မြန်မာနိုင်ငံသည် လက်ရှိ အချိန်တွင် သိပ်မလွယ်ကူသည့် ကာလတခုကို ဖြတ်သန်းနေရကြောင်း နိုင်ငံတော် ၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဂျပန်- မြန်မာ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံဟာ အခု သိပ်ပြီးတော့ မလွယ်တဲ့ ကာလကို ဖြတ်ကျော်နေရတဲ့အခါမှာ ကိုယ်တိုင် ခက်ခဲတဲ့ကာလကို ဖြတ်ကျော်ခဲ့ရတဲ့ ဂျပန်နိုင်ငံသူ နိုင်ငံသားများဟာ ကျမတို့အပေါ်မှာ စာနာလိမ့်မယ်၊ နား လည်မှု ရှိမယ်ဆိုတာလည်း ကျမတို့ အနေနဲ့ အဓိက ယုံကြည်ပါတယ်” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံနေရစဉ် ဂျပန်နိုင်ငံက မိတ်ဆွေ တယောက်လို ကူညီ ဖြေရှင်းပေးချင်နေသည်ကို မြန်မာ အစိုးရက ယုံကြည်ကြောင်း ပြောဆိုစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေးလမ်းကြောင်း၊ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေရဲ့ တစိတ် တပိုင်းဆိုတာဟာ ကျမတို့ နိုင်ငံအတွင်းမှာရှိတဲ့ အားလုံး မည်သူမဆို လုံခြုံဖို့ အတွက် ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကို မှီတင်းနေတဲ့သူတွေ အားလုံး လုံခြုံဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ ဖွံ့ဖြိုးရေးအတွက် ဆိုတာ ကျမတို့ရဲ့ ပန်းတိုင်ပဲ ဖြစ်ပါ တယ်”ဟု ပြောသည်။
ယင်းပန်းတိုင်သို့ ရောက်ရှိရန် အစိုးရက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်က ကြိုးပမ်းနေရကြောင်း၊ ယင်း ကြိုးပမ်းနေသည့် လုပ်ရပ်များတွင် ပါဝင် ကူညီနေကြသည့် ဂျပန်မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း ပြောဆိုသွား သည်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တာရိုကိုနိုကလည်း မြန်မာအစိုးရ၊ မြန်မာပြည်သူများသည် ခက်ခဲသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည့်အချိန် ဖြစ်သည့်အတွက် သမိုင်းဝင် မိတ်ဆွေ နိုင်ငံတခု အနေဖြင့် စဉ်းစားသုံးသပ်ပြီး ကူညီ ထောက်ပံ့ သွားလိုကြောင်း ပြန်လည်ပြောကြားသည်။
မစ္စတာ တာရိုကိုနိုက “ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု မဖြစ်မနေ လိုအပ် တယ်ဆိုတာကတော့ ပြောစရာ မလိုတော့ပါဘူး” ဟု ပြောဆိုသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ ၃ ကြိမ်မြောက် လာရောက်ခြင်း ဖြစ်ကာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ အစိုးရတို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ရန် စီးပွားရေး၊ ပြည်သူလူထု ဘဝ နေထိုင်မှု အပါအဝင် ဘက်ပေါင်းစုံမှ ကူညီ ထောက်ပံ့သွားမည် ဆိုသည်ကို ထပ်မံ အတည်ပြုခဲ့ကြောင်း ဆိုသည်။
“ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်း ဖလှယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဂျပန် အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ ပြန်လာနိုင်မှု အခြေအနေ ရှင်း လင်းမှု ပြုလုပ်နိုင်ခဲ့တာကို တန်ဖိုးထားပါတယ်” ဟုလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး ကော့ဆက်ဘဇားမှာရှိတဲ့ မွတ်စလင် ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့သေးသည်။
ဒုက္ခသည် ပြန်လည် လက်ခံရေး ဆွေးနွေးမှုများ မအောင်မြင်ခြင်း၊ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုမှ ပြန်လာမည် ဆိုသည့် တုံ့ပြန်မှုများ၊ အမေရိကန် ပြည်ထောင်စု၏ ဝင်ရောက်စွက်ဖက်လာမှု၊ VOA ရိုဟင်ဂျာ အသံ အစီအစဉ်ဆိုကာ ထုတ်လွှင့်ရန် ပြင်ဆင်လာခြင်း တို့သည် ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားများ တိုးတက်လာခြင်းပင် ဖြစ် ကြောင်း မြန်မာအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“လက်တွေ့မှာလည်း လက်ခံဖို့က မလွယ်ဘူး။ မဖြစ်နိုင်သေးဘူး။ ရခိုင်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ စစ်ပွဲ တွေကလည်း ဖြစ်နေတဲ့အချိန်မှာ ရခိုင်ပြဿနာက ဖိအားတွေ ကြီးနေတဲ့ကာလလို့ ပြောလို့ ရပါတယ်”ဟု ၎င်းက သုံး သပ်သည်။
ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ်၌ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာ တွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာ၏ ဖိအားပေး မှုများကို မြန်မာ အစိုးရ ရင်ဆိုင်နေရလျက် ရှိသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူ လက် မှတ်ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှုများ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ကာ နှောင့်နှေးမှု အတွက် တဖက်နှင့် တဖက် အပြန်အလှန် အပြစ်တင်လျက် ရှိသည်။
ယင်းပြဿနာသည် ခေတ်အဆက်ဆက်က ရှိခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အာဏာရလာချိန် တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးကို နိုင်ငံတကာက ပိုမို ဖိအားပေးလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD သည် ၂၀၁၅ ရွေးကောက်ပွဲကို မဲအပြတ်အသတ် အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်ခဲ့သော်လည်း ၎င်းတို့ ကတိကဝတ်ပြုထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုး ရေးတို့မှာ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိဟု သုံးသပ်နေကြပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကို အစိုးရ လက်အောင်တွင် ထည့်သွင်းနိုင်မှု မရှိခြင်းကလည်း တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စိန်ခေါ်နေသည့် အချက်ဖြစ်ကြောင်း အာဏာရ ပါတီ အသိုင်းအဝိုင်းက ပြောဆိုလေ့ ရှိသည်။
ထို့ကြောင့် ရခိုင်အရေးကို အကြောင်းပြုပြီး တပ်မတော် ခေါင်းဆောင်များကို အမေရိကန် အပါအဝင် အနောက် နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ဆောင်ရွက်သည့်အခါ တိုင်းပြည်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း သတိပေးမှုများလည်း ရှိနေသည်။
ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စု၏ နောက်ဆုံး ကြိုး ပမ်းမှုမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများနှင့် ၎င်းတို့၏ မိသားစုများကိုပါ အမေရိကန် ပြည်ထောင်စုသို့ ခရီး သွားလာခွင့်များ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ဒီမိုကရေစီ မင်းကျင့်တရားနဲ့ ဒေါ်အောင်ဆန်းစုကြည်
သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက် အရွေးခံမည်
ပြည်သူကို ယဉ်ကျေး သိက္ခာရှိစွာ ဆက်ဆံဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး