အချက်ပေါင်း ၃၀၀၀ ကျော် ပြင်ဆင်ရန်ရှိနေသည်ဟု ဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အသစ်ရေးဆွဲရန် ကြိုးစားနေသည့်သဘော သက်ရောက်နေကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “အခုလုပ်နေတာက ဥပဒေပြင်ဆင်တယ်လို့ နာမည်တပ်ပြီး၊ အသစ် ၁ ခုရေးဖို့ ကြိုးစားနေတယ်ဆိုတာ လုပ်ငန်းစဉ်မှာ အထင်အရှား ပေါ်လွင်နေတာ မြင်နေတယ်” ဟု ဇူလိုင် ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြောဆိုသည်။
ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်းသို့ ရောက်ရှိလာခြင်းမှာ ဥပဒေ ပြင်ဆင်ရန်အတွက် အဓိက တာဝန်တရပ် အနေဖြင့် ရောက်ရှိလာသဖြင့် ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲမည် ဆိုပါက သဘောတူကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြင်ဆင်ခြင်းကိုမူ ကန့်ကွက်လိုကြောင်း ဦးဘရှိန်က ဆိုသည်။
ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၄၀ ကျော်ဆွေးနွေးရန်အတွက် စာရင်းပေးထားရာ ကိုယ်စားလှယ် ၁၇ ဦး သာ ပါဝင် ဆွေးနွေးခဲ့ပြီး ကျန်ရှိသည့် ကိုယ်စားလှယ်များက သြဂုတ် ၁ ရက်နေ့တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးကို ပြင်ဆင်မည်ဆိုပါက အခန်း ၁၂ မှာ ပြဌာန်းပြီးသား ဖြစ်ကြောင်း၊ ယခုကော်မတီ၏ အစီရင်ခံစာပါ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း၁၂ ပါ ပြဌာန်းချက်များကို လိုက်နာခြင်း မရှိသည့်အတွက် ပူး ပေါင်းကော်မတီ၏ အစီရင်ခံစာကို ကန့်ကွက်ကြောင်း ဦးဘရှိန်က ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း ကမူ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲ၍ မရကြောင်း၊ အခန်း ၁၂ ပါ အတိုင်း ဆောင်ရွက်ကြရန်အတွက် အားလုံး ပူးပေါင်းပါဝင်ပြီး မည်သည့်အချက်မှာ တည်ငြိမ်၍ မည်သည့် အချက်မှာ တည်ငြိမ်မှု မရှိဆိုသည်ကို အားလုံး ဝိုင်းဝန်း ဆွေးနွေးကြရမည်ဖြစ်ပြီး၊ ပြည်သူများက လက်ခံနိုင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်အောင် ပြည်ထောင်စု လွှတ်တော်တွင်ရှိသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးကြ ရမည် ဖြစ်ကြောင်း အကြံပြုသည်။
ဦးနေမျိုးထွန်းက “NLD အနေနဲ့ ၂၀ ရာခိုင်နှုန်း ကြိုက်တဲ့ အချိန်မှာ လက်မှတ်ထိုးလို့ ရတယ်။ ပြင်ချင်တဲ့ အချက်ကို ဘယ်သူ့မှ မတိုင်ပင် ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းဆိုပြီး တင်လို့ရတယ်။ ဒါကို လက်မခံဘူးလို့ ပြောနေတာက ဘာကြောင့် လက်မခံ ကြတာလဲ။ တိုင်းရင်းသားတွေလည်း ဒါကို ပြင်ချင်နေတာ။ ကျနော် တို့လည်း ပြင်ဖို့ပဲ လုပ်နေတာလေ။ ကျနော်တို့ လုပ်တာက အမျိုးသား ရင်ကြားစေ့ရေးနှင့် အားလုံးပါဝင်နိုင်ရေး လုပ်တာ” ဟုလည်း ပြောသည်။
NLD ပါတီ အနေဖြင့် အားလုံး ပူးပေါင်းပါဝင်နိုင်ပြီး ပြင်ဆင်လိုသည့် အချက်များကို အားလုံး စုံညီရှေ့တွင် ဘုံသဘောတူညီချက် ရယူ ရန်အတွက် ဆွေးနွေးစေလိုသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဦးနေမျိုးထွန်းက ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းကလည်း ယခုဆောင်ရွက်နေမှု များသည် ပြည်ထောင်စု လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခုလုံးကို အသစ်ပြန်လည် ရေးဆွဲသကဲ့ သို့ ဆောင်ရွက် နေခြင်းမှာ ဥပဒေနှင့် လုံးဝ ဆန့်ကျင်နေခြင်းဖြစ်သဖြင့် ကန့်ကွက် တင်ပြနေရခြင်းဖြစ်ကြောင်း လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုခဲ့သည်။
၎င်းက “ဥပဒေတရပ် ပြင်ဆင်ဖို့ဆိုတာ အတ္တအကျိုး၊ ပုဂ္ဂိုလ်ရေးအရ သံယောဇဉ် ကင်းရှင်းပြီး ပြုပြင်မှသာ ရေရှည်ခိုင်မာတဲ့ ပြင်ဆင်ချက် ဖြစ်ဖို့ လိုအပ်ပါတယ်။ လတ်တလော မိမိတို့ အာဏာရချိန်မှာ ရေးဆွဲပြင်ဆင်ခဲ့တဲ့ ဥပဒေများဟာ နောင်အနာဂတ်အတွက်ပါ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး ပညာရှင်များစွာနှင့် ပြည်သူများ၏ သဘောဆန္ဒကိုလည်း အလေးထားကာ သတိ၊ သမာဓိ၊ ပညာဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးကြမည့် ကိုယ်စားလှယ်များမှာ နိုင်ငံရေး ပါတီ၊ ဌာန အစုအဖွဲ့ အသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များက ဆွေးနွေးသည့်အခါတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များသာ ဖြစ်သဖြင့် အပြုသဘော ဆောင်သည့် ဆွေးနွေးချက်များသာ ဆွေးနွေးကြရန် လွှတ်တော် နာယက ဦးတီခွန်မြတ်က သတိပေးပြောကြားထားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ တပ်မတော်၏ သဘောထား မပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မလွယ်ကူ ကြောင်း ထောက်ပြပြောဆိုနေကြသလို ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ကိုယ်စားလှယ် ဦးရေ၏ ၇၅ ရာခိုင်နှုန်းကျော် က သဘောတူရန် လိုအပ်သည် ဟု သုံးသပ်ပြောဆိုကြသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေးသားပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရှိ နိုင်ငံရေး ပါတီ အစုအဖွဲ့ အသီးသီးနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်တို့၏ ပြင်ဆင်၊ ဖြည့်စွက် အကြံပြုချက်များတွင် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီ အများစုက တပ်မတော်၏ လွှတ် တော်တွင်း ပါဝင်မှုကို လုံးဝ ပယ်ဖျက်ရန် အကြံပြုထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကမူ တဆင့်ချင်း ဆုတ်ခွာနိုင်ရန် အကြံပြုထားသည်။
ဆက်စပ်ဖတ်ရှုရန်-
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း
ဖွဲ့စည်းပုံ ဥပဒေကို အချက်ပေါင်းများစွာ ပြင်ဆင်လိုခြင်းက အန္တရာယ်ရှိဟု တပ်မတော် ပြော
အခြေခံဥပဒေ ပြင်ဆင်ရေး NLD တင်ပြချက် တိုင်းရင်းသားအရေး ဘယ်လောက်ပါသလဲ