သတင်း

သင်္ဃန်းကျွန်း NLD ရုံးရှေ့ လက်ပစ်ဗုံး ထားသွားသူကို ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့် ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးရှေ့ လက်ပစ်ဗုံး တွေ့ရှိမှုနှင့် ပတ်သက်ပြီး CCTV မှတ်တမ်းတွင် ထွက်ပေါ်လာသည့် သံသယရှိသူ တဦးကို လိုက်လံ ရှာဖွေနေကြောင်း သိရ သည်။

သံသယရှိသူ၏ ရုပ်ပုံနှင့် ထိုသူ အသုံးပြုခဲ့သည့် ကားတစီးတို့ကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေကြောင်း သင်္ဃန်း ကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်(ခ) ဦးနေမျိုးကျော်က ပြောသည်။

ရဲတပ်ဖွဲ့က ရပ်ကွက် အတွင်း တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ CCTV မှတ်တမ်းများကို တိုက်ဆိုင် စစ်ဆေးပြီး ထိုကဲ့သို့ တွေ့ရှိခဲ့ကြောင်း၊ သံသယရှိသူ အသုံးပြုသည့် ကားကိုလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အတွင်းရှိ တနေရာ တွင် ရပ်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ကားမှာ လိုင်စင်မဲ့ကား ဖြစ်နေကြောင်း ၎င်းက ဆက်ပြော သည်။

ဦးနေဘုန်းလတ်က“အခုက လူကိုတော့ ဓာတ်ပုံလောက်ပဲ ရသေးတယ်။ ကားကိုတော့ တွေ့ပြီ။ အဲဒီကား ဒီနေရာကို ဘယ် လမ်းတွေကနေ ဝင်လာတာလဲ၊ ဒီနေရာကနေ ဘယ်လို ထွက်သွားတာလဲ ဆိုတာကို ရဲဘက်က ရန်ကုန်မြို့က CCTV မှတ် တမ်းတွေနဲ့ လိုက်နေတုန်းပဲ။ ကားက လိုင်စင်မဲ့ ဆိုတော့ ဒီကားနောက်ကြောင်းတော့ လိုက်လို့ မရတော့ ဘူး”ဟုလည်း ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကောင်းနိုင်ထံသို့ ဆက်သွယ် အတည်ပြုချက်ယူရာတွင် ၎င်းအနေဖြင့် ယခုလို အမှု မျိုးသည် တိုင်းအဆင့် ရဲတပ်ဖွဲ့ကမှ အများပြည်သူ အတွက် အသိပေးနိုင်မည် ဖြစ်ကြောင်း ပြောသည်။

ရဲမှူး ကောင်းနိုင်က“ဒီလို အမှုတွေက တိုင်းရဲတပ်ဖွဲ့ သတင်းပြန်ကြားရေးတွေက ထုတ်ပြန်သင့်တဲ့ အချိန်မှာ ထုတ်ပြန် ပါ လိမ့်မယ်။ ကျနော်တို့အနေနဲ့ ဘာမှပြောလို့ မရဘူး။ အထက်အရာရှိတွေက ဒါကိုဖြေပေးလိုက်ပါလို့ ကျနော်တို့ဆီ တိုက်ရိုက် ညွှန်ကြားမယ် ဆိုရင်တော့ ကျနော် ပြောလို့ရမယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး လှရီကလည်း သင်္ဃန်းကျွန်း၌ ဖြစ်ပွားခဲ့သည့် လက်ပစ်ဗုံး ကိစ္စတွင် ရဲလုပ်ငန်းစဉ် များ လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း ပြောသည်။ 

ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် NLD ပါတီရုံးရှေ့ပန်းရုံထဲတွင် ပေါက်ကွဲစေသည့် စနက်တံ မဖြုတ် ထားသော လက်ပစ်ဗုံး တလုံးကို အမှိုက်သိမ်းသူ တဦးက စတင် တွေ့ရှိခဲ့ပြီး မြို့နယ် ရဲမှူး ကိုယ်တိုင် လက်ပစ် ဗုံး ကို အသက် မဲ့အောင် ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ NLD ပါတီရုံး အနီးဝန်းကျင်တွင် သင်္ဃန်းကျွန်း မြို့နယ် ဘဝမြင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့က တပ်ဆင်ထား သည့် CCTV ကင်မရာ၂ လုံး ရှိသည်ကိုလည်း တွေ့ခဲ့ရသည်။ 

NLD ပါတီရုံး အနီး ယခုလို လက်ပစ်ဗုံး လာရောက်ထားခြင်းသည် မည်သည့် အကြောင်းအရာကြောင့် ထားသည်ကို မသိသော်လည်း တရားဥပဒေ စိုးမိုးရေး အတွက်တော့ စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်နေပြီဟု အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူများက ပြောသည်။

ယခုကဲ့သို့ NLD ပါတီကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းလား ဆိုသည်ကို တနိုင်ငံလုံးရှိ NLD ပါတီရုံးများ အတွက် တပ်လှန့်လိုက်သည့် အခြေအနေဖြစ်နေပြီဟု သင်္ဃန်းကျွန်းမြို့နယ် NLD ပါတီဝင်များက ယူဆကြကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

သင်္ဃန်းကျွန်း NLD ပါတီရုံးရှေ့ လက်ပစ်ဗုံးတွေ့ရှိမှု မည်သူ့ကိုမှ ခေါ်မစစ်ရသေး

Did you find apk for android? You can find new Free Android Games and apps.
Loading