သတင်း

အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းအင်မူဝါဒဆိုင်ရာ အိတ်ဖွင့်ပေးစာ အစိုးရထံ ပေးပို့မည်

Want create site? Find Free WordPress Themes and plugins.

သံလွင်ရေကာတာ စီမံကိန်း အပါအဝင် ပြည်နယ် စွမ်းအင် မူဝါဒနှင့် ပတ်သက်ကာ ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများက ရှမ်းပြည်နယ် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ဇူလိုင် ၂၇ နှင့် ၂၈ ရက်က ကျင်းပခဲ့ပြီး ၎င်းဆွေးနွေးပွဲမှ ရရှိလာသော ဘုံသဘောတူညီချက် ၆ ချက်ကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့ထံ အိတ်ဖွင့်ပေးစာများ ယခုတပတ်အတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ မူဝါဒတွင် ရေအားလျှပ်စစ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဦးစားပေးအဖြစ် ထည့်သွင်း ရေးဆွဲထားခြင်းသည် နိုင်ငံ့ကြွေးမြီကို မြှင့်တက်စေပြီး သဘာပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ကို ထိခိုက်မှုရှိသည့်အတွက် Green Energy ကို ဦးစားပေး အကောင်အထည်ဖော်ရန်၊ စွမ်းအင်မူဝါဒ ရေးဆွဲရာတွင် နိုင်ငံတကာ အပါအဝင် ဒေသတွင်း အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိသည့် အချက်အလက်များအား အခြေခံကာ ဒေသခံ ပြည်သူများ၏ ဆုံးဖြတ်ခွင့်များလည်း ထည့်သွင်းရေးဆွဲရန်နှင့် သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုများသော စွမ်းအင် အရင်းအမြစ်များထက် ပြန်ပြည့်မြဲစွမ်းအင်ကို ဦးစားပေး အကောင်အထည်ဖော်ရန်တို့ ပါရှိသည်။

သံလွင်ရေကာတာစီမံကိန်း အပေါ် စောင့်ကြည့်လေ့လာနေသော SaNaR (Save The Natural Resource) အဖွဲ့၏ ဒါရိုက်တာ ကိုအေပရာယ်ကြူကြူးက “လက်ရှိ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး ကာလမှာ တရုတ် သာမက ဘယ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ဝင်လာတာကိုမဆို သတိထား ကိုင်တွယ်သင့်ပါတယ်။ အခုလို အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ပတ်သက်တဲ့ ဥပဒေတွေက ဒေသခံတွေအပေါ် ဘယ်လောက် ခိုင်ခိုင်မာမာ အကာအကွယ် ပေးထားနိုင်မလဲ ဆိုတာ ဆန်းစစ်သင့်ပါတယ်” ဟု ဆိုသည်။

စွမ်းအင်မူဝါဒဆိုင်ရာများတွင် ဗဟိုချုပ်ကိုင်မှု လျော့ချကာ တိုင်း၊ ပြည်နယ်အဆင့်ကို စွမ်းအင် အရင်းအမြစ်များ တပိုင်တနိုင်သော် လည်းကောင်း၊ ဒေသခံကုမ္ပဏီများအား လည်းကောင်း ထုတ်လုပ်၊ ဖြန့်ဝေ၊ သုံးစွဲခွင့်ပြုရန်၊ အစိုးရအနေဖြင့် ဓာတ်အားလိုင်းကွန်ရက်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် တို့တွင် ပွင့်လင်းမြင်သာပြီး သီးခြားလွတ်လပ်သည့် Third Party အဖွဲ့ ခန့်ထားကာ ကြီးကြပ်စေခြင်းစသည့် အချက်တို့်လည်း အိတ်ဖွင့်ပေးစာတွင် ပါဝင်ကြောင်း သိရသည်။

စီမံကိန်းစတင်စဉ်ကတည်းက အစဉ်တစိုက် ကန့်ကွက်ခဲ့သည့် သံလွင်ရေကာတာများ တည်ဆောက်ရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအများစုမှာ တရုတ်ကုမ္ပဏီများဖြစ်ကာ အချို့သည် နာမည် သတင်းမကောင်းဟု ကြားသိနေရသဖြင့် ဒေသခံများက ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု သံလွင်ရေကာတာစီမံကိန်း အပေါ် စောင့်ကြည့်လေ့လာနေသော SaNaR (Save The Natural Resource) အဖွဲ့က ပြောသည်။

“တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများစုက မြန်မာမှာ သာမက ကမ္ဘာမှာလည်း အကျိုးအမြတ်ကို ဦးတည်ပြီး လုပ်ပိုင် ခွင့် ရှိတဲ့သူတွေနဲ့ ပေါင်းပြီး အောက်ခြေမှာ အားလုံးဖြစ်အောင် လုပ်တဲ့သဘောမျိုး ရှိပါတယ်။ တရုတ် ရင်းနှီး မြှုပ်နှံမှုက ငွေအလုံးအရင်းနဲ့တော့ ဝင်လာမယ်။ ပြီးရင် မြေသိမ်းယာသိမ်းနဲ့ တခြားနိုင်ငံရဲ့ အချုပ် အခြာကို ငွေနဲ့ဝယ်နေတယ်လို့ ခံစားရပါတယ်” ဟု အဖွဲ့ ဒါရိုက်တာ ကိုအေပရာယ်ကြူကြူးက သုံးသပ်သည်။

သံလွင်ရေကာတာ စီမံကိန်း လုပ်ဆောင်ရန် အစိုးရက၂၀၁၃ ခုနှစ်မှ စတင်ကာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး သံလွင်မြစ်ကြောင်း တလျှောက်ရှိ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁ သောင်းခွဲကျော် ထုတ်လုပ်နိုင်မည့် ရေကာတာ(ဆည်) ၆ ခုကို တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ ရေကာတာ ၆ ခုအနက် သံလွင်မြစ်မကြီးပေါ်တွင် ၅ ခုနှင့် မြစ်လက်တက်ပေါ်တွင် ၁ ခုတည် ဆောက်မည်ဖြစ်ကြောင်း၊ မြစ်မကြီးပေါ်တွင် တည်ဆောက်မည့် ရေကာတာ ၅ ခုတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက အများဆုံးဖြစ်ကြောင်း အဆိုပါစီမံကိန်းအား စောင့်ကြည့်လေ့လာနေသော အရပ်ဖက်အဖွဲ့ အစည်းများထံက သိရသည်။

ပါဝင်မည့် တရုတ်ကုမ္ပဏီများမှာ တရုတ် ဟင်နရီဟိုး(လ်)ဒင်းကုမ္ပဏီ၊ Hydro china Corporation ကုမ္ပဏီ၊ China Three Gorges Corporation ကုမ္ပဏီတို့ ပါဝင်ပြီး မိုင်းတုံရေကာတာတွင် တရုတ်နှင့် အတူ ထိုင်း နိုင်ငံမှ EGAT International ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်ကာ ပြည်တွင်းမှ အေးရှားဝေါလ်ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီတို့လည်း ပါဝင်သည်။

“ကျမတို့အနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားလို့၊ တိုင်းပြည်ဖွံ့ဖြိုးမှာကို မလိုလားလို့ ဒီစီမံကိန်းတွေကို ကန့် ကွက်ရတာ မဟုတ်ပါဘူး။ အစိုးရမှာ ဒါတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့၊ တိကျရှင်းလင်းတဲ့ မူဝါဒ တွေ မရှိသေးဘူးလို့ မြင်တဲ့အတွက် ဒေသခံတွေနဲ့ ကျမတို့ရဲ့ အရင်းအမြစ်တွေကို ကာကွယ်ဖို့ အခုလို ကန့်ကွက်နေရခြင်း ဖြစ်ပါတယ်”ဟု ကျွန်းတထောင်မြေဖောင်ဒေးရှင်း (Thousand Islands Foundation) ဒါရိုက်တာ ဒေါ်နန်းဝါနုက ဧရာဝတီကို ပြောပြသည်။

ရေကာတာ စီမံကိန်းတခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်နှင့် မိုင်းတုံမြို့နယ်အကြား တည်ဆောက်ရန် စီစဉ်နေသည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၇၀၀၀ ကျော်ထုတ်လုပ်မည့် မိုင်းတုံ (တာဆန်း) ရေကာတာသည် အရှေ့တောင် အာရှတွင် အကြီးဆုံးဖြစ်လာမည့် ရေကာတာ ၁ ခုဖြစ်ကာ ယင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ရေမြုပ်ဧရိယာသည် စင်ကာပူနိုင်ငံ ၁ နိုင်ငံစာ အကျယ်အဝန်းခန့်ရှိသည်ဟု SaNaR အဖွဲ့ထံက သိရသည်။

စီမံကိန်းဧရိယာအနီးတွင် လုံခြုံရေးအရ ဒေသခံများအား ဝင်ထွက်ခွင့် တားမြစ်ထားသော်လည်း ပြီးခဲ့သည့် နှစ်လယ်ပိုင်းက တရုတ်နိုင်ငံသား အများအပြား ထိုနေရာသို့ လာရောက်ရာတွင် လုံခြုံရေးပေးခဲ့သည့် ဒေသအာဏာပိုင် အဖွဲ့အစည်းသို့ မေးမြန်းခဲ့ရာ တိကျရေရာသော အဖြေကို မရရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ် များကြောင့် ဒေသခံများ၏ စိုးရိမ်မှု ရေချိန်ပိုမြင့် လာစေကြောင်း အရပ်ဘက် အဖွဲ့အစည်းများက သုံးသပ်နေကြသည်။

“ပြည်ထောင်စုအစိုးရအဆင့်က ဒီလူတွေကို လုံခြုံရေးပေးပါလို့ ညွှန်ကြားလာတဲ့အတွက် လုံခြုံရေးပေးရတာ ဘာကြောင့်ဆိုတာ ပြည်နယ်အစိုးရကတောင် သေချာမသိတဲ့ အခြေအနေမျိုးဆိုတော့ ဒေသခံတွေ စိတ်ပူမယ်ဆိုလည်း စိတ်ပူချင်စရာ ဖြစ်လာပါတယ်” ဟု ဒေါ်နန်းဝါနုက ပြောသည်။

မြန်မာနိုင်ငံတွင်း တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း၊ သံလွင်ရေကာတာစီမံကိန်း၊ မိုင်းတုံ(တာဆန်း) ရေကာတာစီမံကိန်း စသည့် စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများရှိနိုင်ခြင်းကြောင့် ဒေသခံများအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်

မြန်မာ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နဲ့ရေးနေတယ် ဆိုပါလား

ဆက်ဆောက်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး ပျက်နိုင်ပါတယ် 

Did you find apk for android? You can find new Free Android Games and apps.
Loading