အိန္ဒိယက မြန်မာရေတပ်အတွက် INS Sindhuvir အမည်ပေးထားသည့် ရုရှားလုပ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောကို ပြန်လည် မွမ်းမံပြီး ယခုနှစ်အတွင်း လွှဲအပ်ပေးရန် စီစဉ်နေကြောင်း အိန္ဒိယ သတင်း The Economic Times ကဆိုသည်။
ယင်းရေငုပ် သင်္ဘော မွမ်းမံရေးအတွက် လိုအပ်သည့် ခွင့်ပြုချက်များကို မူလထုတ်လုပ်သူ ရုရှားနိုင်ငံထံမှ ရရှိပြီး ဖြစ် ကြောင်း၊ မြန်မာ့ရေတပ်သို့ လေ့ကျင့် လွှဲပြောင်းပေးရန် အတွက် အိန္ဒိယပြည်တွင်း၌ ပြန်လည် တပ်ဆင် မွမ်းမံသွားမည် ဖြစ်ကြောင်း ဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များက ရုရှားနိုင်ငံမှ ဝယ်ယူခဲ့သော အဆိုပါ ကီလိုအမျိုးအစား ရေငုပ်သင်္ဘောကို ဟိန္ဒူစတန် သင်္ဘောကျင်း လီမိတက် (HSL) ဗီဇက်မြို့တွင် ခေတ်မီအောင် မွမ်းမံပေးခဲ့ကြောင်း၊ ယင်းမွမ်းမံမှု လုပ်ငန်းမှာ ယခုနှစ်မကုန်မီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေငုပ်သင်္ဘော လွှဲပြောင်းရာတွင် ငွေပေးချေမှုအနေဖြင့် Line of Credit (LoC) စနစ် ကျင့်သုံး၍ အိန္ဒိယက မြန်မာကို စစ်ရေးစွမ်းရည် တိုးမြှင့်ပေးခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၄ နှစ်က မြန်မာ ခေါင်းဆောင်ပိုင်းနှင့် ကာကွယ်ရေး လိုအပ်ချက် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ အိန္ဒိယက အစပျိုး ထောက်ပံ့ပေး လာခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များ က ပြောကြားသည်။
လက်ရှိတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး၊ သူနှင့် အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒု ဗိုလ်ချုပ်ကြီး မိုးအောင်လည်း လိုက်ပါသွားသလို ဗီဇာကာပက်တနန်မြို့တွင် အိန္ဒိယ အရှေ့ပိုင်း ရေတပ်ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး Atul Kumar Jain နှင့် တွေ့ဆုံခဲ့သည်။
ထို့အပြင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး တိုပီဒိုများ ထုတ်လုပ်သည် Bharat Dynamics Limited၏ စက်ရုံသို့ သွားရောက်ကာ ထုတ်လုပ်နေမှုများကို ကြည့်ရှု့ခဲ့သည်။ မကြာသေးမီရက်ပိုင်းက အမေရိကန်ဒေါ်လာ ၃၈သန်း တန်ဖိုးရှိ Bharat Dynamics Limited ထုတ် အပေါ့စား တိုပီဒိုများ မြန်မာရေတပ်သို့ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် “ဗိုလ်ချုပ်မှူးကြီးနှင့် ဆွေးနွေးမှုများမှာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်၊ မြန်မာ့ကာကွယ်ရေး အတွက် ပူးတွဲလေ့ကျင့် သင်ကြားမှုများ သုံးသပ်ရန်၊ ပူးပေါင်း ထောက်လှမ်းရေးနှင့် စွမ်းရည်ဖြည့်တင်းမှုဖြင့် ရေကြောင်း ပိုမို လုံခြုံလာစေရန်၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးလာစေရန်တို့ကို ရည်ရွယ်သည်” ဟု ဆိုထားသည်။
ဒေသတွင်းရှိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သည် တရုတ်လုပ် တပတ်ရစ် 035G-Class အတန်းအစား (မင်အတန်းအစား) ရေငုပ်သင်္ဘော နှစ်စင်းကို တရုတ်နှင့် ဒေါ်လာ ၂၀၃ သန်းဖိုး စာချုပ်ချုပ်၍ လက်ခံ ရရှိပြီးနောက်ပိုင်း မြန်မာမှလည်း ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်များသာမက ရေငုပ်သင်္ဘောပါ ပိုင်ဆိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် မတ်လက စစ်ဦးစီးအရာရှိချုပ်(ရေ) ဒု ဗိုလ်ချုပ်ကြီး မိုးအောင်က ရေငုပ်သင်္ဘော မကြာမီ ဝယ်မည်ဟု ကြေညာခဲ့သည်။ အနည်းဆုံး လေးနှစ်အတွင်း ရေတပ်ဖွဲ့ဝင်များ အတွက် ရေရှည်လေ့ကျင့် သင်ကြားနိုင်ရန် ပြီးခဲ့သည့်လများက မြန်မာစစ်ဘက် အဆင့်မြင့် အရာရှိများသည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး INS Sindhuvir နှင့်ပတ်သက်၍ ရေငုပ်သင်္ဘော အသစ်များနှင့် လေ့ကျင့်သင်ကြားရေး အတွေ့အကြုံများ ဆွေးနွေး ခဲ့သည်။
You may also like these stories:
အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင်