ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ရန်ကုန်နှင့် မုံရွာ နည်းပညာ တက္ကသိုလ်တို့တွင် ချည်မျှင်နှင့် အထည်အလိပ် (Textile) ကျွမ်းကျင် အင်ဂျင်နီယာများ မွေးထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က“ရန်ကုန်က လှိုင်သာယာ နည်းပညာ တက္ကသိုလ်၊ မုံရွာ နည်းပညာ တက္ကသိုလ်တို့နဲ့ စကားပြောနေတယ်။ လောလောဆယ်မှာ ဆဋ္ဌမနှစ် ကျောင်းသား တွေ ရှိတယ်။ သူတို့က အတန်း မရှိတော့ဘူး။ တက္ကသိုလ် ပါမောက္ခချုပ်တို့နဲ့ ညိုပြီး ကျမတို့ အထည်ချုပ် လုပ်ငန်း အတွက် ချည်မျှင်နဲ့ အထည်အလိပ် အင်ဂျင်နီယာနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်သူတွေကို သင်တဲ့ဟာသင်ဖို့ ဆွေးနွေးနေတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်၍“ကျောင်းသား၊ ကျောင်းသူတွေ ပြန်ခေါ်ပြီး ကျမတို့ အနေနဲ့ ပြန်ပို့ချပေးမယ်။ ဒါဆိုရင် အထည် ချုပ် ကဏ္ဍကိုလည်း ပိုနားလည်သွားမယ်”ဟု ပြောဆိုသည်။
ထိုသို့ အသေးစိတ် သင်ကြားမှုများ လုပ်ဆောင်ရခြင်းသည် မြန်မာ့ အထည်ချုပ် လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှု မန်နေဂျာ (Production Manager) နေရာတွင် ချည်မျှင်နှင့် အထည်လိပ် အင်ဂျင်နီယာများကို နိုင်ငံခြားသား လုပ်သား များ အစား ပြည်တွင်း လုပ်သားများကို ခန့်ထားနိုင်ရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။
၎င်းက ဆက်လက်၍“ဖြစ်နိုင်ရင် ဒီရာထူးကို ကိုယ့်ရဲ့ မြန်မာတွေကို ဝင်လုပ်စေချင်တယ်။ တော်တော်များများက Production Manager နေရာကို နိုင်ငံခြားသား ခန့်တာ များတယ်။ အဲဒီတော့ မြန်မာလုပ်သားတွေ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ”ဟု ပြောသည်။
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ပညာရေး အသိုက်အဝန်းကောင်း တခု ပေါ်ထွက်လာရန် ကြိုးစားနေပြီး မကြာခင်တွင် သတင်းကောင်း ကြားရမည် ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်လည်း ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
အထည်ချုပ်ကဏ္ဍ၌ လက်ရှိတွင် သင်တန်း ၂ မျိုးပေးနေပြီး စက်ချုပ်(အလုပ်လိုသော သူများကို) သင်ကြားပေးခြင်းနှင့် စက်ရုံ အုပ်ချုပ်ပုံ၊ ထုတ်လုပ်မှု အုပ်ချုပ်ပုံဖြစ်သော ကြီးကြပ်ရေးမှူး၊ အလုပ်သမား ခေါင်းဆောင်၊ စက်ရုံမှူး စသည့် လုပ်ငန်း နယ်ပယ်ဆိုင်ရာ များကိုလည်း သင်ကြားပေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
လောလောဆယ်တွင် ပညာရပ်များကို ချူံ့ပြီး သင်ကြားနေသော်လည်း နောက်ပိုင်းတွင် လုပ်ငန်း အတွေ့အကြုံများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သင်ကြားမှုများ လုပ်ဆောင်ရန်နှင့် ကျောင်းနှင့် စက်မှုလုပ်ငန်းများကိုလည်း မည်သို့ ချိတ်ဆက် မည်နည်း ဆိုသည့် အချက်များ ဆွေးနွေး လုပ်ဆောင်သွားရန် ရှိကြောင်း ဆိုသည်။
အဆိုပါ Textile ဘာသာရပ်သည် ကျောင်းသားအများစု စိတ်ဝင်စားမှု နည်းသောကြောင့် တချို့သောနည်းပညာ ကျောင်း များတွင် မသင်ကြားဘဲ ထားရသည်များ ရှိသော်လည်း ယခုနှစ်တွင် ပြန်လည် သင်ကြားရမည်ဟု ပညာရေး ဝန်ကြီးဌာနက ဆုံးဖြတ်ထားကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက“ဒီကိစ္စတော့ ကျနော်တို့ဆီတော့ မရောက်သေး ဘူး။ လုပ်မယ်ဆိုရင် အဲဒီလုပ်မယ့် တက္ကသိုလ်သာ မေးကြည့်လို့ ရမယ်။ ကျနော်တို့ဆီတော့ ဘာစာ အထောက် အထား မှ မရောက်သေးဘူး”ဟု ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ရန်ကုန်မြို့ အောင်ဆန်းမြို့နယ်နေ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်နှင့် ကျောင်းပြီးထားသူ မအိက“အဓိက ချည်ထည် ပိုင်း ပေါ့။ ယူတဲ့သူ နည်းတယ်။ အခုက အရမ်းကြီး ဖွံ့ဖြိုးနေတာ မဟုတ်တော့ အစိုးရ အလုပ် မလုပ်ရင် အလုပ်ရဖို့ ရှား တယ်။ ကျောင်းသား အရေအတွက်နဲ့ အလုပ်က ရှားတယ်။ ဘာသာရပ်ကတော့ စက်ပိုင်းတွေ၊ ထုတ်လုပ်တာတွေ၊ ဝါစေ့၊ ဝါမျှင် ကနေ စပြီးတော့ အထည်ဖြစ်တဲ့ အထိ သင်ရတယ်။ အခုလို ပုဂ္ဂလိကနဲ့ ပေါင်းပြီး သင်ပေးမယ်ဆိုတော့ ပို ကောင်း တာ ပေါ့။ အလုပ်လည်း လွယ်သွားမယ်”ဟု ပြောသည်။
အစိုးရ စက်ရုံများတွင် ပြန်လည်၍ အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်သော်လည်း လစာနည်းပါးသဖြင့် ကျောင်းသား အများ စုသည် ယင်းဘာသာရပ်အား သင်ယူမှု နည်းပါးကြောင်း ၎င်းက ဆိုသည်။
အထည်ချုပ်၊ ထီး၊ ဖိနပ်၊ အိတ် အစရှိသော CMP (လက်ခစား) လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှာ ၁၉၈၈ ခုနှစ်မှ စတင်၍ ယခုအချိန်ထိ လုပ်ငန်းပေါင်း ၃၆၀ မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၂၂ သန်း ရရှိ ထား ပြီး တရုတ်နှင့် ဟောင်ကောင် နိုင်ငံများမှ အများဆုံး ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီး ဌာန (DICA) က သိရသည်။
CMP လုပ်ငန်းများတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ၁၉၈၈ ခုနှစ်မှ ယခုအချိန်ထိ လုပ်ငန်းပေါင်း ၁၅၂ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း ၂၁၂၈၉ သန်း ဝင်ရောက်ထားကြောင်းDICA ၏ စာရင်းများတွင် ဖော်ပြထား သည်။