၂၀၁၈-၁၉ ပထမ ၆ လတာ ဘတ်ဂျက်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၁၂၀၀ ကျော် တောင်းခံထားသော်လည်း လက်တွေ့ တွင် ဘီလီယံ ၄၅၀ နီးပါးကိုသာ သုံးစွဲခဲ့သဖြင့် လျာထားချက် ပြည့်မီအောင် မသုံးနိုင်ပါက ပြန်လည် အပ်နှံရန် ဆွေးနွေးမှုများကို တပ်မတော်က ယနေ့ ပယ်ချလိုက်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ကာကွယ်ရေးဝန်ကြီးဌာန သည် တောင်းခံထားသည် ဘတ်ဂျက်၏ ၃၇ ရာခိုင်နှုန်းကိုသာ သုံးစွဲရသေးသဖြင့် လျာထားချက်အတိုင်း ပြည့်မီအောင် ပြန်အပ်မည် ဆိုပါက အချိန်မီ ပြန်လည် အပ်နှံရန် ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတခုတွင် မေးခွန်းထုတ်ခဲ့သည်။
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က “ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အချိန်မီ သုံးစွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်”ဟု ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
ယနေ့ ကျင်းပသည့် လွှတ်တော်တွင် ၂၀၁၈-၁၉ ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ အစီရင်ခံစာအား ပြည် ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့မှုများကို ဝန်ကြီးဌာနအလိုက် ပြန်လည် ဖြေကြားမှုများကို ပြုလုပ်ကြသည်။
တပ်မတော်က ပြန်လည် ရှင်းလင်းသည်မှာ ပထမ ၆ လပတ် သုံးစွဲထားရှိမှုမှာ ၄၄၉ ဘီလီယံ ဖြစ်ပြီး မူလခန့်မှန်းခြေ ငွေစာရင်း ၁၀၇၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း သုံးစွဲပြီး ဖြစ်ကြောင်း၊ ပထမ ၆ လပတ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အဦ မြေနေရာ ရွေးချယ်ရခြင်း၊ ဝယ်ယူရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါခေါ်ရခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
“ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လများအတွက် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၈၀,၈၅၉,၄၅၂ နဲ့ ညီမျှတဲ့ ကျပ် ၁၂၄.၅၂၃ ဘီလီယံ လျှောက်ထားခဲ့ရာ ဧပြီလမှသာ ခွင့်ပြုမိန့်ရရှိခဲ့ခြင်းကြောင့် ပထမ ၆ လပတ် သုံးစွဲမှုတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါ”ဟု ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။
ဝန်ကြီးဌာနတိုင်းသည် တောင်းထားသည့် ဘတ်ဂျက်အတိုင်း ပြည့်မီအောင် သုံးစွဲရန် တာဝန်ရှိပြီး ၆ လ ဘတ်ဂျက်ဖြစ်ပါကလည်း ၅၀ ရာခိုင်နှုန်း သုံးရမည် ဖြစ်ပြီး ၃၇ ရာခိုင်နှုန်းသာ သုံးနိုင်သည့်အတွက် ယင်းကိစ္စကို ဦးခင်ချိုက မေးခွန်းထုတ်ခြင်း ဖြစ် ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“ကာကွယ်ရေး ဝန်ကြီးဌာနက သူပြောပုံအရဆိုရင် မလိုအပ်ဘဲ တောင်းထားတာ မဟုတ်ဘူးပေါ့ဗျာ။ တောင်းတဲ့အတိုင်းလည်း သုံး မှာ။ လောလောဆယ် ပထမ ၆ လအတွင်းမှာတော့ ၅၀ ရာခိုင်နှုန်း ဖြစ်သင့်ရဲ့ သားနဲ့ ၃၇ ရာခိုင်နှုန်းပဲ သုံးရတယ်။ အဲဒီအကြောင်း ရင်းကတော့ တင်ဒါခေါ်နေတာတွေရယ်၊ လုပ်ငန်း အခုမှစတာတွေရယ် အဲဒါကြောင့်ဆိုပြီး ရှင်းသွားတာ”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ပထမ ၆ လပတ်မှာ ကာကွယ်ရေးမှ မဟုတ်ဘူး။ ကျန်တဲ့ ဝန်ကြီးဌာနတွေလည်း လျာထားချက် ၅၀ ကို ပြည့် အောင် မသုံးကြဘဲနဲ့ ကျန်တဲ့လကျမှ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းကို သုံးလေ့သုံးထရှိတာ။ တချို့လည်း ၁ နှစ်လုံးပြီးမှ ပြန်အပ်တဲ့ ဝန်ကြီးဌာနတွေ ရှိတယ်”ဟု ပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံခဲ့ပြီး ၂၀၁၈-၁၉ ဘ ဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံခဲ့ရာ ကာကွယ်ရေး အသုံးစရိတ် တောင်းခံမှုမှာ တဖြည်းဖြည်း ပြန်လည် မြင့် တက်လာလျက် ရှိသည်။
ယင်းသို့ တပ်မတော်၏ အသုံးစရိတ်များ မြင့်တက်လာမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းစာ ရှင်းလင်းပွဲတခုတွင် မေးခွန်းထုတ်ရာ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆန်ဈေး၊ ဆီဈေး၊ ဒေါ်လာဈေးတို့ကို အဖြေရှာပါက သိနိုင်မည် ဟု တုန့်ပြန်ခဲ့သည်။
“အရင်နှစ်က ဆန်တအိတ်ဈေးနှုန်း ဘယ်လောက်လဲ၊ ဒီနှစ်ဈေးဘယ်လောက်လဲ။ အရင်နှစ်က ဆီတပိဿ ဘယ်လောက်လဲ၊ ဒီနှစ် ဘယ်လောက်လဲ။ အရင်နှစ်က ၁ ဒေါ်လာကို ဘယ်လောက်လဲ၊ ဒီနှစ်ဘယ်လောက်လဲဆိုတာကို အဖြေရှာလိုက်။ အဲဒါဆိုရင် အဖြေကို သိသွားလိမ့်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၁၉-၂၀ ကာကွယ်ရေး အသုံးစရိတ် ကျပ် ဘီလီယံ သုံးထောင့်သုံးရာကျော် တောင်းခံ
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း
အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင်