ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို ငွေကျပ် သိန်းပေါင်း ၁၂၀၀၀ ကျော် လာဘ်စားမှုဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်နေသည့် အေဂျင်စီ ၃၂ ခုက တိုင်ကြားမှုအပေါ် အဂတိ ကော်မရှင်မှ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက “ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလို့ မရပါဘူး။ တိုင်တဲ့သူမေးမှ ကျနော်တို့က ဖြေလို့ရ တာပါ”ဟု ပြောသည်။
မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် အဂတိလိုက်စားသည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့တွင် အလုပ်သမား စေလွှတ်သော အေဂျင်စီကုမ္ပဏီ ၃၂ ခုက နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားစာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ မေ ၁၇ ရက်နေ့ တွင်လည်းကောင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၁၆ ရက်နေ့နှင့် ရန်ကုန်မြို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ မေ ၂၄ ရက်မှ ၂၈ ရက်နေ့ တွင်လည်းကောင်း တိုင်ကြားသူများအနက်မှ ကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးကို သက်ဆိုင်ရာဌာန အလိုက် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။
မြန်မာအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကလည်း “တာဝန်ရှိတဲ့သူအားလုံးက လိုအပ်တာတွေ အားလုံး စစ်ပြီးသွားပြီ။ ကျနော် တာဝန်ယူတဲ့ တဆက်မှာ သံအရာရှိ ၅ ယောက်ရှိတာ ၅ ယောက်လုံးကို စစ်ဆေးပြီးပြီ။ ရုံး တရုံးလုံးလည်း စစ်ပြီးသွားပြီ။ စာရွက်စာတမ်းတွေလည်း စစ်ပြီးသွားပြီ။ ရုံးမှာရှိတဲ့ CCTV လည်း စစ်ပြီးသွားပြီ။ ဆုံးဖြတ်ချက် ချတာကတော့ တာဝန်ရှိတဲ့သူတွေက ဆုံးဖြတ်ချက်ချမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော် ထွေးက “ကျနော်တို့ ကော်မတီက သဘောထား မှတ်ချက်နဲ့ အဂတိကို ပို့ထားတယ်။ အဂတိက ဘာမှ အကြောင်း မပြန်သေးဘူး။ တွေ့ရှိချက်ကို မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်- MOEAF ကိုမေးလိုက်ပါ။ ကျနော်စာနဲ့ တရားဝင်အကြောင်းပြန်ထား ပါတယ်”ဟု ပြောသည်။
ထို MOEAF သို့ လူဝင်မှုကြီးကြပ်ရေးမှ ပေးပို့ထားသော စာတွင် ထိုအမှုသည် အဂတိမှုမြောက်သည်ဟု အဂတိရုံး သို့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးပို့ထားကြောင်း ထိုစာအား လက်ခံရရှိထားသည့် အေဂျင်စီ တခု မှ တာဝန်ရှိသူက ဆိုသည်။
အေဂျင်စီများ အနေဖြင့် ဦးစန်းမောင်ဦးအား ပြစ်ဒဏ်ကျစေလိုသည့် ရည်ရွယ်ချက်ဖြင့် တိုင်ကြားခြင်းမဟုတ် ကြောင်း၊ ၎င်း၏လက်ထက်တွင် ရှိနေသည့် အဂတိမှုများကို နောက်ထပ် လာမည့် သံအရာရှိက လက်လွှဲယူသွား မည်ကို စိုးရိမ်သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်နေသည့် အေဂျင်စီတခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက နိုင်ငံတော်အနေဖြင့်လည်း အခွန်ဘဏ္ဍာ ဆုံးရှုံးရသကဲ့သို့ ပုံမှန်လမ်းကြောင်းမှ သွားနေသည့် အေဂျင်စီ များ အနေဖြင့်လည်း လုပ်သားရရှိမှု ရပ်ဆိုင်းသွားရပြီး အလုပ်သမားများ အနေဖြင့်လည်း ငွေကြေးပိုပေးရသည့် နစ်နာမှုများ ရှိနေသည့် အတွက် တိုင်ကြားရခြင်းဖြစ်သည်ဟု ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် မြန်မာသံအရာရှိများသည် သက်တမ်း ၁ နှစ်သာ တာဝန်ထမ်းဆောင်ကြရရာ ဦးစန်းမောင်ဦး တာဝန်ထမ်းဆောင်နေသည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ် အတွင်း အေဂျင်စီများ အနေဖြင့် အလုပ်အကိုင်များ ရပ်ဆိုင်းရသည်အထိ ဖြစ်ရသည်ဟု သိရသည်။
တိုင်ကြားထားသည့်အေဂျင်စီ တခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူက “သူရဲ့သံအရာရှိသက်တမ်းမှာ အေဂျင်စီကနေ MoU နဲ့ ပို့လို့ ထိုင်းကို ထွက်သွားတဲ့ အလုပ်သမား နှစ်သိန်းခွဲ နီးပါးရှိတယ်။ အဲဒါနဲ့ ဘတ် ၁၀၀ နဲ့မြှောက်ရင် ဘတ် ၂.၅ သန်း၊ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် လာဘ်ယူထားတာပေါ့” ဟု ရှင်းပြသည်။
ထိုင်းသို့ MOU စနစ်ဖြင့် ပို့ဆောင်သော အလုပ်သမားတဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ မဖြစ်မနေပေးရပြီး အလျင်လိုပါက ဘတ် ၅၀၀ အထိ ပေးနေကြရကြောင်း၊ Demand Letter အတွက် လူတဦးလျှင် ဘတ်ငွေ ၃၆၀၀ ပေးပါက အချိန် ၂ လမှ ၃ လအထိ ကြာမြင့်ပြီး အမြန်ရလိုပါက ဘတ် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ပေးကြရကြောင်း သိရသည်။
ထို့အပြင် blacklist သွင်းခံထားရသည့် ထိုင်းအေဂျင်စီစာရင်းကို နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန မပို့ဘဲ ဦးစန်းမောင်ဦး၏ ရုံးခန်းအတွင်းရှိ ဝှိုက်ဘုတ်တွင် ရေးသားထားကြောင်း၊ ထိုကိစ္စကို ထိုင်းအေဂျင်စီများ က ကြောက်ကြသဖြင့် လာဘ်ငွေပေးရကြောင်းလည်း အေဂျင်စီများဘက်က စွပ်စွဲ ပြောကြားမှုများ ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ထိုင်းရောက် မြန်မာ အလုပ်သမားများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်
ထိုင်းမှာ CI စာအုပ် လုပ်ရင်း ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာတွေ