိုကတည်းက ကန့်ကွက်တဲ့အခါကျတော့ ဒီပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဝင်ပြီး ဆွေးနွေးဖို့ သဘောထား မရှိလို့ နောက်ဆုတ်သွားတယ်လို့ ထင်တယ်။ ပူးပေါင်းဆောင်ရွက်မှု လက်တွန့် တယ်ဆိုတဲ့ သဘောပဲ။ အခုမပါသေးဘဲ ဥပဒေကြမ်းကို ဆွေးနွေးတဲ့ အခါကျရင်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာနိုင်တယ်လို့ မြင်တယ်” ဟု ထင်မြင်ချက် ပေးသည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာတရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ တပ်မတော်၏ သဘောထား မပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မလွယ်ကူကြောင်း ထောက်ပြပြောဆိုနေကြသလို ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ကိုယ်စားလှယ် ဦးရေ၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ လွှတ်တော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၂၅ ရာခိုင်နှုန်းရှိနေရာ ၇၅ ရာခိုင်နှုန်းကျော် အချိုးအစားမျိုး ရရှိရန်မှာ လုံးဝ မလွယ်ကူပါ။
လွှတ်တော်တွင် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် မလိုလား အပ်သည့် နိုင်ငံရေး အကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ပြဌာန်းချက်များအတိုင်း ဥပဒေနှင့် အညီ လုပ်ဆောင်ကြရန် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၁၉ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုခြင်းဖြင့် ၎င်းတို့၏ သဘောထားကို ပြသခဲ့ပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
အခြေခံဥပဒေ ပြင်ဆင်ရေး NLD တင်ပြချက် တိုင်းရင်းသားအရေး ဘယ်လောက်ပါသလဲ
ဖွဲ့စည်းပုံ ပြင်ဆင်ချက်များ ဆွေးနွေးမှုတွင် တပ်မတော်သားကိုယ်စားလှယ် အများဆုံးပါဝင်ရန် စာရင်းသွင်း
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော