ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း လမ်းဖောက်လုပ်နေသော ဆုထူးစံ ကုမ္ပဏီမှ ဖမ်းဆီးထားသည့် အလုပ်သမား များ ပြန်လွှတ်ပေးရန် လုံခြုံရေး အခြေအနေ မကောင်း၍ နှောင့်နှေး ကြန့်ကြာနေရကြောင်း ရက္ခိုင် စစ်တပ် (AA) သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။
“သူတို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုက လွှတ်ပေးဖို့ အဲဒါတော့ ပြောထားပြီး ဖြစ်တယ်။ ဒါပေမယ့် ဟိုမှာ တပ်မတော် ဘက်က စစ်ဆင်ရေးတွေ ပြင်းထန်နေတဲ့ အတွက်ကြောင့် လုံခြုံရေး အခြေအနေမကောင်းလို့ နည်းနည်း နှောင့်နှေး ကြန့်ကြာနေတာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
ဆုထူးစံ ကုမ္ပဏီသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းထဲက တခု အပါ အဝင် ဖြစ်သော ချင်းပြည်နယ် ပလက်ဝ မြို့နယ်- မီဇိုရမ်ပြည်နယ်(အိန္ဒိယ) ဆက်သွယ်ရေး ကားလမ်း ဖောက်လုပ် နေသော ကုမ္ပဏီတခု ဖြစ်သည်။
ထိုကုမ္ပဏီက အလုပ်သမား ၁၃ ဦးကို AA တပ်ဖွဲ့ဝင်များက ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်က ထောက်လှမ်းရေးဟောင်း များဟု ဆိုကာ ဖမ်းဆီးသွားခဲ့ရာမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ထို့ကြောင့် ၈ ဦး ကျန်နေသေးပြီး ယနေ့အချိန်ထိ ပြန်မလွှတ်သောကြောင့် လက်ရှိ ဖမ်းဆီးခံထားရသူများ၏ မိသားစု ဝင် များက စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိ ဖမ်းဆီးခံထားရသော ၈ ဦးမှာ ဦးကျော်ထွန်း၊ ဦးပေါ်ကြီး၊ ဦးလှမျိုး၊ ဦးထွန်းအောင်ကျော်၊ ဦးဇော်မျိုးသူ၊ ဦးစောကိုကိုနိုင်၊ ဦးသိန်းဇော်၊ ဦးသိန်းဟန်တို့ ဖြစ်ကြသည်။
ဖမ်းဆီးခံထားရသူများထဲမှ တဦးဖြစ်သည့် ဦးပေါ်ကြီး၏ ညီမဖြစ်သူ မသိမ့်သိမ့်ထွေးက သူ၏ အစ်ကိုသည် စစ်မှု ထမ်းဆောင် ဖူးခြင်း မရှိဘဲ အရပ်သား ဖြစ်ကြောင်း၊ စက်ပြင်ခြင်းနှင့် စက်ယန္တရားမောင်းရန် အလုပ်ခေါ်၍ လိုက်ပါ လုပ်ကိုင်ခြင်း ဖြစ်ပြီး မည်သည့် ကုမ္ပဏီတွင် လုပ်ကိုင်နေမှန်းလည်း မသိဘဲ ဖမ်းဆီးခံရမှသာ သိရကြောင်း ဧရာဝတီ ကို ပြောသည်။
“အစ်ကိုက ရိုးရိုး အလုပ်သမား၊ သူများတွေက အဝေးခေါ်ရင် လိုက်တယ်။ အဲဒီလို စစ်မှုထမ်းတွေ ဘာတွေ မလုပ်ဖူး ဘူး သာ မန်လူပဲ။ အစ်ကိုက စက်လည်းမောင်းတတ်တယ်၊ စက်လည်း ပြင်တတ်တယ်ဆိုတော့ သူ့ကို ကိုထူး ဆိုတဲ့ လူက အလုပ် လုပ်မလား လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ အဖမ်းခံရလို့ လိုက်မေးတော့လည်း ဘာမှမပြောဘူး၊ ကိုထူး ဆိုတဲ့ လူက လည်း မပြောဘူး။ လမ်းမှာတွေ့လို့ မေးတော့မှ အဖမ်းခံရတာကို ပြောတယ်။ အခု အသက်ရှင်လား၊ သေလား မသိဘူး” ဟု ၎င်းက ပြောပြသည်။
တခြားသော ဖမ်းဆီးခံထားရသည့် ဦးဇော်မျိုးသူ၊ ဦးသိန်းဟန်တို့၏ မိသားစုဝင်များကို ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း အဆက်အသွယ် မရခဲ့ပေ။
အဆိုပါ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဆုထူးစံကုမ္ပဏီဘက်က မိသားစုဝင်များကို အားပေးနှစ်သိမ့်မှုမျိုး မလုပ်သလို တစုံတရာ ထောက်ပံ့မှုလည်း မရှိကြောင်း မသိမ့်သိမ့်ထွေးက ပြောသည်။
“ဆုထူးစံကုမ္ပဏီက ဘာမှ မေးတာ မရှိသလို အားပေးနှစ်သိမ့်တာလည်း မရှိဘူး။ တခြားလူတွေဆိုရင် သူတို့ကို တရား တောင် စွဲကြမှာ။ ကျမတို့က မလုပ်ပါဘူး၊ သူ့ထိုက်နဲ့သူ့ကံ ဆိုပြီးပဲ ဖြေသိမ့်နေတာ။ ထောက်ပံ့ကြေးလည်း မရပါဘူး။ ဒီတိုင်းပဲ ပစ်ထားတယ်၊ အမေကဆိုရင် ငါ့သားလေး သေသလား ရှင်သလား ဘာသတင်းမှ မကြားရဘူး၊ ဒါကြောင့် ဖုန်း လေး မျှော်နေတာပေါ့။ သူ့မှာ သမီးနဲ့ မိန်းမရှိတယ်။ သူတို့လည်း မျှော်နေကြတာ”ဟု ၎င်းက ပြောဆိုသည်။
AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေး စိုးရိမ်သည့် အတွက် ပြန်လွှတ်ပေးရန် နှောင့်နှေးနေခြင်း ဖြစ်ပြီး ၎င်းတို့ထံတွင် ဖမ်းဆီးခံထားရသူများ သက်ရှိထင်ရှား ရှိသကဲ့သို့ အားလုံး ကျန်းကျန်းမာမာ ရှိကြကြောင်း ပြောသည်။
“ဘာလို့လဲဆိုတော့ လမ်းမှာ တခုခုဖြစ်သွားရင် ကျနော်တို့ အပြစ်မကင်းဘူးလေ။ အဲဒါကြောင့် ကျနော်တို့က လုံခြုံရေး အရ သေချာမှ သူတို့ကို လွှတ်ပေးမယ်။ သူတို့ အကုန်လုံး ကျန်းကျန်းမာမာ၊ လုံလုံခြုံခြုံရှိနေတယ်၊ ဘာမှ စိတ်ပူစရာ မရှိ ဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် AA နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွား လျက် ရှိနေသည်။
တိုက်ပွဲများသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစတင်၍ ယနေ့အထိ ဖြစ်ပွားသော တိုက်ပွဲများ ဖြစ်ပြီး ပလက်ဝ မြို့နယ် အတွင်း ဒေသခံ ၂၃၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ရခိုင်ပြည်နယ် အတွင်းရှိ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များမှ ဒေသခံ ၄၅၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
စစ်ရေး တည်ငြိမ်ပါက ဆုထူးစံ လမ်းလုပ်သား ၈ ဦးကို ပြန်လွှတ်ပေးမည် ဟု AA ဆို