မြန်မာနိုင်ငံသားများ ပြည်ပတွင် ငွေပေးချေမှုနှင့် နိုင်ငံခြားသားများ ပြည်တွင်းသို့ လာရောက်ရာတွင် ငွေပေးချေမှုအတွက် သာ အသုံးပြုခွင့်ပေးထားသော Master၊ Visa၊ UPI၊ JCB ကြိုတင်ငွေဖြည့်ကတ်(Prepaid Card) များကို ပြည်တွင်းငွေ ပေး ချေမှုများတွင် အသုံးပြုခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားခြင်း မရှိကြောင်းထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ကြိုတင် ငွေဖြည့်ကတ် (Prepaid Card) များကို မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်ရာတွင် ငွေပေးချေမှု အဆင်ပြေရန် အတွက်သာ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ ကန့်သတ်ကာ ထုတ်ဝေခွင့် ပြုပေးထားခြင်း ဖြစ်ပြီး လတ် တလောတွင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်တွင်း၌ ကျပ်ငွေဖြင့် အသုံးပြုရန်အတွက် ခွင့်ပြုပေးထားခြင်း မဟုတ် ကြောင်း ဗဟိုဘဏ်၏ ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ပုဂ္ဂလိကဘဏ်များကလည်း Master၊ Visa၊ UPI နှင့် JCB Prepaid Card များကို ပြည်တွင်း၌ သုံးစွဲခြင်း၊ ဈေးဝယ် စင်တာများ၊ စားသောက်ဆိုင်များ အမည်ကို Prepaid Card များ ဖော်ပြခြင်းများသည်လည်း ဗဟိုဘဏ်၏ ခွင့်ပြုချက်မူ ဘောင် အတွင်းကို ကျော်လွန်နေ၍ မူဘောင်အတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။
ကမ္ဘောဇ KBZ ဘဏ်၏ အကြီတန်း အကြံပေး ဦးသန်းလွင်က“သူတို့ဆိုလိုတဲ့ သဘောကတော့ MPU က တဆင့်သွားစေ ချင်တာလား၊ ပြည်ပတော့ ပြဿနာ မရှိပါဘူး။ ပြည်တွင်းမှာ ကျပ်နဲ့သုံးမယ်ဆိုရင် MPU နဲ့ တဆင့် သွားစေချင်တယ်လို့ မြင်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း၌ Prepaid Card အသုံးပြုခြင်းသည် အနည်းငယ်သာ ရှိပြီး နောက်ပိုင်းတွင်လည်း မိုဘိုင်းလ် ဖုန်း ငွေပေးချေမှု စနစ်များ အားကောင်းလာပါကလည်း ကတ်စနစ် အသုံးပြုမှုများသည် လျော့ကျလာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပုဂ္ဂလိက ဘဏ်တချို့သည် ၎င်းတို့နှင့် မိတ်ဖက်ဆောင်ရွက်လျက်ရှိသော ဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်များနှင့် ချိတ်ဆက်ကာ ဈေးနှုန်း သက်သာခွင့်များ ပါဝင်သော Prepaid Card ဝန်ဆောင်မှုများကို ဈေးကွက် လိုအပ်ချက်အရသာ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း CB ဘဏ်၏ အကြံပေးအရာရှိဟောင်း ဖြစ်သူ ဦးဖေမြင့်က ပြောသည်။
၎င်းက ဆက်လက်၍ “တကယ်တော့ သုံးစွဲသူက မြန်မာငွေနဲ့ ပြည်တွင်းမှာပဲ သုံးတာပဲလေ ပြည်ပ ထွက်သုံးတာလည်း မဟုတ်ဘူး။ User ကတော့ သူအသုံးပြုတာ အဆင်ပြေတဲ့ Master တို့ Visa တို့ပဲ သုံးကြတာပေါ့။ ဗဟိုဘဏ်ကတော့ ပိုပြီး စနစ်တကျ ဖြစ်စေချင်လို့ လက်ရှိ လုပ်နေကြတာကို စာရင်းတောင်းကြည့်တဲ့ သဘောပေါ့။ အမှန်က ပြည်တွင်း ကျပ်ငွေနဲ့ သုံးတာပဲလေ။ ဒေါ်လာ ထွက်သွားတာမှ မဟုတ်တာ။ ခွင့်ပြုသင့်တာပေါ့”ဟု ပြောဆိုသည်။
ဘဏ်များ၏ ငွေပေးချေမှု ဝန်ဆောင်မှုများ အတွက် အီလက်ထရွန်နစ် ကတ်အမျိုးအစားသုံး ထုတ်ဝေထားလျက် ရှိပြီး ယင်းတို့မှာ Prepaid၊ Debit နှင့် Credit Card များ ဖြစ်ကြသည်။
Prepaid ကတ်သည် သုံးစွဲလိုသည့် ပမာဏအတိုင်း ကြိုတင်ငွေဖြည့်သွင်းကာ သုံးစွဲခြင်း ဖြစ်ပြီး၊ Debit ကတ် အမျိုးအစား သည် မိမိဘဏ်စာရင်းနှင့် ချိတ်ဆက်ကာ ငွေအသုံးပြုရသည့် ကတ် (ATM Card) ဖြစ်သည်။
အကြွေးဝယ်ကတ် (Credit Card) ကတ်သည် ကြိုတင်ငွေထည့်စရာမလိုဘဲ ဘဏ်ကသုံးစွဲခွင့်ပေးသော ငွေပမာဏကို အသုံးပြုနိုင်သော ကတ်အမျိုးအစား ဖြစ်သည်။
Myanmar Payment Union (MPU) ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က“အခုက သိကြတဲ့အတိုင်း Debit Card နဲ့ Credit Card ပဲ အသုံးများကြတာလေ။ Prepaid Card က ပြည်ပသွားကြမှ သုံးကြတာ။ အသုံးပြုတာ တော်တော် လေး နည်းပါတယ်”ဟု ဆိုသည်။
၎င်းက“ကျနော့် အထင်က Prepaid Card တွေက ဒေါ်လာထဲ့ပြီး ကျပ်နဲ့ ပြန်သုံးကိစ္စမျိုးတွေ တွေ့ရလို့ ထင်တယ်။ အဲဒါ ကြောင့် ဗဟိုဘဏ်ကလည်း သူ့ငွေရေးကြေးရေး မူဝါဒရှိတာအရ သူတို့ ထုတ်ပြန်တာပေါ့။ ဒီလိုကတ်တွေ မသုံးရဘူး ဆိုပြီး ထုတ်တာ မဟုတ်ပါဘူး”ဟု ရှင်းပြသည်။
You may also like these stories:
အကြွေးဝယ်ကတ် အတိုး၂၀ ရာခိုင်နှုန်း ဗဟိုဘဏ် သတ်မှတ်
နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ