ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်း INGO ဝန်ထမ်းတဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က ဆိုင်ကယ်ဖြင့် သွားရောက်စဉ် တပ်မတော်မှ တားမြစ်ရာ မရပ်သဖြင့် ပစ်ခတ်ခံရကြောင်း သတင်း ရရှိသည်။
သေနတ်ဖြင့် အပစ်ခတ်ခံရသူမှာ Plan International အဖွဲ့အစည်းတွင် ဝန်ထမ်း အသက် ၂၆ နှစ်အရွယ် ကိုရဲလင်းနိုင် ဖြစ်ပြီး စစ်တွေမှ မြောက်ဦးသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကျောက်ရစ်ကယ် ရပ်ကွက် အရောက် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုရဲလင်းနိုင်၏ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က “ကျမတို့ ဆေးရုံရောက်တဲ့အခါမှာတော့ စစ်သားတွေ ဆေးရုံပို့ထားတယ်။ သွေး ၂ ပုလင်း သွင်းထားတာကို တွေ့ရတယ်။ ဆေးရုံမှာ တွေ့တဲ့ စစ်သားတွေကို မေးကြည့်တော့ သူက တော်တော် ကံကောင်းသွားတယ်အမ၊ ရပ် ရပ်ဆိုတာ မရပ်လို့ ပစ်လိုက်ရတာလို့ ပြောတယ်။ မနေ့က ဆရာဝန်ကြီးက ပြောတာ ကတော့ နှုလုံးသွေးကြောတွေ ဖြတ်ထွက်သွားတယ်။ စိုးရိမ်ရတဲ့ အနေအထားလို့ ပြောပါတယ်” ဟု ပြောသည်။
ပစ်ခတ်မှုကြောင့် ကိုရဲလင်းနိုင်မှာ ဘယ်ဖက် ရင်အုံတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ရာ ဒဏ်ရာ အခြေအနေစိုး ရိမ်ရသည့် အတွက် ယနေ့တွင် မြောက်ဦးဆေးရုံ မှနေ စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသမှု ခံယူလျှက်ရှိသည်။
မြောက်ဦးဆေးရုံမှနေ စစ်တွေ ပြည်သူ့ဆေးရုံသို့ ယူဆောင်ရန် ပြင်ဆင်နေစဉ် သက်ဆိုင်ရာ မြောက်ဦးရဲတပ်ဖွဲ့မှ ကိုရဲလင်းနိုင်အား အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ရဲတပ်ဖွဲ့ အစောင့် အရှောက် ထည့်ပေးကာ အချုပ်သား လူနာ အဖြစ်ဖြင့် စစ်တွေ ဆေးရုံသို့ ယူဆောင်လာခြင်း ဖြစ် သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ကွင်းဆက် သတင်းရ၍ မြောက်ဦး မြို့ပေါ် မြင်းခုန်တန်း ဘုန်းကြီးကျောင်းတွင် တပ်မတော် အပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ၊ သာသနာရေး ဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ နှင့် ရှာဖွေ စစ်ဆေး ရေး လုပ်နေစဉ် ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသော လူငယ် တဦး အား ရပ်ခိုင်းရာမှနေ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ဖမ်းဆီးရမိတဲ့ လူတွေကို စစ်ကြောချက်အရ AA အဖွဲ့နဲ့ မြောက်ဦးမြို့ ပေါ်က မြင်းခုန်တန်း ဘုန်းကြီးကျောင်းနဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ကွင်းဆက် သတင်းရလို့ ရှာဖွေ စစ်ဆေးရေးတွေ လုပ်နေတုန်း အချိန် သူက ဆိုင်ကယ်နဲ့ ဝင်လာပြီး ပြန်လှည့် ပြေးသွားတယ်။ အဲဒီမှာ ရပ် ရပ် ဆိုတာ မရပ်လို့ ခြောက်လှန့်ပြီး ပစ်တဲ့ အခါ ထိသွားတာ ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ်ခဲ့ပြီး ကိုရဲလင်းနိုင်အား ရှာဖွေစစ်ဆေးခဲ့ရာ ကွန်ပြူတာ လက်ပ်တော့ ၁ လုံးနှင့် ဆိုင်ကယ်အံဖုံး ထဲတွင် လက်ပစ်ဗုံး တလုံး တွေ့သည့် အတွက် ၎င်းအား အကြမ်းဖက် ဥပေ ဒေဖြင့် အမှုဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆက်လက် ပြောကြားသည်။
မိသာစုဝင်များကတော့ ကိုရဲလင်းနိုင် စစ်တွေမှနေ မြောက်ဦးသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သူ၏ ကျောပိုးအိပ်တွင် ကွန်ပြူတာ လက်ပ်တော့ပ် တလုံး၊ ငွေ ၄ သိန်း၊ ATM ကဒ်နှင့် ဝန်ထမ်းကဒ်များသာ ပါဝင်သည်ကို သိရှိရပြီး တခြား မပါဝင်ဟု ဆိုသည်။
ဖြစ်စဉ်အတိအကျကို ကိုရဲလင်းနိုင် စကား မပြောနိုင်သေး၍ မေးမြန်ချိန် မရသေးကြောင်းလည်း ၎င်း၏ ဖခင်ဖြစ်သူ ဦးသာချမ်းမောင်က ပြောသည်။
ဦးသာချမ်းမောင်က “ မနေ့က သူဆေးရုံကို ရောက်နေတယ်ဆိုပြီး သတင်းရလို့ ကျနော် လိုက်လာတဲ့အခါ သူမောပြီး စကားမပြောနိုင်ဘူး၊ ဖြစ်စဉ်ကိုလည်း မေးမကြည့် ရသေးဘူး။ ကျနော်လည်း သားမျက်နှာကို မကြည့်ရဲဘူး၊ ဝမ်းနည်း တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေနတ် ဒဏ်ရာရှိခဲ့သူ ကိုရဲလင်းနိုင်သည် မင်းပြားမြို့နယ် ရွှေတမာကျေးရွာဇာတိ ဖြစ်ပြီး နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်း တခုဖြစ်သည့် Plan International အဖွဲ့တွင် ဝင်ရောက်လုပ် ကိုင်နေသည်မှာ ၃ နှစ် ကျော် ကြာပြီ ဖြစ်ပြီး၊ လက်ရှိအချိန်တွင် မြောက်ဦးမြို့ နယ်အတွင်း တာဝန် ကျနေသူ တဦး လည်း ဖြစ်ကြောင်း မိသားစု ဝင်များက ပြောသည်။
ကိုရဲလင်းနိုင်မှာ Plan Intrenational အဖွဲ့အစည်းက ဝန်ထမ်းတဦး ဖြစ်သည့် အတွက် ယင်း အဖွဲ့အစည်းနှင့် ဆက် သွယ်ကာ မည်သို့ ဆက်လုပ်ရန် သွားရန် ရှိသနည်းဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား ဧရာဝတီမှ မေးမြန်းခဲ့ရာ ဥပဒေ အတိုင်းသာ ဆက်လုပ်မည်ဟု ပြောသည်။
အဆိုပါ ကိုရဲလင်းနိုင်ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ ပြည်တော်သာရပ်ကွက်တွင် ဖွင့်လှစ်ထား သည့် Plan Intrenational အဖွဲ့ရုံးသို့ သွားရောက်ခဲ့ရာ ရုံးဝန်ထမ်း တဦးက တာဝန်ခံ လူကြီးများ ရန်ကုန်ရောက်နေသည့် အတွက် မည်သည့်ကိစ္စကိုမျှ ဖြေကြား၍ မရကြောင်း ပြောသည်။
ယနေ့ မွန်းလွဲပိုင်းက မြောက်ဦးပြည်သူ့ဆေးရုံမှနေ တဆင့် စစ်တွေ ပြည်သူ့ဆေးရုံသို့ သေနတ် ဒဏ်ရာဖြင့် ရောက် ရှိလာသော ကိုရဲလင်းနိုင်ကို Plan Intrenational အဖွဲ့အစည်းက ဝန်ထမ်း တချို့ကလည်း လာရောက် ကြည့်ကာ ကူညီပံ့ပိုးမှုများကို လုပ်ဆောင် ပေးနေသည်ကို တွေ့ရသဖြင့် ဧရာဝတီမှ မေးမြန်းကြည့်ရာ ၎င်းတို့ အဖွဲ့မှ ဝန်ထမ်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
You may also like these stories:
မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး