ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းဗဟို (မဘသ)တွင် အဓိက တာဝန်ရှိသည့် ဥက္ကဋ္ဌ ဘဒ္ဒန္ဘ တိလောကာ ဘိဝံသ (အင်းစိန်ရွာမ ဆရာတော်) နှင့် ဒုဥက္ကဋ္ဌ ဦး သီလက္ခန္ဓာ ဘိဝံသ (မော်ကျွန်းဆရာတော်)တို့အား ဓမ္မစက်ဖြင့် ဆောင်ရွက်မှု ပြီးဆုံးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ ကြေညာလိုက်သည်။
ယမန်နေ့ ဇူလိုင်လ ၂၉ ရက်က နိုင်ငံတော် သံဃမဟာနာယက (မဟန)မှ ယင်းဆရာတော် နှစ်ပါးအား မဘသ နှစ်ပတ်လည်ပွဲ ကျင်းပမှုနှင့် ပတ်သက်၍ နောက်ဆုံးအကြိမ် သြဝါဒပေးရန် ပင့်လျှောက်ရာ မော်ကျွန်းဆရာတော် တပါးသာ ကြွရောက်ပြီး၊ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္ဘ တိလောကာ ဘိဝံသမှာ ကိုယ်တိုင်ကြွရောက်ခြင်း မရှိဘဲ စာနှင့်သာ ပြန်ကြားခဲ့ရာ အစီအစဉ် ပျက်ပြယ်ခဲ့ပြီ၊ ယင်း ပြန်ကြားလွှာကို မဟနက လက်ခံခြင်း မရှိခဲ့ပေ။
ထို့သို့ နောက်ဆုံး အကြိမ် ဆုံးမ သြဝါဒ ပေးမည့် အစီအစဉ် ပျက်ပြယ်ပြီးနောက် ယခုကဲ့သို့ ဓမ္မစက်ဖြင့် ဆောင်ရွက်မှု ပြီးစီးကြောင်း ကြေညာချက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး(သာသနာရေး) ဦးအောင်ဆန်းဝင်းက “ ကြေညာ ချက် ထုတ်တာမှန်ပါတယ်၊ မှတ်ချက်ပေးစရာတော့ ဘာမှမရှိပါဘူး”ဟု ပြောသည်။
“သံဃာ့ကိစ္စ သံဃာသာ ဆောင်ရွက်” ဟူသော မူအရ ဓမ္မစက်ဖြင့်သာ နိုင်ငံတော် သံဃမဟာနာယက (မဟန)နှင့် သံဃာ အဖွဲ့အစည်းများက ဦးစွာ ဆောင်ရွက်လေ့ရှိသော်လည်း၊ ယခုအခါ မဘသ ဦးဆောင်သူများ အပေါ် ဓမ္မစက် ကဏ္ဍပြီး ဆုံးကြောင်း ဆိုထားသည့် အတွက် ဥပဒေနှင့်ငြိစွန်းမှု ရှိလာပါက ပြစ်မှုအရ တရားစွဲဆိုခြင်း ပြုမပြုကိုမူ ရှင်းလင်းဖြေကြားခြင်း မရှိပေ။
ယမန့်နေ့က ကျင်းပသည့် မဟန ၄၇ ပါးစုံညီ အစည်းအဝေးတွင် “မဘသ/ ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့ဖြစ်ကြောင်း၊ ၄၅ ရက်အတွင်း ဆိုင်းပုဒ်များ ဖြုတ်ချရန်၊ ၎င်းအမည်ဖြင့် မည်သည့်ကိစ္စမျှ ဆောင်ရွက်ခြင်း မပြုရန်နှင့် လိုက်နာခြင်း မရှိက သံဃာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်” ထပ်မံ ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓဓမ္မ ဖောင်ဒေးရှင်းအဖွဲ့နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း လိုအပ်သလို စီမံဆောင်ရွက်နိုင်ရန် အစိုးရနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြသွားရန်လည်း ဆုံးဖြတ်ခဲ့သည်။
ဗုဒ္ဓဓမ္မဖောင်ဒေးရှင်း(ဗဟို)၊ ပြောခွင့်ရှိသူ ဆရာတော် ဒေါက်တာသောပါက က“ဘာမှပြောစရာမရှိပါဘူး၊ အရေးယူတာ၊ မယူတာ သူတို့အပေါ် မူတည်တာပဲ၊ ဦးဇင်းတို့က ဥပဒေကို ကျူးလွန်တာ ဘာမှမရှိတဲ့ အတွက် ဘာမှ ပြောစရာ မရှိပါဘူး” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဧရာဝတီသို့ မိန့်သည်။
ဗုဒ္ဓဓမ္မဖောင်ဒေးရှင်း(ဗဟို)မှ နိုင်ငံတော် သံဃမဟာနာယက မဟနထံသို့ ပြန်ကြားစာတွင် သံဃာ့ကိုယ်စား ရွေးချယ် ထားသည့် မဟန အနေဖြင့် သံဃာနှင့် သာသနာ့ မျက်နှာမကြည့်ဘဲ သာသနာဖျက်လိုသူ အာဏာရှင်တစု၏ ဖိအား ပေးမှု ဘယာဂတိ ရှေ့တန်းတင်ကာ မပါးမနပ်ဆောင်ရွက်မည်ဆိုပါက သူများဓားခုတ်ရာ လက်ဝင်လျှိုသကဲ့သို့ သမိုင်း တရားခံ ဖြစ် သွားနိုင်ကြောင်း သတိပေး ထားသည်။
ယခုနှစ် ဇွန်လ ၁၆နှင့် ၁၇ရက်က အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ကျင်းပခဲ့သည့် မဘသ နှစ် ပတ်လည်ပွဲတွင်လည်း တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာ ပျက်စီးစေသည့် လုပ်ရပ်နှင့် ပါဝင်လုပ်ဆောင်သူ များ အား ဆန္ဒမဲမပေးခြင်း အပါအဝင် တရားနှင့်အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြရန်လည်း တိုက်တွန်း ထုတ်ပြန်ခဲ့သည်။
မဘသ အဖွဲ့အတွင်း ထင်ရှားသည့် ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ)သည် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အ ပေါ် အများပြည်သူ မလေးမစားဖြစ်အောင် ဟောပြောမှုသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။
ဆက်စပ်ဖတ်ရှု့ရန် – သြဝါဒပေးရန် “မဟန” ပင့်လျှောက်မှု “မဘသ” ဥက္ကဋ္ဌ စာဖြင့်သာ တုံ့ပြန်
ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်