မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ဇူလိုင် ၂၉ ရက်နေ့က အမျိုးသား ၂ ဦးထံမှ ကာလ တန်ဖိုး ကျပ်သိန်း ၃၈၀ ကျော်ရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည် ခရိုင် အမှတ် ၉၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ သိရ သည်။
ဘိန်းစိမ်းများ သယ်ဆောင်လာသူများမှာ ကချင်ပြည်နယ် ဗန်းမောက်မြို့နယ် လိပ်စော ကျေးရွာနေ ရွှေလုံးနှင့် အောင်သက်စိန် ဆိုသူများ ဖြစ်ပြီး မန္တလေးမြို့တွင် ပြန်လည်ရောင်းချရန် သယ်ယူလာခြင်းဖြစ်သည်ဟု ဆိုသည်။
“အခုလက်ရှိ သူတို့ကို မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်၊ အမှုကို ကျနော်တို့ဆီမှာ ဖွင့်လှစ်ထားပြီးတော့ တောင်ပိုင်း မူးယစ် ၁၈ ကနေ စစ်ဆေးနေပါတယ်၊ အဓိက နောက်ဆက်တွဲတရားခံတွေ ဆက်လက် ဖမ်းမိနိုင်အောင် အတွက်ပါ” ဟု ကျောက်ဆည် မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။
ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန် – မန္တလေး ကားလမ်းဟောင်း၊ ကျောက်ဆည်မြို့လယ်ရှိ လက်ပြတိုင် မီးပွိုင့် အနီး ၌ ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းရေး ဆောင်ရွက်စဉ် အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးအား နံပါတ် ပြားများ တပ်ဆင်ထားခြင်း မရှိသဖြင့် ရပ်တန့် စစ်ဆေးခဲ့ရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးရာတွင် ဆိုင်ကယ်ထိုင်ခုံ ကူရှင်အောက်မှ ဘိန်းစိမ်း ၁၅ ထုပ်နှင့် Toolbox အတွင်းမှ ဘိန်းစိမ်း၂ ထုပ်၊ အမျိုးသား ၂ ဦး လွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ ဘိန်းစိမ်း ၃ ထုပ် စုစုပေါင်း အလေးချိန် ၂၅ ဒသမ ၉ ကီလိုဂရမ် ကာလ တန်ဖိုး ကျပ် သိန်း ၃၈၀ ကျော်ဖိုး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
“မနေ့က ယာဉ်ကြောပိတ်နေလို့ ရှင်းလင်းရေး လုပ်ပေးနေတဲ့အချိန်မှာ ဆိုင်ကယ်က နံပါတ်ပြား မပါလို့ မသင်္ကာတာနဲ့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာပါ။ စစ်ဆေးတော့ ဘိန်းစိမ်းတွေ ဖြစ်နေတာမို့ မူးယစ်တပ်ဖွဲ့ကို အကြောင်းကြားပေးခဲ့တာ၊ အသေးစိတ် အချက်အလက်ကို မူးယစ်ကပဲ သိပါလိမ့်မယ်”ဟု ကျောက်ဆည် ခရိုင် အမှတ် ၉၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရုံးမှ ရဲအုပ် ကျော်စိုးလွင်က ရှင်းပြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘိန်းစိမ်းများ သယ်ဆောင်လာသော ရွှေလုံးနှင့် အောင်သက်စိန် တို့ကို ကျောက်ဆည် မြို့မ ရဲစခန်းက မယ(ပ)၃၆/၂၀၁၉၊ မယ(ပ)၃၇/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှု ၂ မှု ဖွင့်လှစ် ဖမ်းဆီးထား ကြောင်း သိရသည်။