မိသားစုတခု၌ အမျိုးသားများအား ဝင်ငွေရှာရန်နှင့် ဦးဆောင်ဦးရွက်ပြုရန် တာဝန်ယူခိုင်းခြင်းက ၎င်းတို့ မထမ်းဆောင် နိုင်သည့်အခါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သုတေသနပြုချက်များ အရ သိရသည်။
ကျား၊ မ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေသော အေးချမ်းမြန်မာ အင်စတီကျူ့ (GDI) နှင့် သာ သည့်မြေဖောင်ဒေးရှင်းက ပြုလုပ်သည့် ကျွနု်ပ်တို့၏ ဖြစ်တည်မှုနှင့် ကျွနု်ပ်တို့၏အမြင်- အမျိုးသားဖြစ်ခြင်းနှင့် ဖိုဆန် ခြင်းအပေါ် အမျိုးသားများ၏ အတွေ့ကြုံနှင့် ထင်ဟပ်ချက်များ ဟူသည့် သုတေသန စာတမ်းတွင် တွေ့ရှိရခြင်း ဖြစ် သည်။
အဆိုပါ သုတေသနစာတမ်း မိတ်ဆက်ပွဲကို ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Goethe Institute Myanmar တွင် ပြုလုပ်ခဲ့သည်။
GDI ၏ နည်းပညာအကြံပေး ဆလိုင်းအောင်လိန်း က “ယောကျ်ားဖြစ်လို့ အိမ်ထောင်ဦးစီး တာဝန်ယူရမယ်။ အိမ် ထောင်ဦးစီး တာဝန်ကို ထမ်းဆောင်နိုင်တဲ့ အချိန်မှာ သူတို့ ကျေနပ်နေတယ်။ ဂုဏ်ယူနေတယ်လို့ ပြောပါတယ်။ သို့ သော်လည်း သူတို့ မနိုင်တဲ့အခါကျရင် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
သုတေသနတွင် ပါဝင်သည့် အမျိုးသားများက အမျိုးသား(ခင်ပွန်း)သည် ဝင်ငွေရှာရမည်ကို လက်ခံထားသကဲ့သို့ အလုပ်ရှိရမည်ဟုလည်း ခံယူထားကြကြောင်း၊ အမျိုးသမီး(ဇနီး)တဦး အလုပ်မရှိသည့်အခါ ပတ်ဝန်းကျင်၏ ပြောဆိုမှု နည်းသော်လည်း အမျိုးသား အလုပ်မရှိသည့်အခါ ဇနီးသည်က လက်ခံလျှင်တောင်မှ ဆွေမျိုး အသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်၏ ဖိအားများရှိကြောင်း ပြောဆိုကြသည် ဟုလည်း ၎င်းက ရှင်းပြသည်။
ဆလိုင်းအောင်လိန်း က “ဒီလို ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတဲ့အခါ ဒုက္ခတွေ ဖိအားတွေများလာပေမယ့် သူတို့က ထုတ် မပြောဘူး။ ယောကျ်ားဆိုတဲ့ မာနကို သူတို့က မချချင်ဘူး။ တခါတလေ သူတို့မှာ မိသားစုကို မလုပ်ကျွေးနိုင်မှာ မကာ ကွယ်နိုင်မှာ အရမ်းကြောက်တယ်။ ဒါပေမယ့် အဲဒါတွေကို မဖော်ပြရဲဘူး။ ဝမ်းနည်းရင်တောင် မငိုပြဘူး။ မိသားစုကို မပြချင်ဘူး။ သူတို့ ခံစားချက်တွေကို သိမ်းထားတတ်တယ်” ဟု ဆိုသည်။
ယင်း သုတေသန စာတမ်းပါ ဖော်ပြချက်များသည် GDI ၏ ရပ်တည်ချက် မဟုတ်ဘဲ တွေ့ရှိချက်များသာ ဖြစ်ကြောင်း လည်း ဆလိုင်းအောင်လိန်းက ရှင်းပြသည်။
သုတေသန စာတမ်း မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ ဒေါက်တာပြည့်ဖြိုးဝေက “ကျား၊ မ မညီမျှမှုကို (Gender Inequality) ကို အမျိုးသားတွေလည်း ခံရတယ်ဆိုတဲ့ သဘောပါပဲ။ တချို့ အိမ်ထောင်တွေမှာ အမျိုးသမီးက ဦး ဆောင်တယ်။ သူတို့အချင်းချင်းလည်း အဆင်ပြေတယ်။ ဒါကို ဘေးပတ်ဝန်းကျင်က ယောကျ်ားပဲ ခေါင်းဆောင်ဖို့ ဝေဖန်လာရင် ခက်ခဲမှုတွေရှိလာတာပေါ့” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက စာတမ်း တွေ့ရှိချက်ဖြစ်ရာ မှန်/မှားကို အလွယ်ဝေဖန်၍ မရကြောင်း၊ စာတမ်းပါ တွေ့ရှိချက်များ မည်မျှခိုင်မာသနည်း၊ စာတမ်းပြုစုသည့်နေရာတွင် ဟာကွက် ရှိသလား၊ အကြံပြုချက်များက လက်တွေ့ ကျမကျ ဖြစ်နိုင်ခြေ ရှိမရှိဆိုသည်ကိုပင် ထောက်ပြပြောပြ၍ ရမည်ဟု မှတ်ချက်ပြုသည်။
အဆိုပါ သုတေသန စာတမ်းကို အမျိုးသားများ အဖြစ် တည်ဆောက်ခံရသော ၎င်းတို့၏ ဘဝဖြစ်တည်မှုနှင့် လုပ်ငန်း ခွင် အတွေ့အကြုံများကို အခြေခံကာ ၎င်းတို့၏ ကျား၊ မ လူမှုအမြင်နှင့် သဘောထား ခံယူချက်များကို လေ့လာရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
ဆလိုင်းအောင်လိန်းက “အကုန်လုံးက အမျိုးသမီး အမျိုးသမီးဖြစ်နေ၊ ပြောနေတဲ့ အချိန်မှာ ကျနော်တို့က အမျိုးသား အကြောင်း ပြောရတာ အတော်လေး ကြောက်ပါတယ်။ ဒါပေမယ့်လည်း ဂျန်ဒါလို့ ပြောတဲ့အခါ Feminism လို့ပြောတဲ့ အခါ အမျိုးသား ပါဝင်မှု အရမ်းနည်းတယ်။ Feminism ဆို လူတွေမပြောရဲ မဆိုရဲတဲ့ စကားလုံးလို ဖြစ်နေတယ်။ အမျိုး သားတွေက ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာကို နားလည်ချင်တာ။ သူတို့ ဘယ်လိုတွေးသလဲ သိခြင်းအားဖြင့် ဂျန်ဒါ လုပ် တဲ့အခါ အမျိုးသားတွေကို ဘယ်လို ချဉ်းကပ်လို့ရမလဲဆိုတာကို သိချင်တဲ့အတွက် လုပ်တာပါ” ဟု ရှင်းပြသည်။
ယင်း သုတေသန စာတမ်းအတွက် အချိန် တနှစ်ခန့်ယူခဲ့ပြီး အချက်အလက်များ ရယူနိုင်ရန် အပြန်အလှန် ဆွေးနွေး ဝိုင်း နည်းလမ်းကို အသုံးပြုခဲ့ကြောင်း သိရသည်။
ဆွေးနွေးသူများထဲတွင် နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီများတွင် ပါဝင် လှုပ်ရှားဆောင်ရွက်နေသူ၊ သတင်း မီဒီယာ နယ် ပယ်မှ ပုဂ္ဂိုလ်များ၊ စာပေ/ပန်းချီ/ရုပ်ရှင်နှင့် အခြားအနုပညာရှင်များ၊ ကိုယ်ပိုင် စီးပွားရေးသမားနှင့် အခြေခံ အလုပ် သမားများ၊ NGO ဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား စုစုပေါင်း ၁၄၇ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
ပါဝင် ဆွေးနွေးသူ အားလုံးမှာ အမျိုးသားများဖြစ်ပြီး ရန်ကုန်မြို့ပေါ်တွင် လက်ရှိ နေထိုင်သူများဖြစ်ပြီး ယင်းတို့အနက် ရန်ကုန်သား ၅၀ ရာခိုင်နှုန်းနှင့် နယ်မှ ရန်ကုန်တွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေထိုင်သူ ၅၀ ရာခိုင်နှုန်း ပါဝင်ကြောင်း တွေ့ရှိရသည်။
အမျိုးသားတို့ မိမိကိုယ်ကိုယ် ဘယ်လိုမြင်ပါသလဲ၊ မိမိကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ကြသလဲ၊ အမျိုးသားများ ဖြစ်စေချင်သော တန်းတူညီမျှရေး လှုပ်ရှားမှု ဟူ၍ အပိုင်း ၃ ပိုင်းကို အဓိက လေ့လာခဲ့ကြောင်း သုတေသနပြုသူများ က ရှင်းပြသည်။
GDI ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်လဖိုင်ဂျာရာက “ဒီစာတမ်းထဲမှာ ကျမတို့ ထင်မြင်တာမဟုတ်ဘဲနဲ့ အမှန်တကယ် အားကြီးသူများလို့ ကျမတို့ သတ်မှတ်ကြတဲ့ အမျိုး သားတွေရဲ့ အားနည်းမှုတွေ သူတို့ဘာသာ သူတို့ ဖော်ပြကြတာ ကိုလည်း တွေ့ရသလို အားနွဲ့ပါတယ်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ခြိမ်းခြောက်နိုင်မှုတွေ အများကြီးကိုလည်း ဖော်ပြကြတာ တွေ့ရပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ယခု စာတမ်းမှတဆင့် အမျိုးသားတို့၏ အမြင်နှင့် သုံးသပ်ချက်များကို နားထောင်ပြီးသည့်အခါ အမှန်တကယ်လိုအပ်သည့် ကျား၊ မ တန်းတူညီမျှရေး (Gender Equality) ကို မည်သို့ မည်ပုံ ချဉ်းကပ်သင့်သလဲ ဆိုသည်ကို သိရှိလာမည် ဟုလည်း ဆိုသည်။
“တခါတခါ ကျမတို့ Gender Equality ရဲ့အောက်မှာ အမျိုးသမီးတွေကို အများကြီး တွန်းအားပေးရင်းနဲ့ စွမ်းဆောင် ရည် ရှိလာအောင် ထက်မြက်တဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့ လုပ်နေရင်းနဲ့ သူတို့တွေရဲ့ ထက်မြက်မှုတွေဟာ တစုံတဦး အတွက် ထိရှမှုတွေ ထိခိုက်မလားဆိုတဲ့ အများကြီး ပြန်စဉ်စားစရာဖြစ်မယ့် သုတေသန ဖြစ်မယ်လို့ မြင်ပါတယ်” ဟု ဒေါ်လဖိုင်ဂျာရာက ပြောသည်။
ထိုသုတေသန စာတမ်းတွင် ယောကျ်ားဖြစ်ခြင်းသည် အမျိုးသားများ အတွက် ဂုဏ်ယူ ကျေနပ်စရာဖြစ်ကြောင်း၊ ယော ကျ်ားဖြစ်ခြင်းကြောင့် လူမှုအသိုင်းအဝိုင်းက ပေးအပ်တောင်းဆိုသော ဖိုဆန်ခြင်း လက္ခဏာများကိုပါ လွယ်လင့်တကူ လက်ခံပြုမိရက်သား ဖြစ်ကာ ထိုအရာများကိုလည်း အနည်းနှင့်အများ ကျေနပ်နှစ်သက်မှု ရှိကြောင်း ဖော်ပြထားသည်။
မိသားစုနှင့် ပတ်ဝန်းကျင်သည် အမျိုးသားတဦးအား အမျိုးသား ဖြစ်ခြင်းထဲသို့ ပုံသွင်းပေးသူများ ဖြစ်သည်ဟုလည်း ဆိုထားသည်။
အမျိုးသမီးများသာ အကြမ်းဖက်ခံရသည်မဟုတ် အမျိုးသားများလည်း အကြမ်းဖက်ခံရကြောင်း၊ သို့သော် အမျိုးသား များ အကြမ်းဖက်ခံရခြင်းများကိုမူ လူမှုအသိုင်းအဝိုင်းက အများအားဖြင့် အသိအမှတ်ပြုမှု နည်းပါးပြီး လွယ်လင့်တကူ လျစ်လျူရှုတတ်ကြသည်ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။
ကျား၊ မ တန်းတူညီမျှရေး အသိအမြင် သဘောတရာများ ရှိသော်လည်း လက်တွေ့ဘဝတွင် ကျင့်သုံးသည့်အခါ လူမှု အဖွဲ့အစည်း၏ သမားရိုးကျ တောင်းဆိုသတ်မှတ်ချက်များကို ကျော်လွန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျား/မ တန်း တူညီ မျှရေးကို လက်ခံသော်လည်း ၃၀ ရာခိုင်နှုန်း ခွဲတမ်းစနစ်ကို လက်ခံရန်ခက်ခဲသည်ဟုလည်း ဆွေးနွေးထားကြသည်။
စာတမ်း၏ နောက်ဆုံးအပိုင်းတွင် အကြံပြုချက်နှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အချက် ၇ ချက်ကို ဖော်ပြကာ အဆုံးသတ်ထားသည်။
ယခု လေ့လာသည့် ရည်ရွယ်ချက်များနှင့် ထပ်တူညှိနှိုင်းကာ အမျိုးသမီများ၏ အမျိုးသမီးဖြစ်ခြင်းနှင့် မဆန်ခြင်း ဆိုင်ရာ တည်ဆောက်မှုများကိုလည်း ဆက်လက် လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
You may also like these stories:
အမျိုးသားများ အမျိုးသမီးများကို လေးစားရန် ကျန်းမာရေးဝန်ကြီး ပြောကြား
အင်ဒိုနီးရှားနိုင်ငံဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုနှင့် ကျားမရေးရာ အခန်းကဏ္ဍ