ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက အနောက် အင်အားစုများကို အပြစ်တင်လိုက်ကာ ရဲများ၏ ကိုင်တွယ်မှုကို မှတ်ချက်နှင့်တကွ တနင်္လာနေ့၌ ကာကွယ် ပြောဆို လိုက်သည်။
တရုတ်အစိုးရအဖွဲ့၏ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးမှ ပြောခွင့်ရသူ Yang Guang က သတင်းစာ ရှင်းလင်းပွဲတွင် “ရဲတပ်ဖွဲ့၏ အားထုတ်မှုကို သုံးသပ်ပြောဆိုခဲ့သော်လည်း တာဝန်မဲ့သူ တချို့၏ လုပ်ရပ်မှာ စာနာထောက်ထား၍ သည်းခံနိုင်စရာ မရှိကြောင်း” ပြစ်တင် ဝေဖန်ခဲ့သည်။
“အဆုံးသတ်တဲ့နေ့မှာ သူတို့ရည်ရွယ်ချက်က ဟောင်ကောင်မှာ အဖျက်အမှောင့်တွေ ဖန်တီးဖို့ဖြစ်တယ်။ တရုတ်ဖွံ့ဖြိုးမှုမှာ ပါဝင်တော့မယ့် ဟောင်ကောင်ကို တရုတ်အစိုးရအတွက် ပြဿနာတရပ် ဖြစ်လာအောင် လုပ်လာတယ်” ဟု Yang က ပြောကြားခဲ့သော်လည်း မည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံဟူ၍ ရည်ညွန်း ပြောကြားခဲ့ခြင်းမရှိပေ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရရှိသည့် တရုတ်၏ ပိုင်နက်အတွင်း မည်သည့် ပြည်ပစွက်ဖက်မှုမျိုးကိုမှ ဘေဂျင်းက သည်းခံနေလိမ့်မည် မဟုတ်၍ ယင်းကဲ့သို့ အားထုတ်ကြိုးပမ်းမှုများမှာ အချည်းနှီးသာဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ဇွန်လအစောပိုင်းက ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများသည် တရုတ်ပြည်မကြီးထံသို့ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ဟောင်ကောင်သည် ယခင်က အင်္ဂလိပ် ကိုလိုနီ ဖြစ်ခဲ့သည်။
ယင်းဥပဒေကြမ်းသည် ဟောင်ကောင်သားတို့ အတွက် တရားဥပဒေဆိုင်ရာ အခွင့်အရေး ခြိမ်းခြောက်ခံရသည် ဟူသော ကန့်ကွက်မှုများကို ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်အစိုးရက ဥပဒေ ပြဋ္ဌာန်းရေးကို အချိန် အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်သဖြင့် ဆန္ဒပြမှုများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ဒီမိုကရေစီ အရေးနှင့် အစိုးရတာဝန်ခံမှုတို့ကို တောင်းဆိုခဲ့ကြသည်။
ဟောင်ကောင် လမ်းများပေါ် ပိတ်ဆို့ ဆန္ဒပြနေသူများအား တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများနှင့် ရာဘာကျည်ဆန်များ သုံး၍ နှိမ်နင်းခဲ့သည်။
ဆန္ဒပြမှုများကို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သည့် ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ စုံစမ်းခွင့်ရရေးအတွက် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
စနေနေ့ကလည်း ဟောင်ကောင်မြို့၊ Yuen Long နယ်မြေတွင် လူအုပ်ထဲသို့ နံပါတ်တုတ်များဖြင့် ရိုက်နှက် လူစုခွဲခဲ့ရာ အနည်းဆုံး အမျိုးသမီးတဦး ထိခိုက်၍ လဲကျသွားခဲ့သည်။ ယင်းနေရာတွင် ရဲများက နောက်ပိုင်း၌ နံပါတ်တုတ်များဖြင့် ဘူတာရုံအဝင်တွင် နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများသည် သံတုတ်များ၊ တကိုယ်ရည် ကာကွယ်သည့် ဒိုင်းများကိုင်ဆောင်လျှက် လမ်းများပေါ်ရှိ အတားအဆီးများကို ဖယ်ရှားခဲ့ကြကြောင်း ကြေညာချက် တစောင်၌ ရဲက စွပ်စွဲထားပြီး ရဲကားများကို ဝန်းရံဆူပူနေခြင်းကြောင့် ရဲအရာရှိများအတွက် အန္တရာယ် ရှိလာကြောင်း ဆိုသည်။
တရုတ်အစိုးရက ဟောင်ကောင်ရှိ ရဲတပ်ဖွဲ့ထံသို့ အခိုင်အမာ ထောက်ပံ့နေခဲ့ကြောင်း Yang က ဆက်လက် ပြောကြားသည်။
“ဟောင်ကောင် ရဲတပ်ဖွဲ့နဲ့ သူတို့မိသားစုတွေဟာ ဧရာမ ဖိအားနဲ့ ရင်ဆိုင်နေရပြီဆိုတာ ကျနော်တို့ သဘော ပေါက်ပါတယ်။ သူတို့တာဝန် ကျေပွန်အောင် မကြောက်မရွံ့ ထမ်းဆောင်ခဲ့ကြတဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ကို အလေးပြုလိုပါတယ်” ဟု ၎င်းက ပြောသည်။
You May Also Like This Story:
ဆန္ဒပြမှုများ ထိန်းသိမ်းရန် ဟောင်ကောင် အစိုးရတောင်းဆိုလျှင် တရုတ်တပ်များ ချထားနိုင်ဟု ဆို