ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဆောင်ကျဲ ကျေးရွာမှ ဒေါ်နန်ထန် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးနေသော ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည် ဖြစ်ကြောင်း ပြောဆိုသည်။
ရှမ်းပြည်နယ် ကချင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့သည် ကချင် တိုင်းရင်းသူ ဒေါ်နန်ထန် သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး ကော်မရှင်ကို ဖွဲ့စည်း၍ ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။
ထိုအဖွဲ့ ဒေါ်နန်ထန် သေဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းတို့ တွေ့ရှိချက်များအား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ စာပေးပို့၍ အမှုမှန်ပေါ်ပေါက်ရေး တိုင်ကြားသွားမည်ဟု ရန်ကုန်မြို့ House of Orchid Hotel တွင် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောသွားသည်။
ရှမ်းပြည်နယ် ကချင ်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့၏ အမှုမှန်ပေါ်ပေါက်ရေး ကော်မရှင် တာဝန်ခံ ဒေါ်လွမ်းညွယ်က “ကျမတို့ ကော်မရှင် ဖွဲ့ထားတယ် ဆိုတာက အမှုမှန်ပေါ်ပေါက်ရေးပေါ့နော်၊ ဒီအမှုမှန် မပေါ်ပေါက်မချင်းတော့ ကျမတို့ တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်ပေါ့။ နောက်တချက်ကတော့ ကျမတို့ လူ့အခွင့်အရေး ကော်မရှင်ကို မနက်ဖြန် လောက် စာပို့ဖို့ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမယ် စာပို့ပြီးတော့ပေါ့။ လက်ခံ ဖြေရှင်းပေးဖို့လည်း တောင်းဆိုလိုပါတယ်”ဟု ပြောသည်။
ဒေါ်နန်ထန် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လူ့အခွင့်အရေး ကော်မရှင်ထံ စာပို့ တိုင်ကြားခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း အပါအဝင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ ရှေ့နေ၊ လူမှုအဖွဲ့အစည်း၊ တတ်သိပညာရှင်များ ပါဝင်သော လူထုတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်း စသည့် အချက် ၄ ချက်ကို ဆောင်ရွက်မည်ဟုလည်း ဆိုသည်။
ဦးတူးဘူ၏ ဇနီး ဒေါ်နန်ထန် အသက် (၅၁) နှစ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပိန်းပွန်အုပ်စု နမ့်ဆောင်ကျဲ ကျေးရွာတွင် နေထိုင်ပြီး အိမ်ဆိုင်ဖွင့်လှစ် ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူ ဖြစ် ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် ၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် သူ၏ အိမ်ဆိုင်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သိရသည်။
ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး မည်သူ (သို့မဟုတ်) မည်သည့် အဖွဲ့အစည်းက သတ်ဖြတ်သွားသည်ကို ဒေသခံများ အပါအဝင် ကူညီဆောင်ရွက် ပေးနေသူများနှင့် မိသားစုဝင်များက တိတိကျကျ မပြောနိုင်ကြောင်း ပြောဆိုကြသည်။
ဒေါ်နန်ထန် သေဆုံးမှု မျက်မြင်သက်သေဆိုသူ ဒေါ်ဂျာနန်က“မသေခင် ညက အပြင်ဘက်မှာ ခွေးဟောင်လို့ သွား ကြည့် တော့ ယောကျ်ား ၂ ယောက် ရပ်နေတာ တွေ့ရတယ်၊ ဘယ်သူ ဘယ်ဝါဆိုတာတော့ မသဲကွဲဘူး။ ညာဘက်မှာ ဓားကိုင်ထားတယ် တယောက်က။ တယောက်က မိုးပြာရောင် အဝတ်အစားကို ဝတ်ထားတယ်၊ ဘယ်သူ သတ်သွား တယ် ဆိုတာတော့ ထင်မြင်ချက် မပေးလိုဘူး။ စစ်သားတွေ သတ်တယ်၊ ရွာသားတွေ သတ်တယ်၊ ဘယ်အဖွဲ့တွေ သတ်တယ်ဆိုတာ ဘယ်သူ့ကိုမှ ထင်မြင်ချက် မပေးနိုင်ပါဘူး”ဟု ဇူလိုင်လ ၃၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။
ဒေါ်နန်ထန် သေဆုံးသည့် နမ့်ဆောင်ကျဲရွာ အနီးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် တပ်မတော် ခလရ (၂၆၁) တပ်တို့ အခြေပြု လှုပ်ရှား လျက်ရှိ ကြောင်း ဒေသခံများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ပြောဆိုကြသည်။
ဒေါ်နန်ထန် သေဆုံးမှု မျက်မြင်သက်သေဆိုသူ ဒေါ်ဂျာနန်က ဒေါ်နန်ထန် မသေခင် ရှေ့တရက်အလို ဇူလိုင်လ ၃ ရက် က ခလရ(၂၆၁) လှုပ်ရှားတပ်သည် ကျေးရွာတွင်း နဂိုတပ်စွဲထားသော နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး နေ့လယ် ၂ နာရီဝန်းကျင်တွင် တကြိမ်၊ ၄ နာရီ ပတ်ဝန်းကျင် တကြိမ်၊ ည ၈ နာရီဝန်းကျင်တွင် တကြိမ် စုစုပေါင်း ၃ ကြိမ် ဒေါ်နန်ထန် ၏ ဆိုင်သို့ လာရောက်ကာ ဆိုလာပြား ငှားရမ်းခြင်း၊ လက်ကိုင်ဖုန်း ပေါင်နှံခြင်း၊ လက်ဖက်သုပ်၍ ပန်ကန် ပြား ငှားရမ်းသွားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပြောပြသည်။
သေဆုံးသူ ဒေါ်နန်ထန်၏ ညီမဖြစ်သူ ဒေါ်နန်မိုင်က“အာထန် (နန်ထန်ကိုခေါ်ခြင်း) က အရမ်းတော်တယ်၊ မောင်နှမ တွေ ကို ငွေကြေးထောက်ပံ့ ကူညီနေသူဖြစ်တယ်၊ အာထန်ယောကျ်ားက ဆိုင်ကယ် အက်စီးဒင့်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ယိုယွင်းသွားတယ်။ သူ့မှာ သမီး ၂ ယောက်ရှိတယ်။ နမ့်ဖက်ကာမှာနေပြီး အိမ်ဆိုင်လေးဖွင့် မိသားစုကို ရှာဖွေကျွေးနေ တာ။ အခု သူသေဆုံးသွားတော့ ကလေး ၂ ယောက် ပညာရေးကို အရမ်းရင်လေး နေရတယ်။ အမှုမှန်ပေါ်ပေါက် အောင် အားလုံး ဝိုင်းဝန်း ကူညီပေးပါ”ဟု ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဒေါ်နန်ထန်တွင် ၆ တန်းအရွယ် သမီး တဦးနှင့် ၇ တန်းအရွယ် သမီး တဦးတို့ ကျန်ရှိကြောင်းလည်း ဒေါ်နန်မိုင်က ပြောပြသည်။
လက်ရှိတွင် ဒေါ်နန်ထန် သေဆုံးမှုနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲစခန်းတွင် သေမှု သေခင်း ဖြင့် အမှု ဖွင့်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်း စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ အမှုမှန် ပေါ်ပေါက်ရေး ကော်မရှင်က ပြောသည်။
You may also like these stories:
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ
ကွတ်ခိုင်တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွား