Myanmar Sat 2(Intelsat 39) ဂြိုဟ်တုကို တောင်အမေရိကတိုက် ပြင်သစ်ပိုင် ဂိုင်ယာနာ ရှိ Arianespace ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လာမည့် သြဂုတ်၇ ရက် နံနက် ၂နာရီတွင် လွှတ်တင်သွားမည် ဖြစ်သည်။
မူလက ဇူလိုင်လ ၂၄ ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း Myanmar Sat 2 ကို ယခင်က ဇူလိုင် ၂၄ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ယင်းစခန်းမှ လွှတ်တင်သည့် အီတလီလုပ် ဒုံးပျံတစင်းမှာ လွှတ်ပြီး ၉ မိနစ် အကြာ ပျက်ကျသွားသည့် အတွက် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
“Myanmar Sat 2 ကို လွှတ်တင်ဖို့ Intelsat က စစ်ဆေးမှုတွေ အကုန်လုပ်ပြီး ပါပြီ၊ မြန်မာစံတော်ချိန်နဲ့ ဆိုရင် သြဂုတ် ၇ ရက်၊ မနက် ၂ နာရီမှာ လွှတ်တင်သွားမှာပါ၊ အားလုံး အစီအစဉ် အတိုင်း လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဂြိုဟ်တု ဆက်သွယ်ရေး ဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောသည်။
အဆိုပါ ဂြိုဟ်တု လွှတ်တင်နိုင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် အမေရိကန်အခြေစိုက် ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Intelsat တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်တယ် ဆိုပေမယ့် ကျနော်တို့ရဲ့ နိုင်ငံပိုင် ဂြိုဟ်တုလို့ ပြောလို့ ရပါတယ်၊ သူတို့ဘက်က လုပ် ပေးရမယ့် အပိုင်းကို သူတို့ လုပ်ဆောင်ပေးထားပြီး ဖြစ်သလို ကျနော်တို့ ပိုင်တဲ့အပိုင်းကို ကျနော်တို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ နာမည်တပ်သုံးခွင့်လည်း ရရှိထားပါတယ်”ဟု ဦးဝင်းအောင်က ရှင်းပြသည်။
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် လုပ်ဆောင်ပေးခြင်းသည် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ကျ စေရန်၊ နိုင်ငံတော် အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂြိုဟ်တုစနစ်ဖြင့် အသုံးချစနစ်များ ဖော်ဆောင်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများတွင်လည်း ပြည်သူလူထုအတွက် အကျိုးရှိစေ ရန် ရည်ရွယ်ကြောင်း သိရသည်။
သြဂုတ် ၇ ရက်တွင် လွှတ်တင်မည့် Myanmar Sat 2 သည် သက်တမ်း ၁၅ နှစ်ရှိပြီး ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ သက်တမ်း ကုန်ဆုံးသည်အထိ အသုံးပြုခွင့်ရမည် ဖြစ်ကာ Myanmar Sat 2 ဂြိုဟ်တုထိန်းချုပ် ဆောင်ရွက်မှု အပိုင်းကို Intelsat ကုမ္ပဏီက ဆောင်ရွက်မည်ဟု သိရသည်။
Myanmar Sat – 2 မှ Transponder ဂြိုလ်တုချန်နယ်များဖြစ်သည့် C-band ၆ ခုနှင့် Ku-band ၆ ခု ကို ရရှိမည် ဖြစ်ပြီး C-band မှ 432 MHz ခုနှင့် Ku-band 432 MHz စုစုပေါင်း 864 MHz ရရှိမည်ဟု သိရသည်။
အဆိုပါ ဂြိုဟ်တုစနစ် Myanmar Sat – 2 အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပြီး အရစ်ကျစနစ်ဖြင့်၂ဝ၁၈ ခုနှစ်တွင် ၃ဝ ရာခိုင်နှုန်း ပေးသွင်းခဲ့ပြီး ဖြစ်သလို၂ဝ၁၉ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်း၊ ၂ဝ၂ဝ ပြည့်နှစ် တွင် ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်း၊ ထို့အပြင် Myanmar Sat-2 သည် နည်းပညာပိုင်း ဆိုင်ရာများကို ပိုမို အဆင့်မြှင့်တင်ထားခြင်းကြောင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာများ၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများမှာ ဝေးလံ ခေါင်ဖျားသည့် ကျေးလက်ဒေသများ အထိ ပိုမိုကောင်းမွန်စွာ အသုံးပြုလာနိုင်မည်ဟု သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် အချိုးကျပူးတွဲ ပိုင်ဆိုင်သည့် စနစ်ဖြစ်သည့် Myanmar Sat 2 ကို အောင်မြင်စွာ လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးသလို နိုင်ငံအတွက် ရည်မှန်းချက်ဖြစ်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင် မည့် နည်းလမ်းများကိုပါ ကြိုးစားဆောင်ရွက်အကောင် အထည်ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဂြိုဟ်တုစနစ်သုံးစွဲမှု အနေဖြင့် ယခုအခါ MyanmarSat – 1 ကို ငှားရမ်း သုံးစွဲနေရပြီး Myanmar Sat 1 ကို ၂ဝ၁၆ ခုနှစ် မေလ ၂၇ ရက်မှ စတင်ကာ ၅ နှစ်စာချုပ်ဖြင့် Intelsat ကုမ္ပဏီထံမှ ငှားရမ်း အသုံးပြုခဲ့ကာ Myanmar Sat 1 ကိုလည်း Arianespace ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှပင် လွှတ်တင်ခဲ့သည်။
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၇/၂၀၁၇ ဖြင့် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၃ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြားနိုင်ငံက ပိုင်သည့် ဂြိုဟ်တု Transponder ကို ငှားရမ်းပြီး ငွေပေးချေသောစနစ်(Condosat)၊ အချိုးကျပူးတွဲ ပိုင်ဆိုင် သည့် စနစ်(Joint)၊ အလုံးစုံ ပိုင်ဆိုင်သည့် စနစ် စသည့် နည်းလမ်း ၃ ခုဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ရာမှ အချိုး ကျပူးတွဲ ပိုင်ဆိုင်သည့် စနစ်(Joint)ကိုသာ အဓိက ဆောင်ရွက်ခဲ့ခြင်းဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Amazon က ဂြိုဟ်တုအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကမ္ဘာအနှံ့ အင်တာနက် လွှင့်မည်
လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်မှု ပြန်ကြားရေး ဝန်ကြီး တာဝန်ခံရန် ကြံ့ခိုင်ရေးပါတီ ပြော