မသန်စွမ်းအဆင့် သတ်မှတ်ချက်နှင့် မသန်စွမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သြဂုတ်လမှစ၍ စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က ပြော သည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ မသန်စွမ်းသူများ အခွင့်အရေးနှင့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်၊ မြန်မာနိုင်ငံရှိ မသန်စွမ်း အရေအတွက်၊ မသန်စွမ်း အမျိုးအစား ကို သိရှိစေရန်နှင့် မသန်စွမ်း အဆင့်အတန်း သတ်မှတ်ချက်များ လုပ်ဆောင်နိုင် ရန်တို့ ဖြစ်ကြောင်း ယခုကဲ့သို့ စာရင်း ကောက်ခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးခွင့် အပြည့်အဝ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းသူများ စာရင်းကောက်ယူရာတွင် ကိုယ်လက် အဂါၤ မသန်စွမ်းသူများ၊ အမြင်အာရုံ၊ အကြားအာရုံ၊ ဉာဏ်ရည် ချို့တဲ့ မသန်စွမ်းသူများ ဟူ၍ ခေါင်းစဉ် ၄ ခုဖြင့် အဓိက ကောက်ယူသွားမည်ဟု သိရသည်။
ဒေါက်တာ ထွန်းဇော်က “တိုင်းနဲ့ ပြည်နယ် ၃ ခုက ၃ မြို့နယ်မှာ ၈ လတာ အတွင်း အပြီးဆောင်ရွက်ဖို့ အတွက် ရည်ရွယ်ထားပါတယ်။ ၈ လပြီးရင် ပြန်လည် သုံးသပ်မယ်။ ရတဲ့ သတင်း အချက်အလက် အားနည်းချက်၊ အားသာချက်ကို သုံးသပ်ပြီးတော့မှ တနိုင်ငံလုံး ဆက်လက် ဆောင်ရွက်မှာပါ” ဟု မီဒီယာများကို ပြောသည်။
အဆိုပါ စာရင်းကို ရန်ကုန်တိုင်းရှိ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ဘားအံ စုစုပေါင်း ၃ မြို့နယ်တို့တွင် စတင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်များကို စာရင်း ကောက်ယူရန် ရွေးချယ်ရခြင်းမှာ ယင်းမြို့နယ်များတွင် မသန်စွမ်းလူဦးရေ အများအပြား ရှိနေခြင်း ဖြစ်ကြောင်း၊ စာရင်းကောက်ယူမည့်သူ များကိုလည်း သင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး၊ ရပ်ကွက်နှင့် ကျေးရွာ တိုင်းတွင် တဦးနှုန်းဖြင့် ထားရှိသွားမည် ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက သိရသည်။
တိုင်းဒေသကြီး ၃ ခုမှ ကောက်ယူရရှိသည့် အချက်အလက်များကို အခြေခံ၍ အားနည်းချက်၊ အားသာချက်များကို အတွေ့ အကြုံ အပေါ် မူတည်ပြီး တနိုင်လုံး တနိုင်ငံလုံး လွှမ်းခြုံနိုင်ရန် ကောက်ယူသွားမည် ဖြစ်ကြောင်း ဒေါက်တာ ထွန်းဇော်က ဆိုသည်။
မသန်စွမ်းသူများ စာရင်း ကောက်ယူပြီးပါက အဆင့် သတ်မှတ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ အဆင့် သတ်မှတ်ပေးနိုင်ရန် ဝန်ကြီးဌာနဖြင့် ချိတ်ဆက်ထားပြီး ဖြစ် ကြောင်း၊ ထိုမှသာ လိုအပ်သည့် အကူအညီ၊ အထောက်အပံ့၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် ဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက မသန်စွမ်းသူများအား နှစ်ပေါင်းများစွာ လျစ်လျူရှုခြင်းခံခဲ့ရသည့် အတွက် အကျိုးသက်ရောက်မှုမှာ ချက်ချင်းမရသည်ကို နားလည်ကြောင်းနှင့် ဖြည်းဖြည်းနှင့်မှန်မှန် ဆိုသည်ထက် မှန်မှန်နှင့် မြန်မြန် အကောင်အထည်ဖော်စေလိုကြောင်း ဆိုသည်။
၎င်းက “အောက်ခြေမှာ ရှိတဲ့ မသန်စွမ်းတွေ အတွက် ထိထိရောက်ရောက် ဖန်တီးပေးနိုင်မှုက အားမရဘူးလို့ ပြောချင်ပါ တယ်” ဟု မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံတွင် စာရင်းဇယားနှင့် ပတ်သက်လာပါက တိကျ ခိုင်မာသည့် အချက်အလက်များ မရှိခဲ့ကာ ၂၀၁၄ ခုနှစ် သန်း ခေါင်စာရင်းကောက်ယူစဉ်ကလည်း တပြည်လုံးမှ မသန်စွမ်းသူများစာရင်း တိကျစွာ ထွက်ပေါ်လာခြင်း မရှိသည့် အတွက် ယခုပြန်လည်ကောက်ခံမည့် စာရင်းမှာ ကောင်းမွန်ကြောင်း ညီမျှခြင်း မြန်မာ အဖွဲ့မှ ဒါရိုက်တာတဦး ဖြစ်သူ ဦးအောင်မျိုး မင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “မသန်စွမ်းသူတွေရဲ့ အခွင့်အရေး လုပ်ဆောင်မယ်ဆိုရင် ကိုယ့်တိုင်းပြည်မှာ ဘယ်လောက်ရှိလဲ၊ ဘယ်လို လူတွေ က မသန်စွမ်းတာလဲ၊ ဘာကြောင့် မသန်စွမ်းတာလဲ။ ကိန်းဂဏန်းက အရမ်း အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။
ဆရာအတတ်သင်ကျောင်းများတွင် ခန္ဓာကိုယ် မသန်စွမ်းပါက လက်မခံ ဆိုသည့် အချက်များ ရှိနေသေးသည့် အတွက် တတိုင်းပြည်လုံး လွှမ်းခြုံအောင် ဆောင်ရန်အတွက် များစွာ ကြိုးစားရဦးမည် ဖြစ်ကြောင်း ဦးအောင်မျိုးမင်း ဆိုသည်။
၎င်းက “ဒီလို စာရင်းကောက်ယူထားမှသာ မသန်စွမ်းတွေကို ထောက်ပံ့မယ့် အစိုးရရဲ့ အစီအစဉ်ဟာလည်း ထိရောက်မှု ရှိမှာ ဖြစ်သလို၊ ဘာကြောင့် မသန်စွမ်းဖြစ်ရသလဲဆိုတဲ့ အကြောင်းအရာကို အဖြေရှာနိုင်မှသာ အနာနဲ့ဆေး မှန်ကန်မှာ ဖြစ်တယ်” ဟု ဆက်ပြောသည်။
မသန်စွမ်းများသည် ယခု နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာကြပြီး ထက်မြက်သည့် မသန်စွမ်းများစွာ ကိုလည်း တွေ့မြင်လာရကြောင်း မရမ်းကုန်း မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် မှတ်ချက်ပြု ပြောဆိုသည်။
ပြည်တွင်းတွင်သာမက နိုင်ငံခြားများကိုပါ သွားရောက် ပညာသင်ကြားနေသည့်သူများ ရှိလာခြင်းကြောင့် စိတ်ဓာတ်ပိုင်း အရပါ သူတပါးအား မှီခိုချင်သည့် စိတ်မျိုး မရှိသည်ကို တွေ့ရကြောင်းနှင့် မသန်စွမ်းခြင်းသည် အရေးမကြီးဘဲ၊ ခွဲခြား ဆက် ဆံခံရခြင်းသာ အရေးကြီးကြောင်းကိုလည်း ၎င်းက ပြောသည်။
မသန်စွမ်း အဖွဲ့အစည်းများက စာရင်းဇယားများ အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေ သိန်း ၂၀ ခန့် ရှိကြောင်း၊ ထိုသို့ စာရင်းကောက်ယူနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့က နေပြည်တော် ဟိုတယ်ဇုန် lake View တွင် အလုပ်ရုံဆွေးနွေးပွဲ တရပ် ကျင်းပခဲ့သေးသည်။
You may also like these stories:
မသန်စွမ်း မှတ်ပုံတင် ထုတ်ပေးရန် စတင်စီစဉ်
မသန်စွမ်းသူများ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရန် ကူညီမည်
မသန်စွမ်းအမျိုးသမီးတွေအရေး စွမ်းဆောင်နေတဲ့ မငယ်ငယ်အေးမောင်